>Journalist on the street of Rangoon – 1st Week of September, View from Rangoon

>

ရန်ကုန်ရှုခင်း – စက်တင်ဘာ ပထမ ပတ်

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်

စက်တင်ဘာ ၂၊ ၂၀၀၉

အက်ဖ်ဒီအေ (ဗဟိုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌါန) နဲ့ စည်ပင်

ပြီးခဲ့တဲ့ လဆန်းမှာ စည်ပင်က လိုက်လံသိမ်းဆည်းခဲ့တဲ့ စားသုံးဆီ အမှတ်တံဆိပ် ၁၁မျိုးအနက် ၇ မျိုးဟာ စားသုံးရန် သင့်သောကြောင့် ဆိုပြီး ပြန်လည်ရောင်းချခွင့်ပြုလိုက်တယ်လို့ အပတ်စဉ်ဂျာနယ်များမှာ ဖေါ်ပြကြပါတယ်။

ဂျာနယ်တစောင်မှာ ရေးသားထားတဲ့ဟာကို ဖေါ်ပြရမယ်ဆိုရင် `ဈေးကွက်များ၊ စူပါမားကက်များတွင် ရောင်းချသော စားသုံးဆီနမူနာများကို သိမ်းဆည်း၍ ဓါတ်ခွဲစစ်ဆေးပြီးနောက် ဘေးအန္တရာယ် မရှိပဲ စားသုံးရန်သင့်သော ဆီတံဆိပ် ၇ မျိုးကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချခွင့် ပြုထားကြောင်း´ လို့ ဖေါ်ပြပါရှိပါတယ်။

နမူနာအနေနဲ့ စစ်ဆေးမယ်ဆို ရောင်းချနေတဲ့ စားသုံးဆီကို ဘာကြောင့်သိမ်းဆည်းရတာလဲ၊ နမူနာအတွက် ယူပြီး စမ်းသပ်၊ ပြီးတဲ့နောက် အန္တရာယ်ရှိတယ်ဆိုရင်ရှိတဲ့ အမှတ်တံဆိပ်ကို ကြေငြာထုတ်ပြန်ပြီး သိမ်းဆည်းတာမျိုးဟာ လုပ်ရိုးလုပ်စဉ် ဖြစ်ပေမယ့် ၊ အထက်က အဖြစ်အပျက်မှာ ၁၁မျိုးလုံးကိုသိမ်းဆည်းလိုက်ပြီး အဲဒီနောက် စစ်ဆေး၊ ပြီးတော့မှ ပြန်ခွင့်ပြုတယ်ဆိုတာ ရှေ့နောက်မညီ သလိုဖြစ်နေပါတယ်။

အဖြစ်မှန်က စည်ပင်က အက်ဖ်ဒီအေက ထုတ်ပြန်တဲ့ စာရင်းနဲ့ကွဲလွဲစွာ လိုက်လံသိမ်းဆည်းခဲ့တာကြောင့် မသက်ဆိုင်တဲ့ အမှတ် တံဆိပ်တွေပါ သိမ်းဆည်းခံခဲ့ ကြရတဲ့ သဘောပါ။ စည်ပင်သာယာဟာ အက်ဖ်ဒီအေ ရဲ့ ကြေငြာချက်ကို လိုက်လံအကောင် အထည်ဖေါ်စောင့်ကြည့်မယ့် တခုထည်းသော အဖွဲ့လိုဖြစ်နေပြီး အဆိုပါ အဖွဲ့က အလွန်အကျွံလုပ်ဆောင် လိုက်တဲ့ဟာကို အက်ဖ်ဒီအေက ကြည့်ကောင်းအောင် ပြန်ဖြေ ပြီးကြေငြာထုတ်ပြန်ရတဲ့ အဖြစ်ပါ။

ဇူုလိုင်လ ၂၅ရက်နေ့ မှာ အက်ဖ်ဒီအေက ထုတ်ပြန်တဲ့ အမှတ်တံဆိပ်တွေထက် ပိုပြီး စည်ပင်က လိုက်သိမ်းတဲ့ အကျိုးဆက်က နယ်စပ်က၀င်တဲ့ စားအုန်းဆီတွေ ဈေးတက်ကုန်တာပဲ ဖြစ်ပါတယ်။ နကိုက ကျပ် ၁၂၀၀ ရှိတဲ့ ပလပ်စတစ် ဆီထုပ်တထုပ်ဟာ အဲဒီလို သတင်းတွေ ထွက်ပြီးနောက်မှာ ၁၂၅၀၊ ၁၃၀၀ စသဖြင့်မြင့်တက်ကုန်ပါတယ်။ စားသုံးနေတဲ့သူတွေ အနေနဲ့ အမြင်မှာရော စားသုံးရာမှာပါ ဘာမှ သံသယ ဖြစ်စရာ မရှိလို့ သူတို့တားမြစ်ထားတဲ့ အမှတ်တံဆိပ်တခုဖြစ်တဲ့ ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် စားအုန်းဆီတွေကို ဆက်လက်ဝယ်ယူ စားသုံးနေခဲ့ကြပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့က ဈေးတွေမှာရော နယ်မြို့ကြီးအချို့က ဈေးတွေမှာပါ စည်ပင်တွေကိုကြောက်လို့ အဲဒီအမှတ်တံဆိပ်တွေကို ပေါ်ပေါ်ထင်ထင် မရောင်းရဲကြတော့ပါဘူး။ ဖွက်ကာ၊ သိမ်းကာ နဲ့ရောင်းချကြရပါတယ်။

ဒီအဖြစ်မှာ ဘာကိုတွေ့ရသလဲဆို စားသုံးသူတွေ အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စောင့်ထိန်းပေးတဲ့ ကျွမ်းကျင်သူ အဖွဲ့ဖြစ်တဲ့ အက်ဖ်ဒီအေ ဟာ ထိုထုတ်ပြန်ချက်ကို လိုက်နာအောင် လုပ်ဆောင်ပေးမယ့် စည်ပင်သာယာလောက် သြဇာမရှိတဲ့ အဖြစ်ပါ။ မြန်မာပြည်မှာ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူတွေဟာ လုံခြုံရေး တာဝန်ယူထားတဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေး အာဏာယူထားသူတွေရဲ့ လက်အောက်မှာ ဘယ်တော့မဆို အသုံးချခံရတဲ့ အဖြစ်ပါ။ ယခုအဖြစ်မှာလည်း အက်ဖ်ဒီအေဟာ စည်ပင်မျက်နှာ မပျက်အောင် ဖေးမပြီး ပြင်ဆင်ပြောဆိုပေးခဲ့ရပါတယ်။

ဒိုင်နာတွေ ရန်ကုန်မြို့တွင်းက နှင်တော့မယ် တဲ့

ကမ္ဘာပေါ်မှာ ခရီးသည်တင်ကားလို့ ဘယ်သူကမှ မယူဆတဲ့ တိုယိုတာ ဒိုင်နာ၊ မစ်ဆုဘီရှီ ကင်တား တို့လို လိုက်ထရပ် အလတ်စား ခရီးသည်တင်ကားတွေကို မကြာမီ လပိုင်းအတွင်း ရန်ကုန်မြို့ထဲက နှင်တော့မယ်ဆိုပြီး ရန်ကုန်မြို့မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီကပြောဆိုပါပြီ။

(နံမည်ကျော် စွယ်စုံရတဲ့ ဒိုင်နာကားများ)

ဒိုင်နာလို့ဆိုလိုက်ရင် အမောင်းကြမ်းပြီး မကြာခဏ ယာဉ်တိုက်မှုဖြစ်လေ့ရှိကာ၊ တက်ရဆင်းရတာ ခက်ခဲ၊ လိုက်ပါစီးနင်းစဉ်မှာလည်း လက်မြဲမြဲမကိုင်ထားရင် ပြုတ်ကျမယ့် အန္တရာယ်ရှိတဲ့ ကား၊ ဆက်ဆံရေး ညံ့ဖျင်းသည့် ယာဉ်နောက်လိုက်များ စတဲ့စတဲ့ ဂုဏ်သတင်းများနဲ့ ရန်ကုန်လူထုက သိရှိကြပါတယ်။ ဒိုင်နာကားတွေကို ၁၉၉၀ ၀န်းကျင်မှစတင်ကာ နိုင်ငံခြား သင်္ဘောသား တွေကတင်သွင်းခဲ့ကြပြီး ရန်ကုန်မြို့တွင်း လိုင်းတွေမှာ ပြေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း လူစီး မီနီဘတ်စ်တွေ၊ ဘတ်စ်ကားကြီးတွေ ၀င်ရောက်လာခဲ့ပေမယ့်လည်း ဒိုင်နာတွေက ယာဉ်လိုင်းအချို့မှာ ပြေးဆွဲနေဆဲဖြစ်တာကို တွေ့မြင်နေကြရပါတယ်။ ကားကြိုကားကြား အတင်းဝင်၊ အတင်းရပ်၊ အတင်းထွက်နဲ့ အမောင်းရမ်းတဲ့ လိုင်းများ အဖြစ်နဲ့ ပိုမိုထင်ရှားလာပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းမတိုင်ခင် နှစ်လယ်ပို်င်းမှာ ဖြစ်ပွားတဲ့ ရွှေဂုံတိုင်၊ လှည်းတန်း သိမ်ကြီးဈေးတ၀ိုက်က အစိုးရဆန့်ကျင်ရေး ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်သူတွေကို လက်မရွံ့စွမ်းအားရှင်တွေနဲ့ ထိုးကြိတ် ဆွဲတင် ရာမှာ လိုင်းထဲက ဒိုင်နာကားတွေက အသုံးတော်ခံခဲ့ရပါတယ်။ ယခုလက်ရှိလည်းပဲ တစုံတရာ ဖြစ်နိုင်ခြေရှိရင် ဒိုင်နာကားတွေချောဆွဲ စွမ်းအားရှင်တွေတင်ပြီး အင်အားပြနေဆဲပါ။ ဒီအကြောင်းတွေကြောင့်လည်း ဒိုင်နာကားတွေဟာ ရန်ကုန်မြို့ထဲမှာ ဆက်လက် ပြေးဆွဲခွင့်ပြုထားသလား လို့ကောက်ချက်ချ ပြောဆိုတာတွေ ကြားသိနေရပါတယ်။

မြို့ပျက် ရန်ကုန်မှာ မီးအားကျ၊ ရေစုပ်မရ၊ ရေမလာ

ယမန်နေ့ (အဂါင်္နေ့ )က စပြီးသဘာဝဓါတ်ငွေ့ ပိုက်ပေါက်တာကြောင့် သဘာဝ ဓါတ်ငွေ့အလာနည်းပြီး လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်ခံရမယ့် မြို့နယ်စာရင်းတွေကို အက်ဖ်အမ်ကကြေငြာနေခဲ့ပါတယ်။ အဲဒီလို ကြေငြာပြီးနောက် တနေ့မှာ ရန်ကုန်မြို့မှာ လျှပ်စစ် ဗို့အား ကျဆင်းပြီး အိမ်သုံး ရေခဲသေတ္တာများ အလုပ်မလုပ်နိုင်တာ၊ ရေတွန်းစက်များ ရေမတွန်းနိုင်လို့ ရန်ကုန်မြို့လည်ရှိ နေရာအချို့မှာ ရေမလာတာ၊ သုံးဖို့ရေမလုံလောက်တော့လို့ ရပ်ကွက်ကျော်၊ လမ်းကျော်ပြီး ရေချိုးရတာတွေ ကြားသိနေရပါတယ်။

(မင်္ဂလာတောင်ညွန့်မြို့နယ်က ရေလွှမ်းတဲ့လမ်း – လမ်းအမည်က မြန်မာ့ဂုဏ်ရည်)

ဗိုလ်တထောင်မြို့နယ် မှာနေထိုင်သူ တဦးက `မနေ့ညက မီးပျက်သွားတယ် နောက်နာရီပိုင်းအကြာပြန်လာပေမယ့် မီးအားက မပြည့်ဘူး၊ ခါတိုင်း ၁၈၀၊ ၂၀၀ ဗို့လောက်ရှိရာကနေ အခုတော့ ၁၅၀ ၀န်းကျင်ပဲရှိတယ်။ လျှပ်စစ်နဲ့ ဟင်းချက်တယ်ဆိုရင် မကျက်နိုင်တော့ဘူး အရမ်းကိုကြာတယ်။ ညနေကျတော့ ရေလည်းစုပ်လို့မရတော့မှန်း ထပ်သိရတယ်၊ လူတွေကို ရေမလာဘူးဆိုတာ ကြိုတင်ကြေငြာ အသိပေးတာလည်းမရှိ၊ နောက်ဘယ်လောက် ကြာမယ်ဆိုတာလည်း မေးလို့မရ၊ ထုတ်ပြန်ကြေငြာတာ မလုပ်တော့ တော်တော်ခက်တယ်´ ဟုဆိုသည်။

`မိုးလယ် မတိုင်ခင်ကတော့ ရေအားလျှပ်စစ်ဆည်တွေ ရေမပြည့်လို့ မီးအား အပြည့် မပေးနိုင်ဘူး လို့ဆိုတယ်။ အခုတခါ ဂက်စ်ပိုက်ပေါက်လို့ မီးမပေးနိုင်ဘူး ဆိုပြန်တော့ ဂက်စ်နဲ့ မီးပေးနေသလိုပြောပြန်တယ်၊ ဘယ်ဟာကို အတည်ယူရမလဲ မသိဘူး´ ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အကယ်၍ လျှပ်စစ် မီးမလာလျင် မီးစက်များ ဖြင့် ရေတင်နိုင်သေးသော်လည်း ပိုက်ရေကိုအားကိုးနေရသည့် မြို့လယ်မြို့နယ်များတွင် ရေတွန်းစက်မှ ရေတွန်းမပို့နိုင်လျင် ရေရရန် အခြားနည်းလမ်း မရှိတော့ပေ။ ရန်ကုန်မြို့ စည်ပင်သာယာ ကော်မတီမှာလည်း စည်ပင်နှင့် ပတ်သက်သည့် အခွန်အကောက်များကို ရနိုင်သမျှ ကောက်ယူပြီး နေပြည်တော် ဆောက်လုပ်ရေး အတွက် ထောက်ပံ့ ပေးနေရသည့် အပြင် ရန်ကုန် မြို့တော်စည်ပင်လုပ်ငန်းများ ကန်ထရိုက်ပေးရာတွင် လက်သင့်ရာချပေးကာ ဝေစားမျှစားခြင်းတို့ဖြင့် ရန်ကုန်မြို့သည် လမ်းများ၊ မြောင်းစနစ် ရေရရှိရေး စနစ်တို့ ပျက်စီးနေသည့် မြို့တမြို့အဖြစ်သို့ ရောက်ရှိကာနေသည်။

(ဆိပ်ကမ်းသာလမ်းမှာ ပျက်နေတဲ့လမ်း)

ရန်ကုန်မြို့လယ်တွင် ဖြစ်စေ အခြားမြို့နယ်များတွင် ဖြစ်စေ ပလက်ဖောင်းပေါ် လမ်းလျှောက်ပါက အောက်ငုံ့မကြည့်၍ မဖြစ်လောက်အောင် ကျိုးပဲ့နေသည့် ကွန်ကရစ်ပြားများ၊ မြောင်းပေါက်များ ဖြင့်တန်ဆာဆင်ထားသည်။ မိုးကြီးသည့် အခါ လူတရပ်မျှ နက်သည့် မြောင်းပေါက်များကို ကျွံမကျစေဖို့ ၀ါးလုံးများ၊ တိုင်များ စိုက်ကာ သတိပေးထားရသည်။ နကို မဆလ ခေတ်များဆီက ခင်းထားသော ကောင်းနေသေးသည့် ပလက်ဖောင်း အခင်း ကွန်ကရစ်အပြားများကို ခွာပြစ်၊ ချိုးဖဲ့ပြစ်ပြီး နောက် ဘိလပ်မြေ မပါသလောက်နှင့် သံချောင်းသေးသေး သာထည့်သွင်းထားသည့် ကွန်ကရစ် အခင်းပြားများဖြင့် အစားထိုးသည့်အခါ တနှစ်မပြည့်မီပင် ထိုအခင်းများ ကျိုးပဲ့ကုန်ခြင်း၊ အောက်ခင်းမှ ကြွက်ဖောက်ပြီး ထိုးထိုးထောင်ထောင် ဖြစ်ကုန်ခြင်းတို့ကို မြင်တွေ့နေရသည်။

န၀တ၊ နအဖ ခေတ်တွင် လာဘ်စားမှု၊ လက်သင့်ရာပေးသည့် စနစ်မည်မျှ ဆိုးရွားလာသနည်း ဆိုလျင် မဆလ ခေတ်က ခင်းသည့် ကွန်ကရစ် အခင်းပြားများကပင် န၀တခေတ်နှင့်စာလျင် ကောင်းသေးသည်ဟု ချီးမွမ်းရမည့် အခြေဆိုက်ရောက်နေသည်။ ရန်ကုန်မြို့တွင်း ပလက်ဖောင်းများကို အသစ်ခင်းသည့် ကန်ထရိုက်ပေးလိုသဖြင့် ပိုမိုခိုင်ခန့်သည့် အခင်းပြားများကို ချိုးဖဲ့ကာ ပွပွညံ့ညံ့ အခင်းပြားများဖြင့် အစားထိုးသည့် အနေအထားသို့ ရောက်နေပြီဟု ဆိုရမည်။

အမှိုက်များ၊ ရေဆိုးပုပ်များ၊ ပလက်ဖောင်းဖုံး ကွန်ကရစ် အကျိုးအပဲ့များကို စီကာစဉ်ကာ အုပ်ထားသည့် လမ်းများသည် ရန်ကုန်မြို့၏ ရှုခင်းများပင် ဖြစ်တော့သည်။






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts