>Saw Wai Awarded with Hellman / Mannett for his courage

>

ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေးဆု ရရှိ

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၆၊ ၂၀၀၉

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီး၏ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ရပ်တည်စိမ်ခေါ်သူ စာရေးဆရာများအတွက် ချီးမြှင့်သော Hellman/Hammett ဆုကို မြန်မာပြည်က ကဗျာဆရာ စောဝေ ရရှိသည်ဟု သတင်းများက ဆိုသည်။ ၂၀၀၉ ခုနှစ်အတွက် ရဲရင့်သူ စာရေးဆရာ ၃၇ ဦးကို ရွေးချယ်ရာတွင် မြန်မာပြည်က ကဗျာဆရာလည်း တဦးအပါအ၀င် ဖြစ်သည်။

ကဗျာဆရာ စောဝေသည် ၂၀၀၈ နှစ်ဆန်းက ကဗျာတပုဒ်တွင် စစ်အာဏာရှင် ဗိုလ်သန်းရွှေကို သရော်ခဲ့သဖြင့် ဖမ်းဆီးထောင်ချခံထားရသည်။ ယခု မြန်မာပြည်အထက်ပိုင်း အကျဉ်းထောင်တခုတွင် ထောင်ဒဏ် ၂ နှစ် ချခံထားရသည်ဟု ဆိုသည်။ ကဗျာဆရာစောဝေသည် ၂၀၀၇ သံဃာ့အရေးတော်ပုံမတိုင်ခင်ကတည်းက မိတ်ဆွေများဖြစ်သော ယခုနိုင်ငံရေးအကျဉ်းသား – ကိုဇာဂနာ၊ ပြည်ပသို့ ရောက်ရှိနေသူ – ကဗျာဆရာ အောင်ဝေးတို့နှင့်အတူ လူမှုရေး၊ စေတနာဝန်ထမ်းလုပ်ငန်းများ၊ အဖြူရောင်သက်တံ အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုဗီ အရေးလှုံဆော်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်သူတဦးဖြစ်ခဲ့ပြီး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် အနုပညာရှင်များအားလုံးနှင့်အတူ ရဟန်းသံဃာများဖက်က တက်ကြွစွာ ပါဝင်ခဲ့သည်။

မြန်မာပြည်က အဖိနှိပ်ခံ စာပေအနုပညာရှင်များအနက် ၎င်းဆုကို ရရှိခဲ့သူများမှာ – မောင်မောင်ကျော်ဝင်း၊ ဇာဂနာ၊ ခိုင်မာကျော်ဇော၊ စမ်းစမ်းနွဲ့၊ ကျောင်းသားခေါင်းဆောင် အောင်ထွန်း၊ အောင်ပွင့် စသည်တို့ ဖြစ်သည်ဟု သိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts