>News on the Road – 1st Week of August 2009

>

ရန်ကုန်ရှုခင်း – သြဂုတ် ပထမပတ်

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်

သြဂုတ် ၈၊ ၂၀၀၉

မြန်မာပြည်က လုပ်ငန်းတွေ ရပ်တန့်ပြီး ဒေါ်စုအမှုကို စောင့်ကြည့်နေပြီ

ဒေါ်အောင်ဆန်းစုကြည် အမှု နှင့် ရန်ကုန်နိုင်ငံရေး ရာသီဥတု
သြဂုတ်လ ၃၁ရက်နေ့မှာ အမိန့်ချမယ်ဆိုတာကြောင့် ရန်ကုန်မြို့ခံတွေ အပါအ၀င် တနိုင်ငံလုံး တကမ္ဘာလုံးက စိတ်ဝင်စားစွာ စောင့်မျှော်နားထောင် နေခဲ့ပါတယ်။

ဒီနေ့ထုတ် ဂျာနယ်တစောင်မှာ ဒေါ်အောင်ဆန်းစုကြည် အမှုအပြင် မြန်မာနိုင်ငံမှာ အခြားအရေးကြီးတဲ့ ကိစ္စရပ်များစွာရှိတယ်လို့ စင်ကာပူ ၀န်ကြီးဂိုချုပ်ထောင်က ပြောတယ်လို့ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ် တခုကို ဖေါ်ဆောင်တာမဟုတ်ပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်အစိုးရကို မှတ်ကျောက်တင်မယ့် လတ်တလော အရေးပါတဲ့ အဖြစ်အပျက်တခု ဖြစ်နေပါတယ်။ ဒီလို မှတ်ကျောက်တင်ခံရမယ့် အဖြစ်ကို နအဖက တည့်တည့်ရင်မဆိုင်ရဲတာကြောင့် အမိန့်ချမယ့် ရက်ကိုရှောင်လွှဲပြီး အာရုံစိုက်မှု လျော့ကျလာအောင် လုပ်ဆောင်နေတာပါ။ ဒီအချက်ကိုလည်း အားလုံးက နားလည် သဘောပေါက်ကြတာ တွေ့မြင်ကြားသိနေရပါတယ်။

ရန်ကုန်မြို့က အရောင်းအ၀ယ်လောက၊ စီးပွားရေးလောက အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမယ့် အဖြစ်အပျက် ပြီးမှ စီးပွားရေးလုပ်ဆောင်ဖို့ စောင့်ကြည့် နေကြပါတယ်။ အိမ်ခြံမြေလောကမှာ ဆိုရင်လည်း ပထမ ဇူလိုင်လ ၃၁ရက်နောက်ပိုင်းမှ အရောင်းအ၀ယ်ကို စဉ်းစားဖို့ ရွှေ့ဆိုင်းတာတွေရှိခဲ့ပြီး၊ ယခုတဖန် ၁၁ရက်နေ့ ရွှေ့ဆိုင်းပြီးနောက် အရောင်းအ၀ယ် နဲ့ဆိုင်တဲ့ ဆုံးဖြတ်တာကို အဲဒီရက်နောက်ပိုင်း ရွှေ့ထားကြတယ်လို့ ဆိုကြပါတယ်။ အလားတူပဲ ကားဈေးကွက်မှာလည်း အမိန့်ချမယ့်ရက်ကိုစောင့်ကြည့်နေကြ တယ်လို့ဆိုပါတယ်။ နိုင်ငံရေးအခြေအနေဟာ စီးပွားရေးကို ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ပြသတာပါ။

ဒီလို မှုန်မှိုင်းနေတဲ့ နိုင်ငံရေး ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်နေစဉ်မှာပဲ ၈လေးလုံး ၂၁နှစ် ပြည့်နှစ်ပတ်လည် နေ့ကလည်း ကျရောက်လာပြန်ပါပြီ။ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ရုန်းကန်ခဲ့ကြ စတေးခဲ့ကြတာ ၂၁နှစ် ရှိခဲ့ပြီး၊ အဖမ်းခံ၊ အနှိပ်စက်ခံ၊ စတေးခံခဲ့ကြရတာလည်း လူထောင်နဲ့ သောင်းနဲ့မကသလို တိုင်းပြည်စီးပွားရေးကလည်း ပိုပြီး ဆိုးဝါးလာနေပါတယ်။ အဲဒီလို စီးပွားရေး ကြပ်တည်း နိုင်ငံရေး ထွက်ပေါက်မရှိတဲ့ အခြေအနေ ကြားထဲမှာ မီးစတစ ကျခဲ့ရင်တော့ မီးလောင်တာ ပေါက်ကွဲတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုပေါက်ကွဲမှုမျိုးဟာ ဘယ်သုကမှ ဖြစ်စေချင်ကြတာမဟုတ်ပါဘူး။ သို့ပေမယ့် လတ်တလော အခြေအနေက တွန်းပို့လို့သာ ဖြစ်ပေါ်လာနိင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမိန့်ချခဲ့ရင် အဲဒီလို လုပ်ဆောင်မှုဟာ မီးစတစ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို နအဖက သတိမပြုမိဘူးလို့ မထင်မိကြောင်းပါ။


ကြက်ဥအတုနဲ့ လတ်တလောနိုင်ငံရေး အာရုံ သို့မဟုတ် ကြက်ဥအတုရဲ့ နိုင်ငံရေးမာယာ

ယခုလဆန်းမှာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဗဟိုဌါန (အက်ဖ် ဒီအေ)က ထုတ်ပြန်တဲ့ ကြေငြာချက် တစောင်ကြောင့် ရန်ကုန်ရော အခြားမြို့ကြီးများမှာ နေထိုင်သူတွေ ကိုယ်စားနေတဲ့ ကြက်ဥကိုတောင် စားပွဲပေါ်တင်ပြီး လှည့်ကြည့်ရမလား၊ အနှစ်ချောင်မချောင် လှုပ်ကြည့်ရမလားနဲ့ အာရုံနောက်ကုန်ကြပါတယ်။

ဓါတုဗေဒ နည်းနဲ့ လုပ်ထားတဲ့ ကြက်ဥ အတုတွေ အိမ်နီးချင်းနိုင်ငံများက တဆင့်ဝင်ရောက်နေတယ် လို့ဖေါ်ပြထားပြီး ဘယ်နိုင်ငံလဲ၊ ဘယ်မြို့မှာ ရှာဖွေတွေ့ရှိသလဲ ဆိုတာမဖေါ်ပြခဲ့တာကြောင့် ပုစ္ဆာ တပုဒ်ပေးပြီး အဖြေမပေးသွားတဲ့ သဘောဖြစ်နေခဲ့ကြပါတယ်။ ခန့်မှန်း ပြောဆိုကြရာမှာ ထိုင်းနယ်စပ်မြို့များက ၀င်သလား၊ တရုတ်နိုင်ငံ နယ်စပ်က၀င်သလား စသဖြင့် တပတ်ခန့်ကြာမြင့်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ တရုတ်နယ်စပ်က ၀င်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေ ကြားသိလာရပါတယ်။ ဘင်ကိုရစ် အက်စစ်အပါအ၀င် အခြားသော ဓါတုပစ္စည်းတွေ ပါဝင်တယ်လို့ ဂျာနယ်အချို့မှာရေးသား ဖေါ်ပြနေကြပါတယ်။

ဖြစ်နိုင်စရာ ရှိတာကတော့ တရုတ်နိုင်ငံဘက်ကနေ ၀င်ရောက်လာတဲ့ သဘောပါ။ နောက်ပိုင်းမှာမှ ကချင်ပြည်နယ်ဘက်က ကြက်ဥတွေကို စစ်ဆေးနေတယ်လို့ အက်ဖ် ဒီအေညွှန်မှူး ဒေါက်တာကျော်လင်းက ပြောကြောင်း ပြည်တွင်းဂျာနယ်တွေမှာ ဖေါ်ပြကြပါတယ်။ တရုတ်နိုင်ငံ နယ်စပ်က လာတယ်ဆိုတာကို တရုတ်နိုင်ငံက စိတ်ကွက်မှာ စိုးလို့ မပြောတာလား လို့ယူဆစရာရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ကတော့ လက်ဖက်တွေထဲ ကျန်းမာရေးနဲ့ မညီတဲ့ ဓါတုဆိုးဆေးသုံးထားတယ် လို့ကြေငြာထုတ်ပြန်ပြီးနောက် လက်ဖက်စားသုံးမှု သိသာစွာကျဆင်းခဲ့ပါတယ်။ ဒီနောက်မှာ မြန်မာဆေး၊ အင်္ဂလိပ်ဆေး၊ ငပိ၊ စားသုံးဆီစတဲ့ နေ့စဉ် စားသုံး ကုန်တွေကိုပါ စစ်ဆေးပြီး ကျန်းမာရေးနဲ့ မညီကြောင်း ထုတ်ပြန်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးကုန်တွေကို ယခုလို စစ်ဆေးခြင်း မလုပ်တာကြာခဲ့ပြီးမှ ယခုဘာကြောင့် စစ်ဆေး ထုတ်ပြန်နေသလဲ ဆိုတဲ့အချက်အပေါ် အချို့က နိုင်ငံရေး ရည်ရွယ်ချက်များ ပါလေသလားဆိုပြီး တွေးတောနေကြပါတယ်။

ရေသန့်လို့ပြောတဲ့ ရေတွေ မသန့်တာ၊ သစ်သီးတွေဆေးတို့တာ၊ ငြုပ်သီးမှုန့်တွေမှာ ဆိုးဆေးပါတာ၊ ဇီးထုပ်တွေမှာ အ၀တ်ဆိုးဆေးလိုမျိုး ထည့်သွင်းသုံးစွဲတာကို သိရှိနေတာကြာမြင့်ခဲ့ပါပြီ ဒါပေမယ့် တာဝန်ရှိတဲ့ အဖွဲ့အစည်းက စစ်ဆေးပြီး လူထုကို အသိပေးဖို့ ထုတ်လုပ်သူတွေကို လိုက်နာအောင် တသမတ်ထည်း ဆောင်ရွက်ဖို့ အတွက်လူထုက လိုလားနေခဲ့တာပါ။ သို့ပေမယ်လို့ အကြာကြီး မပြောပဲ နေခဲ့ပြီး ယခုမှ ဘာကြောင့် ပြောတာလဲ ဆိုတဲ့အပေါ်မှာ သံသယ ၀င်ကြတာပါ။

ယခုလို အချိန်မျိုးမှာမှ ကြက်ဥအတု၊ ဆိုးဆေးငပိ၊ ဘီပီအိုင် ဆေးအတုဆိုပြီး ကြေငြာချက်ထုတ်လာတော့ လူတွေစိတ်ဝင်စားနေကြတဲ့ နိုင်ငံရေးအဖြစ်အပျက် (ဒေါ်စုကို မတရား တရားစွဲဆိုမှု) တွေကို အာရုံပြောင်း စေချင်တာလား လို့လည်း စဉ်းစားစရာ ပေါ်ထွက်လာပါတယ်။


ပြည်သူပိုင်ပစ္စည်းတွေဆီက ဖော်စားတဲ့ငွေ ဘာလဲ ဘယ်လဲ

ယခုတလော ကားလေလံ၊ ၀န်ကြီးဌါနပိုင် တိုက်ခန်း၊ မြေကွက်စက်ရုံတွေ လေလံဆိုတဲ့ သတင်းတွေနဲ့ သတင်းစာမှာ တွေ့တွေ့နေရပါတယ်။ လိုက်စင်မဲ့ ဆိုပြီး သိမ်းဆည်းထားတဲ့ ဂျပန်တပတ်ရစ်ကားတွေကို သိန်းထောင်ဂဏန်းနဲ့ ချီပြီးပြန်ရောင်း၊ ရန်ကုန်မြို့ပေါ်က ပြည်သူပိုင်သိမ်းထားတဲ့ တိုက်ခန်းတွေ၊ ရုပ်ရှင်ရုံ၊ စက်ရုံ အလုပ်ရုံတွေ၊ အခြားဝန်ကြီးဌါနပိုင် တိုက်ခန်းနဲ့ မြေကွက်တွေကိုလည်း ဒီလကုန်မှာ ချိတ်ပိတ်တင်ဒါနဲ့ ရောင်းချဦးမလို့ ကြေငြာနေပြန်ပါပြီ။

အစိုးရပိုင် မြေကွက်နဲ့ အဆောက်အဦတွေကို ဒီနှစ်ထဲမှာပဲ ၂ကြိမ် ချိတ်ပိတ်တင်ဒါနဲ့ ရောင်းချခဲ့ပါသေးတယ်။ ကားလေလံကတော့ အကြိမ်မနည်းတော့ပါဘူး၊ နေပြည်တော်လုပ်လိုက်၊ မန္တလေးလုပ်လိုက်၊ ရန်ကုန်လုပ်လိုက်နဲ့၊ လူတွေလက်ထဲမှာ ရှိတဲ့ငွေသိန်းပေါင်း သန်းနဲ့ချီတဲ့ပမာဏကို နအဖ အစိုးရက အဆိုပါ လေလံတွေနဲ့ သိမ်းယူသွားတဲ့သဘောပါ။

တယ်လီဖုန်းတွေကို ဆယ်သိန်း၊ ဆယ့်ငါးသိန်းနဲ့ရောင်း၊ တလသာခံတဲ့ ဖုန်းကဒ်တွေကို ၂သောင်းကျော် နဲ့ရောင်း၊ တစီးကို သိန်း ၅၀၊ ၆၀ သာတန်တဲ့ ဂျပန်တပတ်ရစ်ကားတွေကို သိန်း ၇၀၀၊ ၈၀၀နဲ့ရောင်း အဲဒီလိုနဲ့ လူတွေလက်ထဲမှ ရှာဖွေလို့ရထားတဲ့ငွေ၊ စုဆောင်းထားတဲ့ငွေတွေကို စစ်အစိုးရက သိမ်းယူလျက်ရှိပါတယ်။

နအဖက အခုလို သိမ်းယူသွားတဲ့ငွေတွေကို ဘယ်နေရာတွေမှာ သုံးသလဲဆိုတာတော့ တိတိကျကျ ကိန်းဂဏန်းနဲ့ ထုတ်ပြန်လေ့မရှိပါဘူး။ အစိုးရရဲ့ ဘတ်ဂျက်ကို မကြေငြာတာပဲ ဆယ်စုနှစ် တခုနီးပါးရှိပါတော့မယ်။

လူမနေတဲ့ နေပြည်တော် တိုးချဲ့ရေး စီမံကိန်းတွေမှာ သုံးနေပါတယ်။ ဥတ္တရ သီရိလို့ အမည်ပေးထားတဲ့ နေပြည်တော် မြို့သစ်ကို သွားတဲ့ ၆လမ်းသွား ကားလမ်းမကြီးဟာ ၅မိနစ် နေလို့မှ ကားတစီး ဆိုင်ကယ်တစီး ဖြတ်သန်းတာ မတွေ့ရပါဘူး။ ဝေးကွာလှတဲ့ တောထဲတောင်ထဲမှာ မြို့သစ်လမ်းသစ်တွေ ဖေါက်ပြီး အဆောက်အအုံ သစ်တွေဆောက်ကာ ငွေတွေ ဖြုန်းနေတာပါ။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းကန်ထရိုက်တွေကို စစ်အစိုးရနဲ့ နီးစပ်တဲ့ သူဌေးကြီးများက ရရှိပြီး၊ စစ်ဗိုလ်ချုပ် သားသမီးတွေနဲ့ ပြန်ဝေမျှ လုပ်ကိုင်ကြပါတယ်။

စီးပွားရေးအရ အချက်အချာအကျဆုံး ဖြစ်နေဆဲ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်၊ ကုန်သည်ပွဲစားတွေကတော့ တနေ့တခြား လှည့်ပတ်တဲ့ငွေ ရှားပါးလာနေတယ်လို့ ငြီးငြူနေကြပါတယ်။ ကျေးလက်မှာ နေထိုင်တဲ့ အလုပ်သမား၊ တောင်သူလယ်သမား အလွှာတွေမှာလည်း လယ်ယာထွက်ကုန် ဈေးမရတာနဲ့ ရာသီဥတု မမှန်တာတွေကြောင့် ယခုနှစ်မှာ ငွေကျပ်တည်းနေကြတာကို ကြားသိနေရပါတယ်။

မလေးရှားကို အလုပ်သွားလုပ်ဖို့ ငွေ ၇သိန်း ၈သိန်းပမာဏကို မစိုက်ထုတ်နိုင်ကြလို့ ယခုလပိုင်းတွေမှာ ခါတိုင်းကြိတ်ကြိတ်တိုးနေတဲ့ နိုင်ငံကူးလက်မှတ်ရုံး မှာချောင်နေပါတယ်။ အလုပ်အကိုင် ရှာဖွေရေးရုံးတွေက တစိတ်တပိုင်း အကြွေးထားပြီး ပို့ပေးရတဲ့ အနေအထားကို ရောက်နေတာ သတင်းဂျာနယ်တွေမှာ ဖတ်ရှုနေရပါတယ်။

တိုင်းသူပြည်သားလက်ထဲက သိမ်းယူသွားတဲ့ ငွေတွေ ဘယ်ရောက်ကုန်လဲ ဆိုတာ အဖြေမထွက်သေးတဲ့ မေးခွန်းဖြစ်နေဆဲပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts