>Naung Yoe – NLD 21 Poem

>

ဆင်ချည်တဲ့ကြိုး

နောင်ရိုး(ရွှေတည်)

အောက်တိုဘာ ၈၊ ၂၀၀၉

မခိုင်မာတဲ့ စိတ်ဓာတ်နဲ့

လမ်းတောင် မှန်မှန်မလျှောက်တတ်ရင်

ငါ ထင်တယ်

စိတ်ကူးယဉ်အိပ်မက်ကို

လက်နဲ့ လိုက်ဖမ်း

အရမ်းလွမ်းဖို့ ကောင်းပြီပေါ့…..

ဘယ်လို ဦးတည်ချက်

ဘယ်လို ရည်ရွယ်ချက်တွေနဲ့

ငါ့ရင်ခွင်အောက်မှာ

မင်းတို့အတူ လျှောက်ခဲ့ကြတာလဲ

ရဲရဲသာ အဖြေပေး

ငါ့ရှေ့ရေးကို

ငါ …

အရမ်း ရင်လေးလွန်းလို့

မင်းရဲ့ပန်းတိုင်

ငါ့ရဲ့ပန်းတိုင်

အားလုံးရဲ့ ပန်းတိုင်

ယိမ်းယိုင်တဲ့ ခြေလှမ်း

မညီမညာ လှမ်းနေသမျှ

ဖြတ်ကျော်ရမယ့် ခရီးလမ်း

မုန်တိုင်းက ကြမ်းထန်

ရေဆန်မှာ တက်ကိုစမ်း

လှိုင်းကြမ်းမှာ လှေကိုစီး

ရွှေခရီး မဟုတ်သလို

ညီညာ ဖြောင့်တန်း

ပန်းခင်းလမ်းလည်း မဟုတ်ဘူး…..

တယောက်ကို တမျိုး

အချင်းချင်း လက်ညှိုးထိုးပြီး

ငါ့လှေ ငါထိုး

ပဂိုး(ပဲခူး)ပဲ ရောက်ရောက်

စည်းဖေါက်တဲ့ အင်အား

တစ်ဖက်က ဆွဲစားသွားပေါ့

လျှော့တော့ မတွက်နဲ့ဟေ့

ကောက်ကျစ်တဲ့ အတွေး

မြေခွေးက `အဖေ´ ခေါ်လောက်အောင်

မျှော်တော်ရောင် ပတ်ပျိုးနဲ့

အမျိုးမျိုး ကလိန်ကျ

မင်းတို့….

မယုံမိကြစေနဲ့။

ဟိုကို မျှော်

ဒီကို မျှော်

ဟိုလို အော်၊ ဒီလိုအော်နဲ့

မင်းတို့တတွေ

ဘာတွေကို မျှော်မှန်း

ဘယ်သူ့ကို တမ်းတနေကြသလဲ…..

ငါ ဘာလဲ

ငါ ဘယ်လဲ

မင်းတို့ပဲ ရဲရဲဆုံးဖြတ်

အားလုံးရဲ့အနာဂတ်ကို

လှလှပပ

ရေးတတ်ကြဖို့တော့ လိုတယ်……

ဟို တကွဲ

ဒီ တစု

စုစည်းမှု မရှိဘဲနဲ့

ဘယ် သမိုင်း

ဘယ် ရာဇဝင်မှာ

အာဏာရှင် အတွင်းသရုပ်

အမြစ်ဖြုတ် နိုင်ခဲ့သလဲ

လေထဲမှာ တိုက်ဆောက်

ရေပေါ်မှာ အရုပ်ရေး

လွယ်လွယ်လေး ရမယ် ဆိုရင်

သွေးတွေ …

အသက်တွေ စတေး..

နံရံလေးဖက်ကြားက

ပေးဆပ်မှုတွေ အများကြီး

အချီးအနှီး ဖြစ်တော့မပေါ့။

ထူ ထား

ရပ် ထား

မတ် ထား

လဲတော့ ကျ မသွားနဲ့

တွေဝေတဲ့ စိတ်ဓာတ် အမြစ်ဖြတ်

ခိုင်မာတဲ့ ဇွဲသတ္တိ

မြဲမြဲ မြံမြံရှိ

အဲ့ဒါဟာ

သမိုင်းက ပေးတဲ့ သတိပဲ….

တလှေတည်း စီး

တခရီးတည်း သွား

သူ မှား မှား

မင်း မှန် မှန်

ညီညွတ်မှုကို အခြေခံပြီး

အနာဂတ်ရဲ့

ရှေ့ဆက်ရမယ့် ခရီး

မင်းတို့

သွေးနီးမှ ဖြစ်မယ်…..

ဆရာဇော်ဂျီရဲ့

ဗေဒါလမ်း ကဗျာမှာ

`လတာ´ ပြင် ခြေရင်းက

ဗေဒါပန်းရိုင်း ….

လှိုင်း ပုတ်ပုတ်

အုန်းလက် ကြွေကြွေ

ဒီရေတွေပဲ ဖုံးဖုံး

ပြုံးပြုံးလေးနဲ့

မျှောခဲ့ တလီ

ပေါ်ချီ တလှည့်

မြုတ်ချီ တခါ

တရာ၊ နှစ်ရာ ဘဲအုပ်ကြားမှာ

ယက်လို ယက်

ကန်လို ကန်

ဗေဒါပျံကတော့ အံကိုခဲ

ပန်းပန်လျှက်ပဲ တဲ့….

ကဲ …

အသက် နှစ်ဆယ်တစ်

ငါ့အသက် ပြည့်မြောက်တဲ့ နှစ်မှာ

မင်းတို့ရေးခြစ်မယ့် အနာဂတ်

စိတ်ဓာတ်စွမ်းအား မြင့်မားပါစေ

တွဲလက်ညီဆဲ ခိုင်မြဲပါစေ

ဘယ်သူတွေ ရိုက်ချိုး ရိုက်ချိုး

ဆင်ချည်တဲ့ ကြိုးပေါ့

ဒါပေမယ့်

ခွေးတိုးလို့တော့

မပြတ်စေနဲ့ ဟေ့…..။

(၂၇.၉.၂၀၀၉)နေ့ ၂၁ နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနား ကဗျာပြိုင်ပွဲ၌ ပထမဆုရကဗျာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts