>Burmese Police riding Orange Bike – symbol of oppressing the monks ?

>

ရန်ကုန်က ရဲများ လိမ္မော်ရောင်ဆိုင်ကယ်စီး၊ သင်္ကန်းကို ခွစီးသည့် ယတြာဟု မြို့ခံတို့က ဝေဖန်

မိုးမခစာဖတ်သူတဦး၊ ရန်ကုန်

စက်တင်ဘာ ၂၅၊ ၂၀၀၉

မိုးမခမိတ်ဆွေများ

လွန်ခဲ့တဲ့လတွေက ဌာနဆိုင်ရာဆိုင်ကယ်တွေကို အစိုးရက ကန့်သတ်တယ်၊ စစ်ဆေးတယ်ဆိုပြီး ဖြစ်လိုက်သေးတယ် မဟုတ်လား။ နောက်တော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ အက်စ်ဘီတွေကို သီးခြား ခွင့်ပြုတယ်လို့ ဆိုပြန်တယ်။ ဆိုင်ကယ်ဆိုတာက အတိုက်အခံတွေကို နောက်ယောင်လိုက်တာ၊ အနှောက်အယှက်ပေးတဲ့ ယာဉ်တခုဖြစ်တယ်ဆိုတာလည်း အားလုံးက သိကြပါတယ်။

ကဲ … ဒီတခါမှာ့ ရဲတွေစီးတဲ့ မော်တော်ဆိုင်ကယ်တွေက လိမ္မော်ရောင် တောက်တောက်တွေ ဖြစ်ကုန်ပါပြီ။ လိမ္မော်ရောင် စီးတော်ယာဉ်ကို ခွစီးပြီး လမ်းသလားနေတဲ့ ရဲတွေကို ကြည့်ရတာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုံးက သံဃာတော်တွေကို လမ်းပေါ်မှာ အကြမ်းဖက် ရိုက်နှက် တရွတ်တိုက်ဆွဲ ဖမ်းဆီးခဲ့ကြတဲ့ လက်နက်ကိုင် လုံခြုံရေးတွေ၊ ရဲတွေကို အလွန်အမင်း သတိရစေပါတယ်လို့ မြို့ခံတွေက ဆိုနေကြပါတယ်။

စစ်အုပ်စုဟာ ဒီတကြိမ်မှာလည်း ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်မှာ ရဟန်းသံဃာတော်တွေကို နာမ်နှိမ်တဲ့သဘောနဲ့ ယခင်က အကြမ်းဖက်နှိမ်နင်းသူ လက်မရွံ့ ရဲတွေကို သင်္ကန်းရောင်ဆိုးထားတဲ့ ဆိုင်ကယ်တွေကို အပေါ်က ခွစီးစေတဲ့သဘောပဲလို့ မိုးမခစာဖတ်သူနဲ့ ဆုံမိသူ တော်တော်များများက ဝေဖန်နေကြပါတယ်။

တွဲပြီး ဖော်ပြစေချင်တဲ့ ဓာတ်ပုံကတော့ လိမ္မော်ရောင်ဆိုင်ကယ်စီး ရဲတဦးပုံပေါ့ဗျာ။ သို့သော် ကင်မရာမရှိတဲ့ စာဖတ်သူဆိုတော့ မိုးမခ၀ိုင်းတော်သားများ သဘောအတိုင်း သရုပ်ဖော်ပုံလေးတော့ ထည့်ပေးစေချင်ပါတယ်။ ကာတွန်း ဟန်လေးတို့၊ ဒိုင်းနမိုက်တို့ကို ကာတွန်းဆွဲခိုင်းရင်လည်း ကောင်းမှာပဲနော။

(မိုးမခ မှတ်ချက် – ၂၀၀၇ သံဃာ့အရေးအခင်းတွင်းက ဆန္ဒပြသူပြည်သူတို့ မီးရှို့ထားသော ရဲဆိုင်ကယ်တစီးနှင့် လုံခြုံရေးတပ်များ၏ မျက်ရည်ယိုဗုံးများ၏ ဘေးလွတ်ရာကို ပြေးနေသည့် သံဃာငယ်တပါးပုံကို ထည့်ပေးလိုက်ပါတယ်။ ဓာတ်ပုံ – မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts