>Dala Township news 02

>

သည်းထန်သောမိုးနှင့် ဒီရေသတင်း ထုတ်ပြန်ချက်ကြောင့် ဒလမြို့ခံများ ထိတ်လန့်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၅၊ ၂ဝဝ၉

ဒလမြို့နယ် မြင်ကွင်းတခု (ဓာတ်ပုံများ-မိုးမခ)


မုန်တိုင်းနှင့် ဒီရေတက်မည် ဆိုသော ကောလာဟလများကြောင့် ဒလမြို့နယ်အတွင်း နေထိုင်သူများ အထိတ်တလန့် ဖြစ်နေကြသည်။

အောက်တိုဘာ ၁၃ ရက်က လေပြင်းနှင့်အတူ သည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့် ဒလမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့ ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ တက်မည် ဆိုသော သတင်းထုတ်ပြန်ချက်ကြောင့် ဒလမြို့နေသူများ ပိုမို အထိတ်ထလန့် ဖြစ်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် မုန်တိုင်း ၀င်ရောက်မည် ဆိုသော သတင်း ပျံ့နှံ့ခဲ့သည်။

အောက်တိုဘာ ၁၇ မှ ၂၁ အတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀.၁ ပေ မှ ၂၀.၇ ပေအထိတက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံရေစစ်မျဉ်း ဆိုသည်မှာ ရန်ကုန်မြစ်အတွင်း ရေအကျဆုံးအချိန်၌ ကျန်ရှိနေသောရေမှတ်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းရေအမှတ်မှာ ရာသီဥတုနှင့် မြစ်ကြောင်း ပြောင်းလဲမှုအပေါ် မူတည်ပြီး မြစ်ကြမ်းပြင်မှ ၁၃ ပေ ၀န်းကျင်ခန့် ရှိတတ်ပြီး ၎င်းအမြင့်ပေ အထက် ပေ ၂၀ ကျော် တက်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မြစ်ကြမ်းပြင်မှ စုစုပေါင်း ၃၃ ပေ ၀န်းကျင် မြင့်တက်လာနိုင်သည့် သဘော ဖြစ်သည်။

သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့်လည်းကောင်း၊ ဒီရေ သတိပေးချက် ထုတ်ပြန်ချက်ကို လွဲမှားစွာ နားလည်ခြင်းကြောင့် လည်းကောင်း လူအများ အထိတ်တလန့် ဖြစ်ခဲ့သည်။

ဒလမြို့၊ အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ငါးဆယ်ကျော် အမျိုးသား တစ်ဦးက “ဗီယက်နမ်တို့ ဖိလစ်ပိုင်တို့မှာ မုန်တိုင်းတိုက်တာတို့ ရေကြီးတာတို့ အကြောင်းတွေကို နိုင်ငံတကာ သတင်းတွေမှာတွေ့နေရတော့ လူတွေက ကြောက်လန့်ပြီး တို့နိုင်ငံဘက်ကို ရွေ့လာတယ် ဘာညာ လို့လည်း ပြောနေကြတယ်” ဟု ပြောပြသည်။

မိဘ တချို့က ကျောင်းတက်နေသော ၎င်းတို့၏သားသမီးများကို စောစော ကြိုကြသည်။ ရန်ကုန်ဘက်ကမ်းသို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်သူတချို့ကလည်း နေ့လည်ဘက် ကတည်းက အိမ်ပြန်ကြကြောင်း တွေ့ရသည်။

ဒလမြို့နယ် သင်္ဘောဆိပ်

ဒလမြို့အတွင်း ဈေးရောင်းသူတွေ၊ ဆိုက်ကားသမားများကလည်း မုန်တိုင်းနှင့်ဒီရေတက်မည်၊ တချို့ကလည်း စီးတီးအက်ဖ်အမ်မှ မုန်တိုင်းလာမည်ဟု ကြောငြာသည်ဟု ပြောနေကြသည်။

ဒလမြို့နယ် စက်မြေရပ်ကွက်အတွင်း နေထိုင်သူ စက်တပ်လှေပိုင်ရှင်တစ်ဦးက `နာဂစ်တုန်းက ခံထားရတော့ လူတွေကကြောက်နေကြပြီ။ ဖြစ်သွားပြီးတော့လည်း ဘယ်သူမှ ထိထိရောက်ရောက် လာကူတာ၊ ကယ်တာမရှိတော့ နောက်တစ်ခေါက်လာရင် ဆိုတဲ့ အတွေးနဲ့ တစ်ယောက်စကား တစ်ယောက်နားနဲ့ အထိတ်တလန့်ဖြစ်ကုန်တာပဲ´ ဟု သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များတွင် လူအများ နားလည်နိုင်မည့် အသုံးအနှုန်းများ မပါဝင်ခြင်း ကြောင့်လည်း အထင်အမြင် မှားခြင်း ဖြစ်နိုင်ကြောင်း စက်တပ်လှေပိုင်ရှင်က ဆက်ပြောသည်။

ရပ်ကွက် အဆင့်အာဏာပိုင်များကလည်း ထိုသို့ လွဲမှားစွာ စိုးရိမ်မှုများ ပြေပျောက်စေရန် သက်ဆိုင်ရာ ဌာနသို့ မေးမြန်းခြင်း မရှိပေ။

`ရန်ကုန်မြစ်အတွင်းက အခြေခံရေစစ်မျဉ်းဆိုတာကို လူတွေက နားမလည်ကြဘူး။ ကျွန်တော်တို့လို ရေထဲမှာ အလုပ် လုပ်နေတဲ့သူတွေတောင် အကုန်လုံး မသိကြဘူး။ တခြားလူတွေ ဆိုရင်တော့ ပိုဝေးတာပေါ့။ ဒါတွေကို ရှင်းလင်းအောင် ရေးဖို့ ပြောဖို့တော့ လိုမှာပေါ့´ဟု စက်လှေပိုင်ရှင်က ပြောသည်။

ထို့အတူ ငလျင်သတင်း ကြေညာချက်များတွင်ပါဝင်သည့် ရစ်ချက်တာစကေး ဘယ်ရွေ့ဘယ်မျှသည် အဖျက်စွမ်းအား ဘယ်လောက် ရှိကြောင်းနှင့် မုန်တိုင်းကြေညာချက်များတွင် ပါဝင်သည့် တစ်နာရီလေတိုက်နှုန်းကြောင့် အပျက်အစီး မည်မျှရှိသည်ကို လူအများ နားလည်စေရန် အနီးစပ်ဆုံး ဥပမာများပေးကာ ကြေငြာသင့်ကြောင်း လူအများက ပြောဆိုကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts