>Soon – The Lights of God

>

ဘုရားသခင်ရဲ့မီးအိမ်
ဆွန်း

သြဂုတ် ၁၂၊ ၂၀၀၉

ကိုယ့်အညွန့်ကို ကိုက်ဖြတ်ပြီး
ဒီအလင်းကို ညှိဖို့
ဘုရားသခင် ဖန်ဆင်းလွှတ်လိုက်တဲ့
“မီးအိမ်တွေ” ။

မြုံနေတဲ့မီးတောင်တစ်ခုရဲ့ အတွင်းသားတွေလို
တပွက်ပွက် လှိုက်ဆူနေတဲ့ ပရိဒေ၀တွေကို
ငြှိမ်းသတ်ဖို့

အိမ်ကြက်ချင်း အိုးမည်းသုတ်ထားတဲ့ အမြင်အသိတွေနဲ့
ညီအကိုချင်း သွေးဆာနေတဲ့ လူသတ်ပွဲတွေကို
ဟန့်တားဖို့ …

တောင်လိုပုံနေတဲ့ ၀ိဉာဉ်တွေရဲ့ ဆန္ဒနဲ့
ချောင်းလိုစီးနေတဲ့ သွေးစိမ်းရှင်ရှင်တွေရဲ့ မျှော်လင့်ချက်ကို
ဖြည့်ဆည်းဖို့ …

မျက်ရည်ပူတွေ ပိန်းပိတ်နေတဲ့ အမေ့အငေး တွေနဲ့ …
သန်းကောင်ယံမှာ အံကြိတ်နေရတဲ့ အဖေ့အတွေးတွေကို
ချွေးသိပ်ဖို့

မြင်လည်း မသိတဲ့အကြည့်တွေနဲ့…
စွင့်လျှက်မကြားတဲ့ နား အစုံစုံကို
ကယ်တင်ဖို့ …

ကိုယ့်ဝမ်းတောင် ကိုယ်မသထာနိုင်တော့တဲ့ကြောင့်ကြနဲ့
ဇောချွေးဒီးဒီး ကျနေတဲ့ ဘ၀မောတွေကို
ဖေးကူဖို့ …

ကိုယ့်အဆုတ်နဲ့ကိုတောင် အသက်ရှုသံ မပြင်းဝံ့လောက်အောင်
ကိုယ့်အရိပ်ကို ရန်သူထင်နေကြတဲ့စစ်ဖိနပ်တွေအောက်က
လွတ်မြောက်ဖို့ …

ဆန္ဒအမှန်ဆိုသမျှကို သိုဝှက် သိမ်းထုတ်ထားရတဲ့
သေနပ်ပြောင်းဝကစိတ် အသေတွေကို
လှုပ်နိုးဖို့ …

ဘာမှ မရေရာတော့တဲ့ ရေစုန်မျော အနာဂါတ်တွေနဲ့
ဇွတ်အတင်း ပုံဖေါ်နေကြတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို
နင်းချေ ဖို့

ထိပ်ဆုံး တန်းဝင် ဆင်းရဲမွဲတေမှုတွေနဲ့
ရေပေါ်ဆီ ရုပ်လုံးပြလမ်းစဉ်တွေကို
မီးတိုက်ဖို့ …

လိုရင်လိုသလို ပြန့်ကား ပစ်နိုင်ပြီး
မှောင်ချင်ရာကို မှောင်မိုက်ထားနိုင်တဲ့
စိတ်တွင်းဖြစ် ဥပဒေသတွေကို
သင်္ဂြိုလ်ဖို့ …

တဖြည်းဖြည်း ညှိုးရော်လာတဲ့…
အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေအရောင်တက်ဖို့
ဝါးအစည်းပြေသလို ပြေကျနေရတဲ့
အမျိုးသားဆက်ဆံရေးတွေ ညီညွတ်ဖို့

အဖဗမာပြည်ကြီးရဲ့ ကောင်းကင်က
ယမ်းခိုးဝေနေတဲ့တိမ်ဆိုင် တိမ်လိပ်တွေနဲ့
အဖဗမာပြည်ကြီးရဲ့မြေသားက
သွေးနံ့ညှီနေတဲ့ လမ်းမကြီးတွေကို
ဆေး ကြော ဖို့

သူတို့ …

လာ ခဲ့ တယ်။

သူတို့မှာ …
သူတို့ နှလုံးအိမ်နဲ့ မဆန့်ရင်ကာ
ဒါဏ်ရာဒါဏ်ချက်တွေ ရရှိထားကြတယ်
သူတို့သွေးကြောတွေ ထဲမှာ
ပူနွေးနီရဲနေတဲ့ အမျိုးချစ်စိတ်တွေ စီးနေတယ်
သူတို့ ဦးဏှောက်တွေထဲမှာ
ဘယ်လိုအလိုရမ္မက်မှ စွန်းထင်း မနေကြတဲ့
အမှားတွေကို မလိုချင်ခြင်းအဖြူထည် သန့်သန့်တွေရှိတယ်။

သူတို့မျက်ကြည်လွှာမှာတော့
နိုးကြားတက်ကြွတဲ့ ထက်မြက်ရဲရင့်တဲ့
အနစ်နာခံခြင်း စိတ်ရောင်ခြည်တွေ ၀င်းလဲ့လို့

သူတို့လား …

ကိုယ့်အညွန့်ကို ကိုက်ဖြတ်ပြီး
ဒီအလင်းကိုညှိဖို့
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…

“မီးအိမ်တွေ” ။

(ဒီမိုကရေစီတိုက်ပွဲအတွင်းတွင်ကျဆုံးသွားခဲ့ရသော အကျဉ်းချခံနေကြရသော ရဟန်း ရှင်လူ အာဇာနည်အပေါင်းအား ဦးညွှတ် ဂုဏ်ပြုလျက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts