>Thet Mon Myint and a minor accident

>

သက်မွန်မြင့် မျက်နှာတွင် ဒဏ်ရာ အနည်းငယ်ရ
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၁၉၊ ၂၀၀၉

မင်းသမီး သက်မွန်မြင့် (ဓာတ်ပုံ- ဟန်သစ်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၃)


မင်းသမီး သက်မွန်မြင့်သည် ဗီဒီယို ရိုက်ကူးစဉ် မျက်နှာတွင် ဒဏ်ရာ အနည်းငယ်ရသွားကြောင်း ယနေ့ထုတ် သစ္စာဂျာနယ်တွင် ရေးထားသည်။

“သေနတ်ကျဉ်ဆံတွေ ကြားက ဖြတ်ပြေးတဲ့ အခန်း ရိုက်တာ သက်မွန်မြင့် မျက်နှာ နည်းနည်း ထိသွားတယ်။ ထိသွားတယ် ဆိုပေမယ့် မဆိုစလောက် စပါးလုံး တစ်ထောက်စာကလေးပါ” ဟု ဒါရိုက်တာ တင်သန်းဦးက ရန်ကုန်အခြေစိုက် သစ္စာဂျာနယ်ကို ပြောသည်။

ဒဏ်ရာမှာ သေးငယ်သော်လည်း အရေးကြီးသည်ဟု တပ်မတော်အရာရှိတဦးလည်း ဖြစ်သူ ဒါရိုက်တာ တင်သန်းဦးက ပြောသည်။

“မင်းသမီးတယောက်အတွက်ကလည်း မျက်နှာက သိပ်အရေးကြီးတယ် ဆိုတော့ ညှော်တွေ ဘာတွေ ၀င်သွားရင် သေးသေးလေးကနေ အကြီးကြီး ဖြစ်သွားနိုင်တယ်လေ။ အဲဒါနဲ့ သူ့ကို ပါလာတဲ့ ဆေးအဖွဲ့နဲ့ပဲ ဆေးကုသပေးခဲ့ရပါတယ်” ဟု ဒါရိုက်တာက ရှင်းပြသည်။

သက်မွန်မြင့် ရိုက်ကူးနေသော ဇာတ်ကားသည် တပ်မတော်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဇာတ်ကား ဖြစ်ပြီး အရုဏ်ဦးမှာ ဖူးသည့်ကြာ ဟု အမည်ပေးထားသည်။ ထိုသို့သော ဇာတ်ကားမျိုးကို အရပ်သားများက ပေါ်လစီကား ဟု ခေါ်ပြီး နိုင်ငံတော်ကား၊ အကျိုးပြုကားဟုလည်း ခေါ်ကြသည်။ ထိုသို့သော ၀ါဒဖြန့် ဇာတ်လမ်းများတွင် ပါဝင်ကူညီပါက အကယ်ဒမီဆု ခေါ် ရုပ်ရှင်ထူးချွန်ဆု ရရှိရန် အထောက်အကူ များစွာပြုသည်ဟု အများက ယုံကြည်ကြသည်။

အရုဏ်ဦးမှာ ဖူးသည့်ကြာ ရိုက်ကူးရာတွင် တပ်မတော်သားတဦးလည်း မီးလောင်ခံရသဖြင့် ဆေးရုံပို့လိုက်ရသည်ဟု ဆိုသည်။

ရှေ့လအတွင်း ရုပ်မြင်သံကြားဌာနများက ထုတ်လွှင့်မည့် ထိုဝါဒဖြန့်ဇာတ်ကားတွင် ပရိသတ်အကြိုက် သရုပ်ဆောင်အများအပြားကို ထုံးစံအတိုင်း ထည့်သုံးထားသည်။ ထို့ကြောင့် တီဗွီကြည့် ပရိသတ်များက ၎င်းတို့ ချစ်ခင် နှစ်သက်သည့် သရုပ်ဆောင်များစွာ ပါဝင်သည့် ဇာတ်ကားတခုကို အခမဲ့ ကြည့်ရှုနိုင်သည့် အခွင့်အရေး ရမည်ဖြစ်သည်။

“ဒီဇာတ်ကားမှာ မြန်မာနိုင်ငံ သမိုင်းကြောင်း ပါမယ်၊ တိုက်ပွဲဖြစ်တဲ့အခန်းတွေ ပါမယ်။ စစ်ကားကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်အတွက် ဇာတ်ကားကောင်းတကား ဖြစ်မှာပါ” ဟု ဒါရိုက်တာ တင်သန်းဦးက အာမခံလိုက်သည်။

ဝါဒဖြန့် ဇာတ်ကားများတွင် တပ်မတော်အစိုးရသည် ပြည်သူလူထုကို ချစ်ခင်သော အစိုးရအဖြစ် ပုံဖော်ထားသည်။ ထိုဇာတ်လမ်းမျိုးတွင် ရှေ့တန်းစစ်မြေပြင် ရိုက်ကွင်းများ ပါဝင်တတ်သော်လည်း တပ်မတော်သားများက အရပ်သားများကို ခိုင်းစေခြင်း၊ နည်းမျိုးစုံ အနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်မျိုးစုံကို အတင်းအကျပ် ချောဆွဲခြင်း စသည့်ဖြစ်ရပ်များကို တွေ့နိုင်မည် မဟုတ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts