>Street Journalist – Rangoon in August 2nd Week

>

ရန်ကုန်ရှုခင်း – သြဂုတ်လ ဒုတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်

သြဂုတ် ၁၈၊ ၂၀၀၉

ယက်တောနဲ့ နအဖရဲ့ ပြဇတ် တခန်းရပ်သော်လည်း ဒေါ်စု လွတ်မြောက်ဖို့ အလားအလာမမြင်

စစ်အစိုးရ၏ နိုင်ငံရေး ပြဇတ်တပုဒ် တွင်လာရောက် အသုံးတော်ခံသွားခဲ့ရသူ ဂျွန်ယက်တော တယောက်တော့ အချိန်မီလာရောက်သူ အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်နှင့် အတူပြည်တော်ပြန်သွားခဲ့ပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းမဲ့သက်သက် ချုပ်နှောင်ထားလိုသဖြင့် ရေကူးသွားရောက်သည့် အမေရိကန် နိုင်ငံသားကို ဖမ်းမိပြီး ရက်ပိုင်းတွင် ယခုပြဇာတ်ကို နအဖစစ်အစိုးရက ရေးခဲ့သည်။ ထိုပြဇတ်တွင် ဂျွန်ယက်တောကို ယခုအမှုတွင် တာဝန်အရှိဆုံးလူ အဖြစ် ပုံဖေါ်ကပြစေခဲ့ကာ ၃ လ တာ ကပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန်ယက်တောအား တညအိပ် နေအိမ်တွင် နေထိုင်ခွင့်ပြုခဲ့ခြင်းအတွက် ၁၉၇၅ခုနှစ် တွင်ထုတ်ပြန်သည့် နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးသူများအား တားဆီးသည့် ဥပဒေ ပုဒ်မ (၂၂) ဖြင့် ထောင်ဒဏ် ၃နှစ် အပြစ်ပေးခဲ့သည်။ ထို့နောက် မိနစ်မဆိုင်းပဲ ၁ နှစ်ခွဲသို့ လျော့သည့်အမိန့်ထုတ်ပြန်ကြေငြာကာ နေအိမ်အကျယ်ချုပ်နှင့် တနှစ်ခွဲနေထိုင်စေဆိုသည့် အမိန့်ကိုပါ ရှုပ်ရှုပ်ထွေးထွေးဖြင့်ထုတ်ပြန်ခဲ့သည်။

အမှန်က ဒေါ်အောင်ဆန်းစုကြည်မှာ တနှစ်ခွဲနှင့် နေအိမ်အကျယ်ချုပ်မှမလွတ်ခင်အချိန်ထိ ဆိုင်းငံ့အပြစ်ဒဏ် ၁နှစ်ခွဲကို ကျခံနိုင်သည့် အလားအလာကို ခြိမ်းခြောက်ခံနေရဦးမည့် သဘောဖြစ်သည်။

ထိုအချက်ကိုလည်း ထိုအမိန့် ကြေငြာခါစတွင် မသဲကွဲခဲ့သဖြင့် ဒေါ်စုအပေါ် တနှစ်ခွဲပဲ ချုပ်နှောင်ထားသည်ဆိုပြီး အပြုသဘော မြင်သည့်သုံးသပ်ချက်များပင် ထွက်ပေါ်ခဲ့သေးသည်။ အမှန်မှာ တနှစ်ခွဲ အကျယ်ချုပ်ဖြင့် နေရမည့် ကာလ မကုန်မချင်း နောက်ထပ် တနှစ်ခွဲ အလုပ်ကြမ်း ထောင်ဒဏ် အပြစ်ပေးခံရကိန်း ရှိနေသည့် အဓိပ္ပါယ်ကို မျက်စေ့မလည်သင့်ပေ။

နောက်တနှစ်ခွဲ ကာလလုံး ၃နှစ်ထိ ထိန်းသိမ်းထားနိုင်သည့် အခွင့်အရေးကို နအဖက ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ အများပြည်သူကတော့ ယခုလို ယက်တော ကို ထောင်ဒဏ် နှစ် အမိန့်ချပြီး ၆ရက်မျှ မပြည့်သေးခင် မြန်မာနိုင်ငံသို့လာရောက်သည့် အထက်လွှတ်တော်အမတ် ဂျင်ဝက်နှင့် ပြန်ထည့်လိုက်သည့် ကိုကြားသိရသည့်အခါ ဒေါသထွက်ကြသည်။ ခံပြင်းကြသည်။ လုပ်ဇတ်တခုကို နအဖက ကပြသည်ဟု ယူဆပြီး ထိုသို့ကပြသည့် လုပ်ဇတ်ကြီးမှာလည်း ပေါလောပေါ်နေသည်ဟု ဝေဘန်ပြောဆိုနေကြသည်။

ရန်ကုန်မြို့ခံအချို့ကအိမ်ထဲ သူခိုးဝင်တယ်ဆိုရင် သူခိုးက ထောင်မကျပဲ ပြန်လွှတ်ပြီး အိမ်ရှင်ကို သူခိုးဝင်ခံရတဲ့ အမှုနဲ့ ထောင်ချထားတဲ့ အဓိပ္ပါယ်ပေါ့´´ ဟုဆိုကြသည်။

ရန်ကုန်မြို့မှ ဆံပင်ညှပ်သူ တဦးက `အခုဟာက တော်တော် ဗြောင်ကျတယ်။ ယက်တောဟာ နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူရှိတယ်ဆိုရင်လည် အဲဒီကြိုးကိုင်တဲ့သူဟာ နအဖ ပဲဖြစ်လိမ့်မယ်´ ဟုဆိုသည်။

အခြားသော နိုင်ငံရေးအမြင် ရှုထောင့်မှ ကြည့်သူများက ယခုလို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကိုမပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်အား အမေရိကန် အထက်လွှတ်တော် အမတ်တယောက်ကို ပေးသည့် အချက်သည် နအဖ အစိုးရက အမေရိကန်ကို မည်မျှ မျက်နှာလုပ်လိုသည်၊ မည်မျှ ကြောက်ရွံ့သည်ကို ပြသခြင်းဟု အနက်ဖွင့်နိုင်သည်ဟု ပြောဆိုကြသည်။

မည်မျှပင် သတင်းစာဆောင်းပါးများတွင် အမေရိကန်ကို ပုတ်ခတ်ရေးသားနေပါစေ တပ်မတော် ခေါင်းဆောင်တွေက အမေရိကန်အစိုးရကို အလေးထား ဆက်ဆံနေသည်မှာ ထင်ရှားသည်ဟု ဝေဘန်ပြောဆိုကြသည်။


နိုင်ငံရေးပါနေသည့် စားသုံးဆီ မစားသုံးရ

စားသုံးဆီများသန့်သလား မသန့်ဘူးလား ဆိုတာ မကြာမီက ရန်ကုန်မြို့ စည်ပင်သာယာ ရေးကော်မတီ (၀ိုင်စီဒီစီ) ကစားသုံးရန်မသင့်သည့် ထိုင်းနိုင်ငံထုတ် စားအုန်းဆီ တံဆိပ်အချို့ကို လိုက်လံသိမ်းဆည်းနေသဖြင့် ရန်ကုန်မြို့နှင့် နယ်မြို့ ကြီးအချို့မှ ဈေးများတွင်ပါ ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင် တံဆိပ်အပါအ၀င် အမျိုးအမည် အများအပြားကို သိမ်းဆည်းသိုဝှက်ရောင်း ချနေကြရသည်။

အစားအသောက်ကြီးကြပ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်သည့် စာရင်းထက်ပိုပြီး စည်ပင်သာယာ ၀န်ထမ်းများက သိမ်းဆည်းနေကြသည်။ ထိုသို့သိမ်းဆည်းလိုက်သည့် ပစ္စည်းများကိုလည်း ဖျက်ဆီးသလား၊ ပြန်လည်ရောင်းထုတ်သလား ဆိုသည်ကိုလည်း ရှင်းလင်းစွာ မသိကြရပေ။

ပုစွန်နှစ်ကောင် တံဆိပ်စားအုန်းဆီမှာ သူတို့ပြောသလို ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု မည်သည့် စားသုံးသူကမျှ မယုံကြည်ကြပေ။ ထိုပိတ်ပင်ချက်၏ နောက်ကွယ်တွင် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး မကောင်းသည့် အကြောင်း၊ ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းခွင့်ရနေသည့် လုပ်ငန်းရှင်ကြီးများ ၏အကျိုးစီးပွား တို့ပါဝင်နေလိမ့်မည်ဟု ယုံကြည်နေကြသည်။

အစိုးရနှင့် နီးစပ်သည့် ထူးကုမ္ပဏီလို၊ စစ်တပ်၏ စီးပွားရေးဦးပိုင် လီမိတက်လိုမျိုးက တင်သွင်းသည့် စားအုန်းဆီများ နောက်နေသည့်အခါမည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကမျှ ကျန်းမာရေးနှင့်ညီမညီ စစ်ဆေးပိုင်ခွင့် မရှိခဲ့ပေ။ အနည်ပါသဖြင့်နောက်နေသည့် စားအုန်းဆီများ၊ အညံ့များဖြင့်ရောထားသည့် စားအုန်းဆီများကို တင်သွင်းလာသည့်အခါ စစ်ဆေးရသည့် အကောက်ခွန်စသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများက စောဒက မတက်ဝံ့ကြပေ။

ယခုတလော အစားအသောက် စစ်ဆေးကြီးကြပ်ရေး ဗဟိုအဖွဲ့(အက်ဖ်ဒီအေ) က ယခုလို မသန့်ရှင်းသည့် အတွက် ကျန်းမာရေးအတွက် မကိုက်ညီ စားသုံးရန် မသင့် ဆိုသည့် အသိပေးထုတ်ပြန်ချက်များသည် ပြည်သူအများ၏ အကျိုးကိုလိုလား၍လား၊ သို့တည်းမဟုတ် နိုင်ငံရေး ရည်ရွယ်ချက် နောက်ခံပါသလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts