>Recorrecting the Photo Caption on 2007 Monks Boycott

>

စက်တင်ဘာ ၂၅ – မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သက်၍

ဖြည့်စွက်ရှင်းလင်းချက် လက်ခံရရှိ

မိုးမခ၊ (အရှင်ထာဝရ နှင့် ဒီမိုဝေယံတို့၏ စာ၊ အာဇာနည်ဘလော့ဂ်က တဆင့်)

လက်ခံရရှိတဲ့ စာကို အောက်ပါအတိုင်း ပြန်လည် ရေးသား တင်ဆက်လိုက်ပါတယ်

မိုးမခရဲ့ သတင်းဓာတ်ပုံစာတမ်းမှာ ရေးထားတဲ့ – ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဆန္ဒပြပြည်သူတို့ မီးရှို့ထားတဲ့ ရဲဆိုင်ကယ်တစီး ဆိုတာဟာ အင်မတန်မှ မှားယွင်းသော စကားလုံး အသုံးအနှုန်း ဖြစ်ပါသည် ဟု ပါရှိပါတယ်။

အရှင်ထာဝရ၏ ပြောဆိုချက်အရ –

၂၀၀၇ စက်တင်ဘာ ၂၆ နေ့လည် ၁၂ နာရီမှာ ဦးဇင်းတို့ ရွှေတိဂုံဘုရားက ဆင်းလာစဉ် တပ်မ ၇၇ ရောက်ရှိလာပြီး သံဃာတော်တွေကို ၀င်ရောက် ရိုက်နှက်ပါတယ်။ အဲသည်အချိန်မှာ ကျောင်းသား ၅ ဦးက အရှင်ဘုရားတို့ လွတ်မြောက်ဖို့ အရေးကြီးတယ် ဆိုပြီး ဦးဇင်းကို မဟာအောင်မြေဘုံသာကျောင်းထဲကို ခေါ်သွားပါတယ်။ အဲသည် ကျောင်းထဲမှာ နိုင်ငံခြားသားသတင်းထောက် ၂ ဦးက ဦးဃောသိတနဲ့ အရှင်ရေ၀တ ၂ ပါးကို အင်တာဗျုး နေပါတယ်။ ဦးဇင်းတို့သံဃာတွေ ကျောင်းအနောက်ပေါက်က ထွက်ပြီးတော့ ကြားတောရလမ်းကို ရောက်သွားပါတယ်။

အဲသည်အချိန်မှာ အ၀ါရောင်အင်္ကျီ ၀တ်ထားတဲ့ ကြံ့ဖွတ်နဲ့ စွမ်းအားရှင် ၂၀ လောက်က ကြိုတင်ပြီး ဆိုင်ကယ် ၂ စီးကို မီးရှို့ပါတယ်။ ကားမှန်ကိုလည်း ခွဲသွားပါတယ်။ အဲဒီနားက လမ်းဘေးထမင်းဆိုင်ကိုလည်း မီးရှို့ပြီး ထွက်ပြေးသွားပါတယ်။

အဲသည်မှာ လူပရိသတ်က တောင်းပန်လို့ သံဃာတော်တွေက မီးကို ငြိမ်းသတ်ဖို့ လုပ်ကြပါတယ်။ တိုက်ပေါ်က လူတွေက ရေပုံးတွေ ချပေးပါတယ်။ အဲသည်အချိန်မှာပဲ စစ်တပ်နဲ့ လုံထိန်းတွေက ကြေးသွန်းဘုရားရှေ့ကနေ မျက်ရည်ယိုဗုံး ၅ လုံးခန့်နဲ့ ပစ်ခတ်လိုက်ပါတယ်။

ဦးဇင်းက လက်ကိုင်ပ၀ါတွေကို ရေဆွတ်ပြီး မျက်နှာမှာ အုပ်ထားရပါတယ်။ နောက်ဆုံး မခံနိုင်တော့လို့ လှည့်ပြေးရတာပါ။ လက်ထဲမှာ ကိုင်ထားတာက မီးကို ရိုက်သတ်တဲ့ တုတ်ပါ။ အဲသည်အချိန်မှာ မီးကို အတူ ၀ိုင်းငြိမ်းသတ်ခဲ့တဲ့ အရှင်နေမိန္ဒတို့၊ အရှင်ဝိဇယတို့အပြင် ရွှေတိဂုံဘုရားအနီး၊ ဗဟန်းကြားတောရလမ်းက ပြည်သူတွေ အသိဆုံးပါ။

သမိုင်းမှာ ပြည်သူတွေက အကြမ်းဖက်မီးရှို့တယ် ဆိုတဲ့ အမှားတွင်သွားမှာ စိုးရိမ်လို့ပါ။ ဦးဇင်းကို တိုက်ရိုက်မေးမြန်း နိုင်ပါတယ်။ (http://ashin-htavara.blogspot.com/ uthavara@gmail.com )။

အရှင် ထာဝရသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့မှ အတွင်းရေးမှူးဆရာတော်လို့ ဖော်ပြပါရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts