>Burmese in LA marked Saffron 2nd Anniversary

>

ရွှေဝါရောင် ၂ နှစ်ပြည့် အယ်လ်အေရောက် မြန်မာများ အခမ်းအနားများ ကျင်းပ

မိုးမခအထောက်တော် – အယ်လ်အေ

စက်တင်ဘာ ၂၈၊ ၂၀၀၉

၂၀၀ရခု စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် သံဃာ့အရေးအခင်း ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးသွားသော ရဟန်းသံဃာတော်များနှင့်တကွ မြန်မာပြည်သူပြည်သားများအတွက် ဆုတောင်း မေတ္တာပို့ ဆွမ်းကပ်လှူခြင်းကို စက်တာဘာ ၂၇ရက်နေ့က Los Angeles, Baldwin Park မြို့ ဓမ္မဇောတိ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားများနှင့်တကွ မတရားအကျဉ်းကျခံနေရသော ရဟန်းသံဃာတော်အရှင်သူမြတ်များ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အတွက်လဲ ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ နေ့ခင်း ၂နာရီမှ စ တင်ပြီး LA Organizers 4 Burma အဖွဲ့က ဦးဆောင်ပြီး ရွှေဝါရောင် သံဃာ့အရေးအခင်း ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Baldwin Park, Performing Art Center မှာ Burma VJ documentary ဖြစ်ရပ်မှန် မှတ်တမ်း ရုပ်ရှင်ကို LA မြို့ရှိ သံဃာတော်များ၊ မြန်မာ့အရေး စိတ်ဝင်စားကြသော ကျောင်းသားကျောင်းသူများနှင့် မြန်မာမိတ်ဆွေများကို အခမဲ့ ပြသ ခဲ့ရာ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော် ဦးဂုဏိဿရ က အဖွင့်မိန့်ခွန်း မိန့်ကြားခဲ့ပြီး LA Organizers 4 Burma အဖွဲ့မှ ကိုပြေညိမ်းက မှတ်တမ်းရုပ်ရှင် ပြသရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောပြခဲ့ပါတယ်။ ထို့နောက် Whittier College, Department of Religious Studies မှ အရှေ့တိုင်းဘာသာရပ် ပညာရှင် Prof. Dr. Jason Carbine ခေါ် ကိုချစ်မောင်က သံဃာ့အရေးအခင်းအပေါ် ကြည်ညို အလေးအနက်ထားမှုကို မြန်မာ ဘာသာဖြင့် ကျွမ်းကျင်စွာ ပြောကြားခဲ့ရာ တက်ရောက်လာသည့် ပရိသတ်များ ကျေနပ်ဝမ်းမြောက်ခဲ့ကြကြောင်း သိခဲ့ရပါတယ်။ ဆက်လက်ပြီး ကလေးငယ်လေးများမှ မေတ္တာသုတ် စတင်ရွတ်ဆိုရာ ပရိသတ်များ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

မှတ်တမ်းရုပ်ရှင် အပြီးမှာ LA Organizers 4 Burma အဖွဲ့မှ ကိုမော်ကြီးက ကျေးဇူးတင်စကား ပြောကြားပြီး အာဏာရှင်စစ်အစိုးရ ပြည်သူလူထုကို နှိပ်စက် ညှင်းပန်း သတ်ဖြတ်လာသည်မှာ အခုမှ မဟုတ်၊ ၁၉၆၂ခု စစ်အစိုးရ တက်ကတည်းက ဖြစ်ကြောင်း၊ သို့ပေမဲ့ ဒီ ရက်စက်မှုအပေါင်း ကမ္ဘာသိ ဖြစ်ရသည်မှာ တိုးတက်ခေတ်မီလာသော နည်းပညာနှင့်အတူ မိမိကိုယ်ကျိုး လုံးလုံးမပါဘဲ သက်စွန့်ဆံဖျား သတင်းဖြစ်ရပ်မှန်များ ရိုက်ယူ ခဲ့ကြသော ညှင်းပမ်းအနှိပ်စက် အကျဉ်းကျခံ မြန်မာကျောင်းသား လူငယ်လေးများကြောင့်သာ ဖြစ်ပါတယ်လို့ ကျေးဇူး ဂုဏ်ပြု မှတ်တမ်းတင် ပြောကြားခဲ့တယ်လို့ သိရကြောင်းပါ။

(ဓာတ်ပုံများ – မျိုးချစ်မြန်မာဝက်ဆိုက်က ရယူပါတယ်။ ကျေးဇူးတင်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts