>Maung Aw – 2010 Election to be in good start?

>

၂၀၁၀ ရွေးကောက်ပွဲ နိဒါန်း ကောင်းနိုင်ပါ့မလား

မောင်သြ

အောက်တိုဘာ ၉၊ ၂၀၀၉

၂၇ ရက် မတ်လ ၂၀၀၉ က နေပြည်တော်မြို့ဂျီးမှာ ကျင်းပခဲ့တဲ့ ၆၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ နအဖ တပ်မတော်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပပေးတော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

တကယ်ပဲ ကျင်းပပေးတော့မှာလား။ ကျင်းပဖြစ်သည် ဖြစ်စေ၊ မကျင်းပဖြစ်သည် ဖြစ်စေ၊ နအဖ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ပြည်နယ် ကျေးလက်တွေ ဆင်းပြီး မက်လုံးတွေ ပေး၊ စည်းရုံးနေကြတာ သူတို့ရဲ့ သတင်းစာတွေထဲမှာ နေ့စဉ်လိုလို တွေ့နေရပါတယ်။ ၎င်းတို့ ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ယနေ့တိုင် မထွက်ရှိသေးဘဲ လျက်နဲ့ ကြိုတင်ပြင်ဆင်နေကြတဲ့ ပါတီအဖွဲ့အစည်းတွေ၊ စည်းရုံးရေး လှုပ်ရှားနေကြတာကိုလည်း တွေ့နေရပါတယ်။

တချို့ပါတီတွေဆိုရင် တရားဝင်ပါတီ မှတ်ပုံတင်ခွင့် မရှိပါသေးလျက်နဲ့ ရုံးခန်းဖွင့်ခြင်း၊ ပါတီဆိုင်းဘုတ်ထောင်ခြင်း၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားမှုများ ပြုနေခြင်းတွေကို တွေ့နေရပါတယ်။ ဒါဟာ တရားဥပဒေမဲ့ ပြုလုပ်နေခြင်း ဖြစ်တယ် ဆိုတာကို နအဖစစ်အစိုးရမှ တွေ့မြင် သိနေပါရက်နဲ့ ဘာကြောင့် ခွင့်ပြုထားသလဲ ဆိုတာ တရားဥပဒေ ရှုဒေါင့်က ကြည့်လျင် သံသယ၀င်စရာတွေ တွေ့နေရပါတယ်။

အင်န်အယ်ဒီ အဖွဲ့ချုပ်ကတော့ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည် မဖော်သေးဘဲနဲ့ လည်းကောင်း၊ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက်များအပေါ် ရလာဒ်တစုံတရာ မရရှိသေးဘဲနှင့် လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို မစဉ်းစားသေးကြောင်း အခိုင်အမာ ရပ်တည်လျက်ရှိပါတယ်။

စစ်အာဏာရှင် နအဖတပ်မတော် အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမည့် ရလာဒ်ကရော မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်မှန်းနိုင်မလား ဆိုတာထက် ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အစိုးရအသစ်ကရော ၂၀၁၀ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အံဝင်ဂွင်ကျ ဆောင်ရွက်နိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

ဒါ့အပြင် အနှစ် ၂၀ ကျော် လုံးလုံး စားဝတ်နေရေး ဒုက္ခ၀ဲဂယက်မှာ ကျင်လည်ရုန်းကန်နေခဲ့ကြရတဲ့ မြန်မာပြည်သူတွေရဲ့ဘ၀၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူ၊ ရဟန်းရှင် သံဃာတော်များနှင့် အင်န်အယ်ဒီ အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားများရဲ့ အကျဉ်းထောင်ထဲမှ ငရဲခန်းဘ၀တွေ၊ ကျန်ရစ်ခဲ့ရသော မိသားစုတွေ၊ အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားအောင် ခြိမ်းခြောက်ခံထားရတဲ့ အလုပ်သမား၊ လယ်သမား၊ ၀န်ထမ်းဘ၀တွေ၊ အဲဒီဘ၀တွေရဲ့ ဒုက္ခ သောက အပေါင်းတွေကို ချုပ်ငြိမ်းပပျောက်အောင် ကယ်တင်နိုင်မလား ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေက လေးလေးနက်နက် စဉ်းစားရပါမယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မျက်စိစုံမှိတ် လက်ခံလိုက်မယ် ဆိုရင်တော့ ဒီလိုပဲ နအဖတပ်မတော်အစိုးရ (စစ်အာဏာရှင်) တွေရဲ့ ဖိနှိပ်ထားတဲ့ အကြောက်တရားအောက်မှာ နောင် နှစ်ပေါင်းများစွာ ဒူးနဲ့ မျက်ရည် သုတ်နေရဦးမှာ အသေအချာပဲ။

ဘာကြောင့်လဲ ဆိုတော့ နအဖတပ်မတော် အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဗိုလ်ချုပ်ကနေ “ဦး …” ၊ ဘောင်းဘီဝတ်မှ ပုဆိုးဝတ် ပြောင်းလဲအုပ်ချုပ်တဲ့ ပုံစံသာ ဖြစ်နေတာက တကြောင်း၊ စစ်အာဏာရှင် နအဖ ကြိုးဆွဲရာ ကရမယ့် ရုပ်သေးရုပ် လက်ကိုင်တုတ် စစ်အစိုးရ ကိုယ်ပွားအစိုးရ ဖြစ်နေမှာက တကြောင်း၊ ရာသက်ပန်တပ်မတော်မှ ဦးဆောင်မှု အခန်းကဏ္ဍများရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခြေခံဥပဒေများ အသက်သွင်းထားတာ ဖြစ်နေကြောင့် တကြောင်း၊ ဘာမှ ပြောင်းလဲ တိုးတက်လာစရာ မရှိနိုင်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲ နိုင်လည်း နိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ် ဆိုတဲ့ နအဖရုပ်သေးအစိုး/များ တက်လာခဲ့ရင်တော့ အနောက်နိုင်ငံအင်အားစုများနှင့် ဥရောပ အီးယူနိုင်ငံများကလည်း ဆက်လက်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဗီဇာပိတ်ဆို့မှုတွေ၊ Sanction တွေကတော့ ရှိနေဦးမှာပဲ။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ် (ADB)၊ နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကလည်း ပိတ်ပင်ထားဦးမှာပါပဲ။

ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ NLD အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ၊ SNLD ရှမ်းအမျိုးသားဒီမိုကရေစီ ခေါင်းဆောင်များ၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ အင်န်အယ်ဒီကို ၀ိုင်းရံနေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများကို ပြည်သူ အများစုက ချစ်ခင်လေးစား ယုံကြည်မှု အပြည့်ရှိတယ်။

ဘာကြောင့်လဲ ဆိုတော့ အင်န်အယ်ဒီနဲ့ အင်န်အယ်ဒီကို ၀ိုင်းယံနေကြတဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသူတွေ အားလုံးဟာ အဖမ်းခံ၊ ထောင်ကျခံ၊ နှစ်ရှည် ထောင်ဒဏ်အပြစ်ပေးခံရပြီး၊ ဝေးလံသီခေါင်တဲ့ နယ်စွန်အဖြား အကျဉ်းထောင်တွေကို အပို့ခံ၊ ဒုက္ခခံ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြလို့ ပါပဲ။ အခြား ဘယ်အဖွဲ့အစည်းက နိုင်ငံရေးသမားများ အဲဒီလို အနစ်နာခံခဲ့ကြပါသလဲ။

စစ်အာဏာရှင် နအဖ တပ်မတော်စစ်အစိုးရကို ၀န်းရံနေတဲ့ လက်ကိုင်တုတ်၊ ဖွံ့ကြံ့များ၊ စွမ်းအားရှင်များ၊ အမျိုးသမီးစွမ်းအားရှင်များကတော့ အာဏာပိုင်တို့ရဲ့ လုပ်ပိုင်ခွင့် အရိုးအရင်းလေးကို ကိုက်နေရတော့ ရပ်ထဲ ရွာထဲ သတင်းပေး၊ စွာကျယ် စွာကျယ်လုပ်နေတာတွေ၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြတဲ့ အင်န်အယ်ဒီအဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ရဟန်းသံဃာများကို (ရွှေဝါရောင် တော်လှန်ရေးမှာ) အင်အားသုံးပြီး ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်နေတာကြောင့် ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ နေပါပြီ။

အဲဒီတော့ နအဖ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ သူတို့ထင်သလို လွယ်ကူချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ပါ့မလား ဆိုတာ သံသယ ၀င်လာနိုင်စရာ အကြောင်းတွေ ရှိလာနိုင်ပါတယ်။

ဥပမာ …

(က) နယ်စပ်ရှိ ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် သဘောထားကွဲလွဲမှုများ ရှိနေခြင်း

(ခ) ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်များ၊ လုံခြုံရေးကောင်စီမှ ညွှန်ကြားချက်များအပေါ် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း

(ဂ) အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဂျပန်၊ အိန္ဒိယ နိုင်ငံများမှ ၂၀၁၀ ရွေးကောက်ပွဲတွင် All Inclusive အားလုံးပါဝင်ရမည် ဟု ပြောဆိုထားခြင်း

(ဃ) ၉၀ ခုနှစ် အနိုင်ရထားသည့် အင်န်အယ်ဒီ အဖွဲ့ချုပ်ရဲ့ အထူးကြေညာချက် ၁၈/၀၉/၀၈ အရ၎င်း၊ ၂၉ ဧပြီ ၂၀၀၉ က ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာချက်စာတမ်းအရ ၎င်း၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းဟာ အရွှေ့အပြောင်း ရှိလာနိုင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို လွတ်မြောက်ချင်တယ် ဆိုရင် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သစ္စာရှိစွာ လက်တွဲခြင်းဖြင့်သာ ထမြောက်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘ၀ရပ်တည်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကြီးကို စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်ချင်တယ် ဆိုရင် …

(က) အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်

(ခ) နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် မျက်နှာချင်းဆိုင် ဆွေးနွေးကြရန်

(ဂ) အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တပ်မတော်၊ အင်န်အယ်ဒီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ၃ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန်

(ဃ) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများမှ ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် စသည့်အချက်များကို ဆောင်ရွက်သင့်ပါတယ်။

၎င်းအပြင် တပ်မတော်အစိုးရက ၉၀ ခုနှစ် ရွေးကောက်ပွဲကာလနဲ့ နောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ဥပဒေများ၊ အမိန့်ကြေညာချက်များ (ဥပမာ – ၁/၉၀) ၊ ပြောဆိုထားခဲ့သော ကတိ က၀တ် စကားများကို ၎င်းတို့ကိုယ်တိုင် လိုက်နာခြင်း မရှိဘဲ ချိုးဖောက်ထားသော အမည်းစက်ကြီးဟာ နောင်တပ်မတော်သမိုင်းတွင် ထာဝရ စွန်းထင်းနေတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောင်မျိုးဆက်သစ် တပ်မတော်၏ အခန်းကဏ္ဍမှာ ၎င်းအမည်းစက်ကြီး စွန်းထင်းပါမသွားစေရန်အတွက် အခုကတည်းက ချေဖျက်သန့်စင်သွားဖို့ လိုအပ်နေပါပြီ။

သို့ပါ၍ တပ်မတော်အစိုးရအနေဖြင့် မိမိတို့ ကတိက၀တ် စကားများဖြင့် ထုတ်ပြန်ထားသော ၁/၉၀ အရ ၉၀ ခုနှစ် အနိုင်ရ အင်န်အယ်ဒီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးခြင်း ဖြင့်သာ အနာဂတ်မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းသာယာဝပြောသော မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါကြောင်း ယုံကြည်ချက် အခိုင်အမာနဲ့ ရေးသားတင်ပြလိုက်ပါတယ်။

ငြိမ်းချမ်းစွာ အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင် ရောက်စေရမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts