>public’s response on the issue of 5000 Ks currency

>

၅၀၀၀ တန်ေ ငွစက္ကူထုတ်မည့် သတင်း အပေါ် လူအများက အနှုတ်လက္ခဏာသဘော ရှုမြင်
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂ဝဝ၉


ယမန်နေ့ည ၈နာရီ သတင်းမှ စတင် ကြေညာလိုက်သည့် ၅ ထောင်တန် ငွေစက္ကူ ထုတ်မည့် သတင်းအပေါ် လူအများ အနေဖြင့် ငွေဖောင်းပွမှု ပိုမို ဆိုးရွားလာမည့် သဘောအဖြစ် ရှုမြင်ကြပြီး မကြာမီ ကုန်ဈေးနှုန်းများ လိုက်တက်လာမည်ဟု ခန့်မှန်း ပြောဆိုလျက်ရှိကြသည်။

၅ ထောင်တန် ထုတ်လုပ်မည့် ကြေညာချက် ထွက်ပေါ်ပြီး ယနေ့နံနက်တွင် မြန်မာကျပ်ငွေနှင့် ဒေါ်လာ လဲနှုန်းမှာ ၆၅ ကျပ်၊ အက်ဖ်အီးစီ လဲနှုန်းမှာ ၆၀ ကျပ် အသီးသီး မြင့်တက်သွားသည်ကို နံနက် ၁၁ နာရီ အချိန် ဖြစ်ပေါ်လျက်ရှိသည့် လဲနှုန်းအရသိရှိရသည်။

သတင်း မထွက်ပေါ်မီ ယမန်နေ့ညနေတွင် အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၀၉၅ ကျပ်၊ အက်ဖ်အီးစီ တယူနစ်ကို ၁၀၆၀ ကျပ် အသီးသီး ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တဒေါ်လာကို ၁၁၆၀ ကျပ် နှင့် အက်ဖ်အီးစီ တယူနစ်ကို ၁၁၂၀ ကျပ်အသီးသီး သို့မြင့်တက်သွား ခြင်းဖြစ်သည်။

ကိုယ်ပိုင် မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လူငယ်တဦးက “အစိုးရငွေလိုလို့ ထပ်ရိုက်တာလို့ပဲ ထင်တယ်။ ဘာလို့ ငွေလိုလဲဆို နေပြည်တော် စီမံကိန်းတွေမှာ ငွေတွေ အရမ်း လိုနေတာကြောင့်ပဲ။ ၂၀၀၆ ခုနှစ် ၀န်းကျင်က နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းမှာ လျှပ်စစ်မီး ဆင်တဲ့ ကန်ထရိုက် ကျွန်တော် လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကန်ထရိုက်လုပ်ငန်း အနေနဲ့ ရစရာရှိတဲ့ ငွေသိန်း ၁ သောင်း ၂ ထောင် လောက်ကိုတောင် အခုထိ မရသေးဘူး။ အဲဒီလို စီမံကိန်းတွေ အတွက် ငွေလိုလို့ အခု ၅ထောင်တန်ကို ရိုက်တာပဲ လို့ယူဆတာပါ။ နောက်လာမယ့် ၄၊ ၅လအတွင်း ကုန်ဈေးနှုန်းတွေ တက်လာလိမ့်မယ် လို့ထင်တယ်” ဟု သူ့အမြင်ကို ပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ခြံမြေ ကုမ္ပဏီ လုပ်ကိုင်သူ တဦးကလည်း “၅ထောင်တန် ထွက်မယ့် ကိစ္စကြောင့် အိမ်ခြံမြေ ဈေးကွက် နည်းနည်း လှုပ်ခတ်လာနိုင်တယ်၊ ရောင်းသူဈေးကွက် ဘက်ကို ပြောင်းသွားနိုင်တယ်။ ငွေဖောင်းပွမှာ ကိုစိုးရိမ်လို့ ငွေရှိသူတွေက လိုက်ဝယ်ရင် ရောင်းသူတွေက ၀ယ်သူကို ပြန်ရွေးနိုင်တဲ့ သဘောမျိုး ဖြစ်လာနိုင်တယ်။ ငွေဖောင်းပွမှုကို စိုးရိမ်တာကြောင့် ဖြစ်ပေါ်လာမယ့် အိမ်ခြံမြေ ဈေးကွက် သွက်တာမျိုး ဖြစ်နိုင်ခြေ ရှိတယ်” ဟု မိုးမခသို့ ပြောသည်။

ဘောဂဗေဒ ပညာရှင် တဦးဖြစ်သူ ဦးမော်သန်းကမူ ယခုလို ၅ထောင်တန် ငွေစက္ကူများ ရိုက်ထုတ်မည့် ကိစ္စ အပေါ် ရှုမြင် သုံးသပ်ရာတွင် “လှည့်ပတ်တဲ့ ငွေတွေကို သိမ်းပြီး ၅ထောင်တန်ကို ထုတ်မယ် ဆိုရင်တော့ တမျိုး အဓိပ္ပာယ် ကောက်လို့ ရတယ်။ အဲလိုမဟုတ်ပဲ လှည့်ပတ်တဲ့ ငွေတွေလည်း ရှိနေမယ်၊ ၅ထောင်တန်ကို သီးခြား ထပ်ထုတ်တဲ့ သဘောဆိုရင်တော့ ငွေကြေး လည်ပတ်မှု အထဲ ငွေအသစ် ထပ်ရိုက်သွင်းတဲ့ သဘောဖြစ်သွားမယ်။ အဲလိုလုပ်ရင် လှည့်ပတ်တဲ့ ငွေပမာဏ များလာမယ်။ အဲဒီအတွက် ပစ္စည်းတန်ဘိုးတွေ၊ ဈေးနှုန်းတွေ တက်လာမယ်” ဟုပြောဆိုသည်။

ထို့ပြင် ငွေစက္ကူ အကြီးထုတ်ရသည့် အကြောင်းရင်း အပေါ် ရှုမြင်ရာတွင်လည်း “စီးပွားရေး လုပ်ငန်းကြီးကြီး လုပ်သူတွေ အတွက် အရင်က ၅ရွက် ရေတွက်ရမယ့် နေရာမှာ ယခု ၁ ရွက်ပဲ ရေရတော့မယ်။ အဲဒါကတော့ လွယ်ကူတဲ့ သဘောဖြစ်မယ်။ အခုခေတ်က ဂျပန်ခေတ်လိုပဲ ပိုက်ဆံ ရှိသူတွေက ပိုက်ဆံကို အိတ်တွေထဲ ထည့်ပြီး ထမ်းပိုးသွားရတဲ့ အနေအထား ဖြစ်နေတယ်။ နောက်တခု ကြားဖူးတာက ယခုသုံးနေတဲ့ ၁ထောင်တန်ကို ရိုက်နှိပ်ရာမှာ မှင်ဖိုး စက္ကူ ကုန်ကျစရိတ်က ကျပ် ၁ ထောင် မက ကုန်ကျတဲ့လို့လည်း ကြားဖူးတယ်။ အဲဒါကြောင့် ၅ထောင်တန် ထုတ်သလား လို့လည်း စဉ်းစားလို့ရတယ်” ဟု ဦးမော်သန်းက ဆိုသည်။

ဦးမော်သန်းက ငွေဖောင်းပွမှုကို ရှောင်လွှဲရန်မှာ ယခု အသစ်ထုတ်မည့် ၅ထောင်တန် ငွေစက္ကူ တန်ဖိုးနှင့် ညီသည့် ၁ ထောင်တန်၊ ၅ ရာကျပ်တန် များကို အစိုးရက ပြည်လည် သိမ်းယူပြီး ဖျက်ဆီးလိုက်လျင် ငွေလည်ပတ်မှု မတိုးပွားလာဘဲ ရှိမည်၊ ထိုသို့သော လုပ်ဆောင်မှုကို အများပြည်သူ သိရှိအောင် ဘဏ်သို့ပြန်လည် ၀င်ရောက်လာသည့် ၁ ထောင်တန်၊ ၅ ရာတန်များကို မီးရှို့ ဖျက်ဆီးပြရမည့် သဘောဖြစ်ပြီး ထိုသို့လုပ်ဆောင်မှ အများပြည်သူ၏ ငွေဖောင်းပွမည်ကို စိုးရိမ်မှုအား ဖယ်ရှားနိုင်မည် ဟုလည်း ရှင်းပြသည်။

လွန်ခဲ့သည့် ၂နှစ်ကျော်ကာလ ကတည်းက ၅ထောင်တန် ငွေစက္ကူ ထုတ်ဝေမည့် ကောလဟလများ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပြီး အစိုးရတွင် အဆင်သင့် ရိုက်နှိပ်ပြီး ဖြစ်သည် ဆိုသည့် သတင်းများကိုလည်း ဗဟိုဘဏ်နှင့် နီးစပ်သူများက ပြောဆိုခဲ့ဖူးသည်။

ယခုနှစ်အတွင်း နအဖ အစိုးရအနေဖြင့် ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်း၊ ယခင်က လက်တွေ့ မကောက်ခံခဲ့သည့် စားသောက်သူများအား စည်းကြပ်သည့် ကုန်သွယ်ခွန် ၁၀% ကို ရရှိရန် ဖိအားပေး လုပ်ဆောင်လာခြင်း၊ ၂ နှစ်စာ လုပ်ငန်းခွန်များ ကြိုတင်ကောက်ခံခြင်း စသည့် နည်းအမျိုးမျိုးဖြင့် လူထုထံမှ ငွေရရှိရန် ကြိုးစားလျက် ရှိသည်ကို တွေ့ရပြီး နောက်ဆုံးတွင် ယခုလို ၅ ထောင်တန် ထုတ်ဝေရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

နအဖ အစိုးရအဖွဲ့၏ ရသုံးငွေ စာရင်း တနည်းအားဖြင့် နိုင်ငံတော် ဘတ်ဂျက်ကို ၂၀၀၃ ခုနှစ်တွင် နောက်ဆုံး ထုတ်ပြန်ခဲ့ပြီး လုံးဝ ထုတ်ပြန် ကြေညာခြင်းမရှိတော့ သည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts