>a politician sent back to Thayet Prison

>

နိုင်ငံရေး အကျဉ်းသားတဦးကို သရက်ထောင်ထဲ ပြန်ထည့်
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၉၊ ၂၀၀၉လွန်ခဲ့သည့် ၁၉ နှစ်က စစ်ကြောရေး စခန်းတွင် တွေ့ရသော ဦးဘမျိုးသိန်း (photo: spdc)

မကွေးတိုင်း၊ သရက်မြို့ အကျဉ်းထောင်ရှိ နိုင်ငံရေးသမားတဦးကို ယမန်နေ့က ပြန်လွှတ်ရန် အာဏာပိုင်တို့က စီစဉ်ခဲ့သော်လည်း အဆိုပါ နိုင်ငံရေးသမားက ခံဝန်ချက် လက်မှတ်ထိုးခြင်း မပြုသဖြင့် ပြန်လည် အကျဉ်းချလိုက် သည်ဟု သိရသည်။

ထိုသို့ ပြန်လည် အကျဉ်းကျသွားသူမှာ နှစ်ရှည် အကျဉ်းသား ဦးဘမျိုးသိန်း ဖြစ်သည်ဟု သိရသည်။

“၄၀၁ မထိုးလို့ ပြန်ထည့်လိုက်တယ်” ဟု သရက်မြို့ အကျဉ်းထောင်သတင်းများကို စောင့်ကြည့်နေသူတဦးက မိုးမခကို ပြောသည်။

၄၀၁ ဟူသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ကို အတိုကောက် ခေါ်ဆိုကြခြင်းဖြစ်သည်။

ကျန်ရှိနေသည့် ထောင်ကျနှစ်များကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သော်လည်း အနာဂတ်တွင် ပြန်လည် အကျဉ်းကျပါက ယခင် ထောင်ကျနှစ်များကိုလည်း ပူးတွဲ ခံစားရမည်ကို သဘောတူပါကြောင်း လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။ ပုဒ်မ ၄၀၁ အရ လက်မှတ်ထိုးခြင်းဟု ခေါ်ကြသည်။

လက်မှတ်ထိုးရန် သဘောမတူသည့် ဦးဘမျိုးသိန်းသည် လွတ်ရက်စေ့ရန် ၂ လသာ လိုတော့သည်ဟု သိရသည်။

အင်းစိန်ထောင်တွင်ရှိစဉ်က ကုလသမဂ္ဂသို့ စာရေးသားပေးပို့သဖြင့် စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၁၂ နှစ် ထပ်မံ တိုးမြှင့်လိုက်သည်။ ဦးဘမျိုးသိန်း အကျဉ်းချခံနေရသည့် နှစ်ပေါင်း ၁၉ နှစ် ရှိပြီ ဟု သိရသည်။

ယမန်နေ့က သရက်မြို့ထောင်မှ အနည်းဆုံး နိုင်ငံရေးသမား ၇ ဦး ပြန်လွတ်လာကြောင်း သိရသည်။
ရခိုင်အမျိုးသား ဦးရန်အောင်ရွှေ၊
ကရင်အမျိုးသား ဦးတောကြည်၊
ချောက်မြို့နယ်မှ ဦးထွန်းထွန်းညိမ်း၊
နတ်မောက်မြို့နယ်မှ ဦးဌေးဝင်း၊
မကွေးမြို့မှ ဦးမြင့်ဦး၊
ရေနံချောင်း မြို့နယ်မှ ဦးသာချို၊
ထိုင်းအစိုးရက ဖမ်းပြီး မြန်မာပြည်သို့ ပြန်ပို့ခံရသူ ခိုင်ကောင်းစံ(ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်) တို့ ဖြစ်ကြောင်း သိရသည်။
လူ ၇၀၀၀ ကျော်ကို အစိုးရက လွှတ်ပေးမည်ဟူသော သတင်းကြောင့် ယမန်နေ့က အင်းစိန်အကျဉ်းထောင်ရှေ့သို့ သွားရောက် စူးစမ်းနေကြသော အကျဉ်းသားမိသားစုဝင်များ (ဓာတ်ပုံ မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts