>Myanmar ICT Expo in the photos

>

မြန်မာ့ သတင်း အချက်အလက်နှင့် နည်းပညာ ပြပွဲ ၂၀၀၉ မြင်ကွင်း

မိုးမခ အထောက်တော်၊ရန်ကုန်

အောက်တိုဘာ ၁၆၊၂၀၀၉

ရန်ကုန်တွင် တနှစ် ၃ကြိမ်ထက်မနည်း ကျင်းပလေ့ရှိသော မြန်မာ့ သတင်းအချက်အလက် နှင့်နည်းပညာ ပြပွဲများထဲမှ တခုကို တပ်မတော်ခန်းမတွင် ယနေ့မှ စပြီးလာမည့် ၁၈ရက်နေ့ထိ ကျင်းပလျက်ရှိသည်။ နည်းပညာ ပြပွဲများ ကျင်းပသည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ကွန်ပျူတာ၊ အင်တာနက်၊ ဆော့ဖ်ဝဲ ဟဒ်ဝဲနည်းပညာများ တိုးတက် ခေတ်စားစေရန်ထက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာ့ သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးရေး ကော်မတီစသည့် အဖွဲ့အစည်းများ ရံပုံငွေရရှိစေရန်မှာ ပိုအရေးကြီးသည့် သဘောဖြစ်သည်ကို တွေ့ရသည်။

(အေစာကွန်ပျူတာ ပြခန်း)

အဘယ်ကြောင့်ဆိုသော် တနှစ်ထက်တနှစ် ဆိုင်ခန်းငှားခဈေးနှုန်းကြီးမြင့်လာသည်ဟု ကွန်ပျူတာ ပစ္စည်းရောင်းသည့် လုပ်ငန်းရှင်များက ညည်းကြသည်။ ဆိုင်ခန်းခကို ဒေါ်လာဖြင့် သတ်မှတ်ထားပြီး အနေအထား အားဖြင့် အချက်အချာမကျသည့် ၉ပေ မျက်နှာစာရှိသည့် ဆိုင်ခန်း တခန်းကို ဒေါ်လာ ၉၀၀ သတ်မှတ်ထားသည် ကိုတွေ့ရသည်။ ခန်းမထဲတွင် အချက်အချာကျသည့် ဆိုင်ခန်းတွဲများဆိုလျင် ဒေါ်လာ တသောင်း၊ တသောင်းခွဲ ၀န်းကျင်အထိ ဈေးပြိုင်ပေးငှားရမ်းကြရသည်ဟု ကြားသိရသည်။

မြန်မာကွန်ပျူတာသုံးစွဲသူတို့ ရွေးချယ်စရာ နုတ်ဘွတ်ကွန်ပျူတာများ

ဆိုင်ခန်းခ ဈေးကြီးသည့် အချက်၏ အခြားတွင်မူ ယခုနှစ်ပြပွဲသည် နုတ်ဘွတ်ကွန်ပျူတာ ပြပွဲဟု ဆိုရမလောက် ဂျပန်ကျ နုတ်ဘွတ်၊ စင်္ကာပူမှ တင်သွင်းသည့် နုတ်ဘွတ်၊ ထိုင်းမှတင်သွင်းသည့်နုတ်ဘွတ် အမေရိကန်ဈေးကွက်မှ တင်သွင်းသည့် နုတ်ဘွတ်၊ မြန်မာပြည်တွင် တပ်ဆင်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တပ်သည့် နုတ်ဘွတ် အသီးသီး မျိုးစားစုံလင်လှသည်ကို တွေ့ရသည်။ နုတ်ဘွတ်အပြင် ယခုနှစ်ပိုင်း ခေတ်စားလာသည့် နက်ဘွတ်ခေါ် နုတ်ဘွတ် အသေးစားများလည်း ဈေးကွက်တွင် စိတ်ဝင်စားမှုခံယူ ရနေသည်ကို တွေ့ရသည်။

ပရိုလင့်ခ်ကွန်ပျူတာ ပြခန်း

နုတ်ဘွတ် အသစ် တလုံးကို ဈေးအနိမ့်ဆုံး အနေဖြင့် ကျပ် ၄သိန်း ၉သောင်းဝန်းကျင်မှ စတင်ပြီး အမြင့်ဆုံး ၁၂သိန်း ၁၃သိန်း စသဖြင့်ရောင်းချကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံဈေးကွက်တွင် အခြားနိုင်ငံများတွင် မတွေ့ရသည့် Hasee, Suzuki, Prolink တို့လို အမှတ်တံဆိပ်တွေလည်း တွေ့ရသည်။ နိုင်ငံငယ်များ၏ ဈေးကွက်တွင် နေရာယူဖို့ကြိုးစားသည့် နုတ်ဘွတ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၏ နည်းနာလားတော့ မပြောတတ်ပါ။

တိုရှိဘာကွန်ပျူတာပြခန်းမှာ အရောင်းမြှင့်တင်နေပုံ

၅ထောင်တန် ထွက်ရှိပြီး နှစ်ပတ်ကျော်အကြာတွင် ပြုလုပ်သည့် မြန်မာအိုင်စီတီ နည်းပညာပြပွဲကို ရန်ကုန်မြို့မှ ကွန်ပျူတာ နည်းပညာစိတ်ဝင်စားသူ လူငယ်လူလတ် လူကြီးများလာရောက်ကြည့် ရှုနေကြသည်ကို ပထမနေ့တွင် တွေ့မြင်နေရသည်။ ပစ္စည်းရောင်းသည့် ဆိုင်များအနေဖြင့်တော့ ဆိုင်ခန်းခကို ကြေမလား၊ အကျိုးအမြတ်ရှိမည်လားတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ (ဓာတ်ပုံ – မိုးမခ)

ဂျပန်က တပတ်ရစ်ကွန်ပျူတာ ပြခန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts