>fun from Newspapers

>

မိုးမခတောထဲက သတင်းအပိုင်းအစများ
ဗိုလ်ချုပ်မှူးကြီး၊ ရန်ကုန်တိုင်း ဒုတိုင်းမှူး
အဝေးကြည့်မှန်ပြောင်း
အောက်တိုဘာ ၁ဝ၊ ၂ဝဝ၉


ဗိုလ်ချုပ်မှူးကြီးက သတိပေးပြီ
ပြောထားတဲ့အတိုင်း ရှေ့နှစ်ထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ထပ်ပြောတဲ့အကြောင်း ဒီနေ့ သတင်းစာမှာ ပါပါတယ်။ ပါတီတွေအတွက်လည်း စည်းရုံးရေးလမ်းညွှန်ချက် ပေးသဗျ။

တိုင်းပြည် မနစ်နာအောင် “ယခုကာလမှာ နိုင်ငံရေးပါတီတွေ အားလုံးဟာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အရေးသုံးပါးကို အခြေခံပြီး စည်းရုံး” ဖို့ ညွှန်ကြားချက် ပေးလိုက်ပါတယ်။

ပြီးတော့ “ရင့်ကျက်တဲ့ ပါတီစည်းရုံးရေး မူတွေကို လိုက်နာကျင့်သုံး ထိန်းသိမ်း ဆောင်ရွက်သူ မှန်သမျှကို အစိုးရက စောင့်ရှောက်သွားမှာဖြစ်တယ်” တဲ့။ မရင့်ကျက်ရင်တော့ ဘာလုပ်မယ် ဆိုတာတော့ ထည့်ပြောမသွားပါဘူး။

စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံမှာ ရိုက်ထားတဲ့ ဓာတ်ပုံ။ ဗိုလ်ချုပ်မှူးကြီးကလည်း စစ်မှုထမ်းဟောင်း ယူနီဖောင်း ပုဆိုး အစင်း အကျားကို ၀တ်ထားတယ်။ အနီးကပ်ဆရာဝန်ကတော့ စစ်ယူနီဖောင်းနဲ့ပဲ။

ရန်ကုန်တိုင်း ဒုတိုင်းမှူး
မနေ့ကသတင်းစာမှာ ရန်ကုန်တိုင်း ဒုတိယတိုင်းမှူးရဲ့ နာမည် ပါလာတယ်။ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဆိုပဲ။

သတင်းစာတွေမှာက ဒုတိုင်းမှူး နာမည်က မပါသလောက်ပါ။ ဟိုဟိုဒီဒီလျှောက်သွားတဲ့ သတင်းတွေ ကြည့်လိုက်ရင် တိုင်းမှူးတွေချည်းပဲ။

အခုလည်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း နာမည်က သတင်းထဲ ပါတာမဟုတ်ဘူး၊ မျက်နှာကြီး မင်္ဂလာဆောင်တခုရဲ့ ကျေးဇူးတင်ကြော်ငြာမှာ ပါတာပါ။

ဒီနာမည်လည်း မှတ်ထားဦးမှ၊ လိုအပ်ရင် သတင်းထဲ ထည့်ရေးရမယ်လေ။ ဟိုတလောက သတင်းထောက်တယောက် ရန်ကုန်တိုင်းဒုတိုင်းမှူး နာမည် လှမ်းမေးတာ မဖြေနိုင်လိုက်ဘူး။ အခုမှ ဖြေလိုက်တယ် ဆိုပါတော့။

ရထားဝန်ကြီး ဆေးရုံရောက်
မနေ့က သတင်းစာမှာတော့ သတင်းထူးတပုဒ် ပါလာတယ်။ ဗိုလ်ချုပ်အောင်မင်း ဆိုတဲ့ ရထားဝန်ကြီးက ပဲခူးမြို့ဆေးရုံကြီးကို သွားကြည့်တဲ့ ပုံပါ။ လူနာတွေကို သွားကြည့်ပြီး အားပေးစကား ပြောကြားတယ် တဲ့။ သိပ်ကြင်နာတတ်တဲ့ ဗိုလ်ချုပ်အောင်မင်း လို့ ပြောရမယ် ထင်ပါရဲ့။

မြန်မာပြည်မှာတော့ ဗိုလ်ချုပ်တွေဟာ အထင်ကြီးစရာပါ။ တပ်မတော်ထဲမှာလည်း အကြီးအကဲတွေ ဖြစ်တယ်။ အရပ်ဘက် အုပ်ချုပ်ရေး ၀န်ကြီးနေရာမျိုးတွေမှာလည်း တာဝန်ထမ်းနေရရှာတယ်။ ဆေးရုံကို သွားပြီး လူနာတွေကိုလည်း ကြင်နာကြတယ်။

သတင်းထဲမှာ ရေးထားပါသေးတယ်။ ရထားဝန်ကြီးက ဆေးရုံမှာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးတယ် ဆိုပဲ။ သိပ် အထင်ကြီးစရာ ဖြစ်နေပြီ။ ရထားအကြောင်းလည်း ကျွမ်းကျင်၊ ဆေးရုံလုပ်ငန်းလည်း ကျွမ်းကျင်တဲ့ သဘောပေါ့။ ဒီလိုဝန်ကြီးတွေရှိတာ မြန်မာပြည်သားတွေအတွက် ၀မ်းသာစရာ မဟုတ်လား။

ကိလေသာ အလွဲသုံး ဆိုပါလား
မှုခင်းသတင်းတွေရေးတဲ့ သတင်းထောက်တွေက တရားသူကြီးအလုပ်လည်း လုပ်တတ်ကြတယ်။ ရဲစခန်းမှတ်တမ်းတွေ၊ တိုင်ချက်ဖွင့်ထားတာတွေကို ကူးချပြီး လူတွေကို ပြစ်မှုကျူးလွန်တယ်၊ တရားခံဖြစ်တယ် ဘာညာ ရေးကြတယ်။ ဖတ်လိုက်ရင် သူတို့က အမှုဖြစ်နေချိန်မှာ သွားထိုင်ကြည့်ပြီး သတင်းရေးထားသလို ထင်ရတယ်။

ပြစ်မှုကျူးလွန်သူလို့ မရေးနဲ့ စွပ်စွဲခံရသူလို့ရေးပါလို့ သတင်းစာပညာဆောင်းပါးတွေမှာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် မှုခင်းသတင်းတွေမှာတော့ ရေးချင်သလို ရေးထည့်လိုက်တာပဲ။ ဒီအတိုင်း ဆက်ရေးတဲ့ စာနယ်ဇင်းတွေ တချိန်ချိန်မှာ တရားစွဲခံရနိုင်ပါတယ်။

မှုခင်းဂျာနယ်က သတင်းတပုဒ်တွေ့လို့ ကော်ပီကူးလိုက်ပါတယ် ဖတ်ကြည့်ပါဦး။ အဲဒီမှာ ထူးခြားတာတခုလည်း တွေ့ရတယ်။ စကားလုံး အသုံးအနှုန်းပါ။ ကိလေသာ အလွဲသုံးစားမှု တဲ့။ ပြီးတော့ ရဲစခန်းမှတ်တမ်းတွေဖတ်ပြီး အဲဒီလူတွေကို ပြစ်မှုကျူးလွန်သူ လို့ ထုံးစံအတိုင်း စီရင်ချက် ချထားပါသေးတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts