>Khet Mar, Than Htay Maung – My Spring Home

>

“ကျမ၏ နွေဦး” နဲ့ သရုပ်ဖော်ထားတဲ့ “ကျမတို့ အိမ်”

ခက်မာ နဲ့ ပန်းချီ သန်းဌေးမောင်

သရုပ်ဖော် အက်ဆေး

အောက်တိုဘာ ၁၈၊ ၂၀၀၉

( ဒီအက်ဆေးနဲ့ ပန်းချီချယ်ထားတဲ့ အိမ်က ပစ္စဘတ်မှာရှိတဲ့ ဒုက္ခသည်တို့နားခိုရာမြို့တော် အနုပညာပရောဂျက်ရဲ့ အနုပညာဈန်ဝင်စားမှု တတိယမြောက်လက်ရာ (တတိယမြောက်အိမ်) ဖြစ်တယ်။ မလွတ်လပ်တဲ့အရပ်က အနုပညာသည်တွေကို ဧည့်စာရေးဆရာအဖြစ် ဖိတ်ကြားပြီး အတားအဆီးမဲ့ ဖန်ဆင်းမှု ပြုခွင့်ပေးထားတယ်။ စာရေးဆရာက အက်ဆေး တပုဒ်ရေးတယ်။ သူ့အိမ်သား ပန်းချီဆရာက အဲသည်အက်ဆေးနဲ့ သူတို့အိမ်ကို သရုပ်ဖော် ချယ်မှုန်းနေလေရဲ့။ အဲသည် အက်ဆေးနဲ့ အဲသည် ပန်းချီဆွဲထားတဲ့ အိမ်ကို မိုးမခချစ်သူတွေကို ခံစားနိုင်ဖို့ တဆင့် ပြန်လည် တင်ဆက်လိုက်ပါတယ် – မိုးမခ)

ကျမတို့တတွေကို ကြိုဆိုသောအားဖြင့် မြို့တော် ပစ္စဘတ်မှာ ကြယ၊် လ၊ နက္ခတ်တာရာတွေ စုံလင်နေလေသလား။ ဆမ်ပ်ဆိုးနီးယားလမ်းမှာ ပန်းတွေ ပိုပွင့်နေခဲ့တာ လေလား။ တကယ်ပင် ပန်းစုံပွင့်သော နွေဦးက ကျမတို့ကို ကြိုဆိုခဲ့ပါသည်။

ပုထုဇဉ်မို့ သောကတို့ မပြယ်လွင့်သေးသော်လည်း ဒုက္ခတောမှ အခိုက်အတန့် လွတ်မြောက်ခွင့်ရသော ပစ္စဘတ်တွင် နေရစဉ် ကာလအတွင်း ပန်းစုံသောနွေဦးတွင် ပန်းဖူးတွေ ထပ်တိုးစေဖို့ ကျမ ပန်းပင်တွေ ပျိုးခဲ့သည်။

ပန်းအိုးမှာ ပန်းတွေထိုးပြီး ဆုတောင်းခဲ့သည်။ ကျမကဲ့သို့ ဒုက္ခတောမှ အခိုက်အတံ့ပင် မလွတ်မြောက်နိုင်သေးသော သူများအတွက် ဆုတောင်းပေးဖို့လည်း မမေ့ခဲ့ပါ။

ကျမပျိုးခဲ့သော ပန်းပင်များမှ ရဲရဲနီစွေးသော ဆေလ်ဗီးယာပန်းများ စတင်ပွင့်ခဲ့သောညတွင် ကျမ မက်သည့် အိပ်မက်ကတော့ အဖြူရောင် ဖြစ်သည်။ ကမ္ဘာကြီးကို ပကတိအတိုင်း မြင့််ခွင့်မရအောင် ဘာနှင့်မှ ကာဆီးမထားသော ပစ္စဘတ်၏ မမှောင်မိုက်သောညတွင် လူပါမက အိပ်မက်ကပါ လွတ်မြောက်နေလေသည်။

သစ်ပင်၊ တောတောင်၊ စက်တပ်ယာဉ်၊ အဆောက်အဦနှ့င် သက်ရှိသတ္တ၀ါများ အပါအ၀င် ကောင်းကင်နှင့် သမုဒ္ဓရာကပါ ဖွေးဖွေးဖြူနေသော အိပ်မက်၏ လွတ်မြောက်မှုက ကျမကို ပြင်းပြင်းထန်ထန် ညှို့ငင်လေသည်။

အိပ်မက်ထဲတွင် ကျမအပါအ၀င် လူများ၊ အရာဝတ္ထုများ အားလုံး ဘယ်ဆီဘယ်ဝယ်မှန်း မသိသော တနေရာစီ လွင့်မျောနေကြသည်။

ထိုဦးတည်ရာမဲ့မှုသည် ကျမအား တုန်လှုပ် ချောက်ခြားခြင်းနှင့် အတူ စူးစမ်း မျှော်လင့်ခြင်းများကိုပါ ခံစားရစေ၏။

လွင့်မျောနေစဉ်ကာလအတွင်း ဘာသာစကား မတူသော ညည်းညူ ဟစ်ကြွေးသံများကိုလည်း ကြားနေရသည်။

ဘယ်နေရာဆီကမှန်း မသိသော ဝင်းပ အေးမြသည့် အလင်းတန်းများကိုလည်း အသိစိတ်နှင့် ခံစားရခဲ့သေးသည်။

လွင့်မျောနေသမျှ လူသားတိုင်းက အဖြူရောင်ချည်းမို့ ကျမသိကျွမ်းသည့် တစုံတစ်ယောက်ကို ရှာဖွေဖို့ ခက်ခဲလှပြီး ထိုခက်ခဲလှသော ရွေးချယ် ရှာဖွေမှုကပင် လူသားအားလုံး အတူတူပဲဆိုသည့် အသိကို ပေးခဲ့ပြန်သည်။

အိပ်မက်ထဲမှ လွင့်မျောမှုများကို ကျမ မရပ်တန့်နိုင်ခဲ့ပါ။ သို့သော် ထိုလူများ အရာဝတ္ထုများ၏ အစိတ်အပိုင်းအဖြစ် ကျမ ရှိနေခဲ့ပါသည်။

လက်တွေ့ဘ၀တွင် အဖြစ်အပျက်များ၏ အဆုံးကို ကြိုတင် မျှော်ကြည့်လို့ မရသလို အိပ်မက်ထဲရှိ လွင့်မျောမှုများ၏ အဆုံးကို မရောက်မီ ကျမ အိပ်ရာမှ နိုးခဲ့သည်။

နိုးထချိန်တွင် ပထမဆုံး ကြားရတာက ကျေးငှက်ကလေးများ၏ တေးဆိုသံတွေ ဖြစ်သည်။

ပြတင်းတံခါးကို ဖွင့်လိုက်တော့ ပန်းရနံ့တွေ မွှေးနေသော အေးမြသည့် လေညှင်းက နှုတ်ဆက်သည်။

နွေးထွေးနေသော နေခြည်အောက်ရှိ ကျမတို့ ခိုလှုံရာ ဗိမာန်လေး ပတ်ဝန်းကျင်မှာတော့ ပန်းတွေ ပွင့် ဝေ နေဆဲဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts