>Yebaw Shaung a.k.a. Pado Mahn Nyein Maung

>

ကိုကိုးကျွန်းမှ သက်စွန့်ဆံဖျား လွတ်မြောက်ခဲ့သူ ရဲဘော်ရှောင်း ဟောပြောပွဲ ပြုလုပ်
သြဂုတ် ၂၈၊ ၂၀၀၉

ခင်လွန်း

ကိုကိုးကျွန်း အကျဉ်းစခန်းမှ လွတ်မြောက်ရေး အတွက် ပင်လယ်ပြင်ကို လှေငယ် လှေတစင်းဖြင့် သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့သူ တော်လှန်ရေး စာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်က မျိုးဆက်သစ်များသို့ တော်လှန်ရေး “ အမွေ ” လက်ဆင့်ကမ်းသည့် အနေဖြင့် စာပေဟောပြောပွဲ တရပ် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အကြွင်းမဲ့ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီ အရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်း ပေါ်ပေါက်လာရေးတို့ အတွက် ဘ၀ တလျှောက်လုံး တော်လှန်ရေး ဆင်နွှဲနေသည့် ကိုကိုးကျွန်း အကျဉ်းစံခဲ့ရသူ စာရေးဆရာ ရဲဘော်ရှောင်းက ယနေ့ မျိုးဆက်သစ် လူငယ်များသို့ တော်လှန်ရေး အတွေ့အကြုံ၊ အတွေးခေါ်များ လက်ဆင့်ကမ်းသည့် အနေနှင့် “အမွေ” ဟူသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ နို့ဖိုး ဒုက္ခသည်စခန်းရှိ ငြိမ်းချမ်းရေး ရင်ပြင် တိုင်းရင်းသား သင်တန်းကျောင်း ခန်းမတွင် ယနေ့ညနေပိုင်းက စာပေ ဟောပြောပွဲ တရပ် ဟောပြောသွားခဲ့သည်။

ရဲဘော်ရှောင်းက ကိုကိုးကျွန်း၌ အာဏာပိုင်များ၏ ဖိနှိပ် ရက်စက်မှုများကို ဆန့်ကျင်၍ နည်းအမျိုးမျိုး အာခံခဲ့ပုံများနှင့် အတွေ့အကြုံ ကြီးရင့်သူများက လူငယ် ရဲဘော်များ အပေါ် ဦးဆောင်မှု ပေးခဲ့ပုံ၊ ဘ၀တူ အကျဉ်းစံ အချင်းချင်း အပြန်အလှန် လေးစား တန်ဖိုးထားမှုများ ရှိခဲ့ပုံ တို့နှင့် အာဏာရှင်တို့ ပြုသမျှ ငုံ့မခံဘဲ ပင်လယ်ပြင်ကို လှေငယ်လေးတစီးဖြင့် ထွက်ပြေး လွတ်မြောက်ရန် သူနှင့် အခြားရဲဘော်(၂)ဦးတို့၏ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ပုံများကို စိတ်ဝင်စားဖွယ် ဟောပြောခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်၌ သဘာဝတရားကြီးနှင့် (၁၀)ရက်ကျော် အပြိုင်အဆိုင် အနိုင်နွှဲခဲ့ပုံများ၊ ကမ်းခြေတနေရာသို့ ရောက်ချိန်တွင် တွေ့ကြုံ ဆုံခဲ့ရသည့် ရိုးသားစွာ အကူအညီပေးသူ၊ ကောက်ကျစ်စွာ ထောင်ချောက် ဆင်သူတို့၏ သရုပ်များကို စာပေပရိသတ်များ မျိုးဆက်သစ်လူငယ်များ လွမ်းမော အားကျဖွယ်ရာ အဖြစ်များဖြင့် ရသမြောက်စွာ ဟောပြောသွားခဲ့သည်။

ရဲဘော်ရှောင်းက သူတို့ခေတ် လူငယ်များ၏ စိတ်ဓာတ်နှင့် စပ်လျဉ်း၍ ယနေ့ လူငယ်များ စံပြုထိုက်ဖွယ် အဖြစ် ပြောကြားရာတွင် “ ကျနော်တို့ခေတ်က လူငယ်တွေက အပြိုင်အဆိုင် အမြဲ ရှိကြတယ်။ တဖွဲ့ချင်းတွေမှာလည်း အပြိုင်အဆိုင် ရှိတယ်။ သူ့ပါတီနဲ့ ကိုယ့်ပါတီလဲ အပြိုင်အဆိုင်ရှိတယ်။ အဲဒါ ဘာတွေပြိုင်လည်း ဆိုတော့ ကျနော်တို့က ဘယ်သူတွေက အဆင်းအရဲ အပင်အပမ်းခံလဲ၊ ဘယ်သူတွေက ကိုယ်ကျိုးစွန့်လဲ၊ ဘယ်သူတွေက အနစ်နာခံသလဲ၊ ကျနော်တို့က အဲဒါ့တွေနဲ့ပြိုင်တာ၊ အဲဒီလို စိတ်ဓာတ်တွေနဲ့ ပြိုင်ကြတာ ” ဟု ပြောဆိုကာ ကိုကိုးကျွန်းတွင် နေရစဉ် ကျင့်သုံးခဲ့သည့် ဖြစ်ရပ်တခုကို ယခုလို ပြောပြသည်။

“ ဥပမာတခု ကျနော်တို့ ငါးတကောင် ရတယ်။ ငါးတကောင် ရှာလို့ရတယ်ဆိုရင် ဒီငါးကို ဘယ်လိုစားမလဲ ဆိုတာ စဉ်းစားတာ။ ငါးရှာလို့ရရင် ငါးက စားဖို့ပဲပေါ့။ ငါးစားတာ စဉ်းစားစရာ လိုသေးလား။ ခင်ဗျားတို့ တွေးမိမှာပဲ။ ဒါပေမဲ့ ဒီငါးကို ဘယ်လို စားမလဲ ဆိုတာ ကျနော်တို့က စဉ်းစားတာ။ စဉ်းစားတယ် ဆိုတာ ဒီငါးကို ဘယ်သူ့ကို ကျွေးမလဲဆိုတာ စဉ်းစားတာ။ ကျနော်တို့ အဲဒီလိုစဉ်းစားတာ။ ဒီငါးကို ငါစားဖို့ မစဉ်းစားဘူး၊ ကျနော်တို့ထဲက ဘယ်သူ့ကို ကျွေးမလဲလို့ ကျနော်စဉ်းစားတာ။ စဉ်းစားလိုက်လို့ရှိရင် ဒို့အထဲထဲမှာ ဘယ်သူတွေက ဖျားနာနေသလဲ၊ ဘယ်သူတွေ ဖျားနာနေလို့ရှိရင် အဲဒီ့ရဲဘော်တော့ အာဟာရဓာတ် လိုနေမှာပဲ၊ ဒီငါးကို ငါကျွေးမယ်ဆိုတဲ့ အဲဒီ့လို စဉ်းစားတာ။ အဲဒီလိုဟာမျိုး နာဖျား မကျန်းဖြစ်တဲ့ ရဲဘော်တွေကိုပဲ အရင်ဆုံးကျွေးဖို့ စဉ်းစားတာ။ နာဖျားမကျန်းဖြစ်တဲ့လူ မရှိလို့ရှိရင် နာလန်ထတွေကို ကျနော်တို့ ကျွေးဖို့ စဉ်းစားတာ။ နာလန်ထတွေမှာ မရှိဘူး ဆိုလို့ရှိရင် ကျနော်တို့ခုနက စောစောက ပြောခဲ့တဲ့ သခင်ခင်အောင်တို့လို လေထီးဗိုလ်အုန်းမောင်တို့လို ၆၀ ကျော်-၇၀ အဘိုးကြီးတွေကို ကျနော်တို့ကို ကျွေးတယ်။ အဲဒီ့အဘိုးကြီးတွေကလည်း မစားဘူး၊ ဖိုကြီးကိုပဲ သွားပေးတယ်” စသည်ဖြင့် ပြောဆိုကာ “ ကျနော်တို့ခေတ်က လူငယ်တွေရဲ့ စိတ်ဓာတ်ကို ပြောပါတယ်၊ ကျနော်တို့ကျွန်းမှာ ဘယ်လို လက်တွေ့ဘ၀ နေထိုင်မှု ထူထောင်သလဲ ဆိုတာ ကျနော် ပြောပြချင်တာပါ ” ဟူ၍ ရဲဘော် အချင်းချင်း ထားရမည့် စိတ်ဓာတ်နှင့် ခံယူချက်ကို မျိုးဆက်သစ် လူငယ်များ စံပြု လိုက်နာဖွယ် ဖြစ်အောင် ဟောပြောခဲ့သည်။

နိဂုံးပိုင်းတွင် ဆရာရဲဘော်ရှောင်းက တော်လှန်ရေးတရပ်တွင် တွေ့ရတတ်သည့် ရေသာခိုလှေကြုံစီး အချောင်သမားများ၏ စရိုက်လက္ခဏာများနှင့် ယင်းတို့၏ ဘ၀နေ၀င်ချိန် တန်ဖိုးမဲ့ပုံကို သတိသံဝေဂရဖွယ် ဖြစ်အောင်လည်း ပြောကြားသွားခဲ့သည်။

ဆရာက “အမွေ” ဟူသော ခေါင်းစဉ်နှင့် ဟောပြောရခြင်းနှင့် စပ်လျဉ်း၍ “ငါ တလျှောက်လုံး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တယောက်အနေနဲ့ ငါ့ရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်နဲ့ ငါ့ရဲ့ ဖြူစင်တဲ့ သန့်ရှင်းတဲ့ အတွေ့အကြုံတွေကို ငါ့သားတွေသမီးတွေ နောင်လာနောက်သားတွေ ဒီအမွေပဲ ငါ့မှာ ပေးစရာ ရှိတယ်” ဟု ခံယူသည့် အတွက် ယခုလို ဟောပြောရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထိုစာပေဟောပြောပွဲသို့ နို့ဖိုးဒုက္ခသည် စခန်း အတွင်းရှိ ကရင်မျိုးဆက်သစ် လူငယ်များ အပါအ၀င် တိုင်းရင်းသား လူမျိုးပေါင်းစုံ စာပေ ၀ါသနာရှင် (၁၅၀)ခန့် တက်ရောက်ခဲ့သည်။

စာပေ ဟောပြောပွဲ တက်ရောက်သူ လူငယ်ကိုလှမြင့်ကျော်က “ ဒီဟောပြောပွဲက သိပ်တန်ဖိုးရှိတယ်။ ကျနော်တို့ စိတ်ဓာတ်တွေကို အားမာန်နဲ့ သတ္တိခွန်အားကို ရစေတယ်။ ပြီးတော့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကြားက ကွာဟမှုကို ဆွဲစေ့လိုက်သလို ဖြစ်သွားတယ်။ တော်လှန်ရေးဆိုတာ ကိုယ်ကျိုးစွန့် အနစ်နာခံမှု ပေးဆပ်မှုမပါဘဲ အခွင့် အရေးသမားတွေနဲ့ချည်းဆို ဘယ်လို ဖြစ်သွားမလဲ ဆိုတဲ့ အတွေးရတယ်ပေါ့ဗျာ” ဟု ပြောသည်။

စာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉-ခု ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် စာရေးဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ကေတီဦးကျော်တင့်၊ လူထုဦးစိန်ဝင်း၊ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန် စသည့် နိုင်ငံရေး အကျဉ်းသား (၂၃၃)ဦး တို့နှင့်အတူ ကိုးကျွန်းသို့ ပထမဆုံး အသုတ်အဖြစ် အပို့ ခံခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts