>UN council calls on SPDC to release of Daw Suu

>

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ရန် ကုလ လုံခြုံရေးကောင်စီ တောင်းဆို
AP သတင်းဌာန
သြဂုတ် ၁၄၊ ၂ဝဝ၉


၂ ရက်ကြာ ဆွေးနွေးပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုသည့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချလိုက်ခြင်း နှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအရ သက်ရောက်မှုတို့မှာ အကြီးအကျယ် စိုးရိမ်ဖွယ်ဖြစ်သည်” ဟု အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေး ကောင်စီက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား အဖွဲ့များ နှင့် စစ်မှန်သည့် ဆွေးနွေးပွဲများ စတင် ပြုလုပ်ရန်လည်း စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ၀န်းကျင်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြင့် ထောင် ၁၈ လ ချလိုက်သည်။

အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ် ရာဇ၀တ်မှုနှင့် စီရင်ချက် ချခံရခြင်း ဖြစ်သည်။

သူ၏ ပါတီက ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၉၅ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်ခံနေရသည့် ဒီမိုကရေစီ လှုပ်ရှားမှု၏ သင်္ကေတ ဖြစ်လာသည်။ ၁၉၉၁ တွင် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts