Khin Aung Aye – Essay of Emptiness

မရှိခြင်းအကြောင်း အက်ဆေး

ခင်အောင်အေး၊ ဇွန် ၃၀၊ ၂၀၁၃

တကယ်တော့ ကိုယ့်မှာ ဘာမှမရှိပါ။ မရှိဘူးတို့ မသိဘူးတို့ ပြောတာမျိုး ခေတ်စားလို့ လိုက်ပြောတာ

မဟုတ်ပါ။ တကယ်ကို ဘာမှ မရှိတာပါ။ ရှိတယ်လို့ ပြောကောင်းတာ၊ ပြောလို့ရတာတွေဆိုလို့ မွေးရာပါ ခန္ဓာကိုယ် အတ္တပေါကြီးနဲ့ (ဒါလည်း တစ်နေ့တစ်ခြားလျော့ပါးပျက်စီးယိုယွင်းလို့) မရှိလို့ကို မဖြစ်လို့ရှိ နေရတာလေးတွေချည့်ပဲ။ အပိုအလျှံဆိုလို့ အချိန်တွေပဲရှိတယ် (နှမြောစရာကြီး)။ ရုပ်ပိုင်းဆိုင်ရာ မရှိတာ ဥပမာ အိမ်ပိုင်မရှိ၊ ကားပိုင်မရှိ၊ ရွှေဆိုလို့ ကီလိုပြားမပြောနဲ့ တစ်ပဲသားတောင်မရှိ၊ ဘဏ်စာရင်းမှာ တစ်လချင်း သုံး လောက်ရုံအပြင် အပိုမရှိ၊ အစရှိသဖြင့် ပေါ့လေ။ အများကြီးပါ၊ မရှိတာတွေပြောပါတယ်။ နာမ်တရားပိုင်းက ပြောမယ်ဆိုလည်း ပညာမရှိ၊ အတွေးအခေါ်အယူအဆ ခိုင်ခိုင်မာမာမရှိ၊ နိုင်ငံရေး အစဉ်အလာမရှိ၊ စည်းကမ်းမရှိ၊ သီလသမာဓိမရှိ၊ အသက်မွေးဝမ်းကြောင်းပညာမရှိ။ ဂုဏ်သိက္ခာမရှိ၊ အောင်မြင် ကျော်ကြားမှုမရှိ။ အဲ သလိုမျိုးပေါ့လေ။ ဆက်ပြောရင် ကိုယ့်ဟာကိုယ် စိတ်ဓါတ်ကျပြီး ဒီ နေရာမှာတင်  ဘိုင်းကနဲ လဲကျသေသွားလောက်ပါတယ်။

ကိုယ့်မှာ ဘာရှိသလဲ စဉ်းစားရတာ အတော်ဦးဏှောက်ခြောက်ပါတယ်။ ဘာလို့ဆို လွယ်ရာကူရာ တခုခု ကိုယ့် ရှိတာစဉ်းစားလိုက်တာနဲ့ အဲဒီရှိတာဟာ ရှိသင့်ရှိထိုက်တဲ့ စံရဲ့အောက်မှာ ရောက်ရောက် နေတာမို့ ထည့်ရေတွက်ပြောဖို့ရာ အံမ၀င်ဘူးလို့ ချက်ခြင်းတွေးမိသွားလို့ပါပဲ။ ဒါနဲ့တဆက်တစပ်ထဲ ရှိတယ ဆိုတာ ဘာလဲ မရှိဘူး ဆိုတာ ဘာလဲ ဆိုတဲ့ အူကြောင်ကြောင်အတွေးဆီ ရောက်သွားပါတော့တယ်။ ရှိတယ် မရှိဘူး ဆိုတာ တကယ်ရှိလား။ ဘာနဲ့တိုင်းတာပြမလဲ။ ဥပမာ ကိုယ့်မှာ ပိုက်ဆံ ၁၀၀၀ ရှိတယ်ဆိုပါတော့။ ပိုက်ဆံရှိတယ် ပြောမလား၊ မရှိဘူးပြောမလား။ အဲဒီမှာလဲ ငွေသားရဲ့ယူနစ် (ဗမာငွေလား၊ ထိုင်းဘတ်လား အင်္ဂလန်ပေါင်လား) ပေါ်မူတည်ပြီး ရှိခြင်းမရှိခြင်းက ကွဲပြားသေးတယ်။ နောက် ပိုင်ဆိုင်မှု ပမာဏများသူနဲ့ နည်းသူအလိုက်ပေါ့လေ။ ဥပမာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဟာ ကိုယ့်အတွက် ခုနေခါမှာ တော်တော်များတဲ့ ငွေပမာဏပေမယ့် ငါ့လက်ထဲ ပိုက်ဆံမရှိတော့ဘူးကွ၊ ဒီမှာကြည့် ၁၀၀၀ တောင်မပြည့်တော့ဘူး’ လို့ ပိုက်ဆံအိတ်ထဲက ဒေါ်လာ ရာတန် အထပ် တစ်ထပ် ကို မျက်နှာရှံ့တွပြီးပြတာမျိုး အောင့်သက်သက်နဲ့ ခံခဲ့ရဘူးလို့ပါ။

ပညာလည်း ဒီလိုပါပဲ။ ကိုယ့်တိုင်းပြည်မှာ လူဦးရည်နဲ့စာရင် ပညာရေး ဆုံးခန်းတိုင်တဲ့သူ အင်မတန်နည်းပါတယ်။ ၀ိဇ္ဇာ-သိပ္ပံဘွဲ့လေးလောက်ရရင်ကို အတော်ဟုတ်နေပြီပြောရမယ်။ ဒါပေမယ့် ကိုယ်တွေတုန်းကသိပ်မဆိုးဘူး ဆိုတာတောင် ပညာရေးက အတော့်ကို ဆုတ်ယုတ်နေပြီလေ။ ရုက္ခဗေဒနဲ့ဘွဲ့ရတယ် အပင် ၄-၅ ပင်မြင်လို့မှ ဘာပင်လဲ တန်းပြောနိုင်တာ ၁ပင်တောင် အနိုင်နိုင်ပဲ။ ကျောင်းဆိုတာလဲ ပထမနှစ်ကလား မှန်မှန်တက်ဖြစ်လိုက်တယ်၊ ဘယ်လို ကျောင်းပြီးသွားမှန်းတောင် မသိလိုက်ဘူး။ ဒါမျိုးကို ပညာတတ်ဘွဲ့ရလို့ ကိုယ့်ကိုယ်ကို ဘယ်လိုမှ မခံယူနိုင်ဘူးလေ။ ဒီတော့ ပညာဆိုလဲ မရှိဘူးလို့ပဲ ပြောရမှာပဲ။ ကိုယ် ငယ်ငယ်တုန်းက နည်းနည်း တယူသန်တယ်။ အဲ့ဒီလို တကယ်မတတ်ပဲ စာမေးပွဲအောင်လာတဲ့ ဘွဲ့ကို အခမ်းအနား တက်ပြီး မယူဘူး လုပ်လို့ မိသားစုတွေ ငိုဟယ် ယိုဟယ်ဖြစ်လိုက်ကြရသေးတယ်။ ထားပါတော့။

မရှိဘူး ရှိတယ်ဆိုတာက တကယ်တော့ စိတ်ရဲ့အတိုင်းအတာဆိုလည်းမမှားပါဘူး။ ကိုယ့်ရှိတာကို မရှိဘူး ထင်လို့ရသလို၊ မရှိတာကိုလည်း အရှိထင်နိုင်ပါတယ်။ ၂ ခုစလုံးဟာ မကောင်းတဲ့ လက္ခဏာပါပဲ။ နောက် လူအများရဲ့စံသတ်မှတ်ချက်၊ လူ့အဖွဲ့အစည်းရဲ့ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်က ကိုယ့်အပေါ် ဆိုးကောင်း နိမ့်မြင့်တွက်ချက်မှာကို အစိုးရိမ်လွန်မှု ဆိုတာတွေနဲ့လဲ ဆိုင်မှာပါ။ တော်ရုံအားဖြင့်တော့ ကိုယ် ခုလိုမျိုး စဉ်းစားတွေးခေါ်စရာ အသိအမြင်ဆိုင်ရာတွေနဲ့စာမျိုး မရေးချင်လှဘူး။ ခုလည်း အမှန်က ရသ အက်ဆေး

လို စာမျိုးရေးဖို့ပဲ၊ မရဘူး။ သူ့ဟာသူ ဒီပုံစံပဲ တည်ဖြစ်သွားတော့ သူ့အလိုက်အတိုင်း လိုက်ရေးနေရတာ။

သိပ်အငြင်းပွားစရာကောင်းတယ်။ ပြီးတော့ စာဖတ်သူ အမျိုးမျိုးမှာလည်း ကိုယ်ပိုင် အသိနဲ့ အသိရဲ့အတိုင်း

အထွာ အမျိုးမျိုး၊ အယူအစွဲအမျိုးမျိုးနဲ့ဆိုတော့..။ ကိုယ်က ကဗျာပဲ ရေးချင်တာ။ ဒါပေမယ့် ခုတစ်လော

စိတ်ဖောက်လာပြန်တယ်။ ကဗျာမရေးတော့ဘူးလို့။ အဲ့ဒီမှာ ဒီ မရှိခြင်း အတွေးကို တွေးမိတော့တာပဲ။ ငါ့မှာ

ဘာမှ မရှိဘူး။ အဲ့သလို တကယ်ပဲ ခံစားလာရတယ်။ ဒါနဲ့ ပြန်ဆန်းစစ်တယ်။ ငါ့မှာ တကယ်ပဲ ဘာမှ မရှိဘူး

လား ဆိုတော့ အဲသလိုလဲ မဟုတ်ပြန်ဘူးလေ။ ဒါဖြင့် ရှိသလား လို့ ခပ်ဆတ်ဆတ်ကလေး ကိုယ့်ကိုယ်ကို

ပြန်မေးပြန်တော့ အဲ မရှိဘူး၊ မရှိတာပဲ တွေ့တယ်။ ဘာမှ မရှိဘူး။ ဒီစာ အစမှာ တန်းစီရေးပြခဲ့သလိုပဲ၊ ရုပ်

ပိုင်းကော စိတ်ပိုင်းကော တကယ် မရှိသူ၊ မပြည့်စုံသူပဲ။

အဲဒီမှာ မရှိခြင်းအကြောင်းကို ပြန်ဆန်းစစ်တယ်။ ဘာကြောင့် မရှိရတာလဲ၊ မပြည့်မစုံဖြစ်ရတာလဲ ဆိုတော့ မည်သူမပြုမိမိမှု ဆိုတဲ့ စာသားလေးခေါင်းထဲ ရောက်လာတယ်။ ရှိ အောင်မလုပ်ခဲ့လို့ပေါ့။ ရှိတုန်းက ရှိသင့် သလောက်ရှိခဲ့ပါတယ်။ ရှိအောင် လုပ်ခဲ့တာကိုး (ဒီမှာလဲ ခုနက ကိုယ့်ဟာကိုယ် ဝေဖန် ဆန်းစစ်သုံးသပ်ချက်တွေနဲ့ တိုက်ချလိုက်ပြန်ရင် ရှိခဲ့တယ်ဆိုတာလဲ မဟုတ်သေးဘူး၊ ထားပါတော့။ ပိုရှုပ်ကုန်တော့မယ်) အဲဒီတော့ ဒါဖြင့် ခု ရှိချင်ရင် ရှိအောင်လုပ်ပေါ့ လို့ ကိုယ့်ကိုယ်ကို ငေါ့လိုက်တော့၊ “အေး – မလုပ်ရင် ဘာမှမရဘူး၊ ဒါတော့ ရှင်းတယ်။ လုပ်တိုင်းမရ-လုပ်တိုင်းမဖြစ်တာကော မင်းသိလား လို့ ကိုယ့်ကိုယ်ကို ပြန်မေးတော့၊  တသက်တာ ဖြတ်သန်းခဲ့မှုတွေက စစ်ထုတ်ထားတဲ့ အသိက ငါးခူပြုံးပြုံးတယ်။ ၂ချက် ရှိပါတယ်၊ စိတ်ဇောတွေ ထက်သန်ဖို့လိုတယ်။ စိတ်ဇောတွေထက်သန်ပြီး လုပ်ပေမယ့် အကျိုးအကြောင်း တိုက်ဆိုင်မှုပဲ ပြောပြော အရပ်စကားနဲ့ ကံကြမ္မာက ဖန်လာတယ် ဆိုဆို၊ ‘လုပ်တိုင်းမဖြစ်ဘူး ဆိုတာကတော့ တကယ်ကို  ရှိပါတယ်၊ ခဏခဏကြုံဖူးတယ်။ ကံ-ကံ၏အကျိုး ဘာညာနဲ့ ဆိုရင် ဘာသာတရားဖက် ဆွဲပြောတယ် ဖြစ် နေပါအုန်းမယ်။ လုပ်တိုင်း မဖြစ်ဘူးဆိုတာက ချက်ခြင်းလက်ငင်း အကျိုးပေးအကြောင်းထင် ဖြစ်မလာတတ်တဲ့ သဘောသဘာဝကို ပြောချင်တာပါ။ လုပ်ရပ်တိုင်း ဆောင်ရွက်မှုတိုင်းမှာတော့ နောက်ဆက်တွဲ အကျိုးဆက် (အဆိုး၊ အကောင်း) ကတော့ ရှိတာချည့်ပါပဲ။ အနှေးနဲ့အမြန်သာ ကွာတာပါ။ အဲလို တခုခုကို ပြုလုပ်ဆောင်ရွက်တဲ့အခါ ဇောတွေ ထက်သန်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒီစာရဲ့အစမှာ တည်ထားတဲ့ ရှိတယ်၊ မရှိဘူး ဆိုတဲ့အပိုင်းနဲ့ ရှိအောင်လုပ်တာ မလုပ်တာ ဆိုတဲ့ ရိုးစင်းတဲ့ အပိုင်းကလေးကိုပဲ ကွက်ပြီး  ပြောနေ ရေးနေတာလို့အတွေးကို ပြန်ခြုံ့လိုက်ကြရအောင်။

တကယ်တော့ အခု ဒီစာကို ရေးနေတာကိုက ကဗျာတပုဒ်ရေးသလို ဇောမကပ်တာ သိသာလှပါတယ်။

ကိုယ်က စာရေးဖြစ်အောင်ဆိုပြီး အတင်းလှုံ့ဆော် ကိုယ့်ကိုယ်ကို ကျုံးသွင်းပြီး ဒီစာရေးနေတာမို့ တယ်

ပြီး စေးစေးပိုင်ပိုင်မဖြစ်မှန်းလဲ သိနေရပါရဲ့။ ရှိတယ်-မရှိဘူး ကို ပြဿနာလုပ်ပြီး ကိုယ့်ရဲ့ လက် ၁၀ ချောင်း

မပြည့်တတ်ပြည့်တတ် ပရိသတ်ကို အသိပညာတွေ ဝေငှပေးအုန်းမှ ဆိုတဲ့ စိတ်စေတနာ မပါရိုးအမှန်ပါ။

ကိုယ်ဟာ စကားပြေရေးချင်သလောက် စကားပြေရေးခြင်းအတတ်ပညာမှာ နုံချာလှတယ်။ ဒါအလေ့

အကျင့်မရှိလို့ပဲ လို့ခံယူတယ် (ဟော မရှိတာ တခုတိုးလာပြန်ပြီ)။ ဒီတော့ စကားပြေအရေးကျင့်ဖို့ကို

အားထည့်ပြီး လုပ်ရတယ်။ ဒါက လိုရင်းပါ။ ရေးဟ ရေးဟ ဆိုတော့လဲ ရေးစရာ၊ ဌာပနာ သွပ်စရာ အကြောင်း

က လိုလာပြန်ရောလေ။ ဒီနေရာမှာတော့ ကဗျာရေးတာနဲ့ နည်းနည်းတူတာက ကိုယ်က ဘာအကြောင်း

တော့ ရေးအုန်းမှ ဆိုပြီး မရေးဘူး။ ကွန်ပြူတာပေါ်မှာ Sheet အသစ်တရွက် ယူလိုက်တယ်။ လက်ချောင်း

ကလေးတွေက တစ်တောက်တောက်နဲ့ ခေါက်ရင်း ခေါင်းထဲကို ဘာတွေ ၀င်လာမလဲ စောင့်တယ်။

တဝေါဝေါဖြတ်သွားတဲ့ အမျိုးမျိုးသော အတွေးစတွေထဲက ဖြတ်ကနဲ တခုခုကို ဖမ်းလိုက်တယ်။ ရေထဲ

ဖြတ်သွားတဲ့ ငါးအုပ်ထဲ ငါးတစ်ကောင်ကောင်ကို မှိန်းနဲ့ပစ်ဖမ်းလိုက်သလိုလို့ ပြောရင်ရမယ်ထင်ပါရဲ့။

အဲဒီမှာ မိတဲ့အတွေးစကနေ ၀ါကျတစ်ကြောင်း ကောက်ရေးလိုက်တာပဲ။ ပြီးရင် အဲ့ဒီနောက်ကို လိုက်

ရေးပေတော့ပဲ။ အိုး နှစ်ပေါင်း ၅၀ ကျော် လူ့ဘ၀ထဲမှာ သူသူကိုယ်ကိုယ်တွေ မကြုံဖူးတဲ့ ဖြတ်သန်းမှု

အတွေ့အကြုံတွေ မိုက်မဲမှုတွေ ဘ၀ရဲ့အတက်အကျတွေနဲ့ တင်းကြမ်းပြည့်နေခဲ့တာ။ ကြိုက်တဲ့ဝါကျ

တစ်ကြောင်းသာပေး အနေတော် စာတပုဒ်တော့ ဖြစ်အောင်ရေးပြမယ်။ ကောင်းမကောင်းတော့ အာမ

မခံနိုင်ဘူးပေါ့လေ။ ရှမ်းကြိုက်မှ နွားချော ဆိုသလိုပေါ့။

စာကောင်းပေမွန်ဆိုတာမျိုးကို ဖတ်ရတာသာ ၀ါသနာပါတာ ကိုယ်တိုင်တော့ တယ်မရေးချင်လှဘူး။

နောက် ကိုယ်စာရေးတဲ့ ရည်ရွယ်ချက်ကအသိပညာဖြန့်ဖြူးတာ မဟုတ်တဲ့အတွက် ဗဟုသုတ၀မ်းစာပြည့်ဖို့လည်း မလိုဘူးလေ (အဲဒီ ၀မ်းစာကလဲ ခုနက မရှိစာရင်း’ ရဲ့ ရှေ့ဆုံးနားမှာကို ထည့်ရမှာ)။  ကိုယ့်အလုပ်က (အဲ ကိုယ်လုပ်ချင်တာက) အစတခုရရင် အဲ့ဒီ အစ ကနေ တခုခုပြောဖို့ပဲ။ ပြောဖို့က လိုရင်း။ (စာနဲ့ကျတော့ ရေးဖို့က လိုရင်းပေါ့လေ။) ကိုယ်အခုရေးနေတာ အဲ့ဒီ မူလရည်မှန်းချက်ဆီကိုတော့ ရောက်သား။ ဆိုတော့ ခု ဒီစာ ဆိုပါတော့။ ရှိခြင်း မရှိခြင်း အကြောင်း ပြောတာ/ရေးတာ လား ဆိုတော့၊ မဟုတ်ဘူး။ ဒဿနတွေ အတွေးအခေါ်တွေ ချပြချင်လို့လား ဆိုတော့လည်း မဟုတ်ဘူး။  စာရေးချင်တာ။ စာတပုဒ်၊ ဘယ်လိုအကြောင်းအရာ မဆို၊ စာ တပုဒ်ပုဒ် ရေးချင်တာ။ ဒါပဲ။ ဒီတော့  စာရေးဖို့ကြိုးစားတယ်။ ကွန်ပြူတာရှေ့မှာ ခါးကြီးကိုင်းပြီး ဟိုကြည့် ဒီကြည့် လုပ်နေရာက ကိုယ်ကို မတ်မတ်ထားလိုက်တယ်။ အသက်ရှူတာကို ပုံမှန်ထက် သိသိသာသာ ရှူသွင်း ရှူထုတ် နည်းနည်းလုပ်လိုက်တယ်။ စာဖိုင်တခုကို ကျပမ်းဖွင့်ပြီး အဲ့ဒီကမှ တစ်ဆင့် New (Creat a new cocument)  ဆိုတာလေး မီနူးဘားကနေ ရွေးယူလိုက်တယ်။ စာမျက်နှာအသစ် (Sheet) တစ်ခု ယူလိုက်တယ်။  လက်ချောင်း ကလေးတွေက တစ်တောက်တောက်နဲ့ ခေါက်ရင်း ခေါင်းထဲကို ဘာတွေ ၀င်လာမလဲ  စောင့်တယ်။ တဝေါဝေါဖြတ်သွားတဲ့ အမျိုးမျိုးသော အတွေးစတွေထဲက ဖြတ်ကနဲ တခုခုကို ဖမ်းယူ လိုက်တယ်။ ဟောဒီလို ၀ါကျမျိုး ဆိုပါတော့ –

တကယ်တော့ ကိုယ့်မှာ ဘာမှမရှိပါ။ မရှိဘူးတို့ မသိဘူးတို့ ပြောတာမျိုး ခေတ်စားလို့ လိုက်ပြောတာ မဟုတ်ပါ။ တကယ်ကို ဘာမှ မရှိတာပါ။

ခင်အောင်အေး

၃၀၊ ဇွန်လ၊ ၂၀၁၃  ဖရာ့ပရာဒင်န်၊ ဘန်ကောက်  ၀၆း၁၁ နာရီ

စာထဲ ထည့်ရေးဖို့ နေရာအကွက်အကွင်းမရတာနဲ့ အောက်ခြေမှတ်စုအနေဖြင့် ဖြည့်စွက်လိုက်ပါတယ်။

ရှိ-မရှိ။ သိ-မသိ နဲ့ပတ်သက်လို့ ဒီစာရေးနေရင်း ခေါင်းထဲဝင်လာတဲ့ ဖတ်ဖူးမှတ်ဖူးတာလေးတွေထဲက တော်တော်ကြိုက်တာလေး ၂ ခု ဝေငှပေးချင်လို့ပါ။

       သိတာကို သိတဲ့အတိုင်း မကျင့်နိုင် မလုပ်နိုင်ရင် မသိတာနဲ့အတူတူပဲ ( ရေးသူ မမှတ်မိ)

       အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့ (မေ၀တ္တု အဆုံးသတ်စာကြောင်း၊ ဒဂုန်တာရာ)