>Thit Kaung Eain – One of These Days

>

ခုတလောများ

သစ်ကောင်းအိမ်

သြဂုတ် ၇၊ ၂၀၀၉

ခုတလော ရှုရှိုက်နေရတဲ့လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော

နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော

ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော

ရစ်လုံးတလုံးနဲ့ချည်နှောင်ရင်း

ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ

ခုတလော

အာဖရိကတောနက်ထဲ ပဒူတွင်း တက်နင်းမိသလို ခုတလော

မြွေပြွေးသိုက်ထဲလက်နှိုက်ပြီး ချိုးဥပျောက် လိုက်ရှာနေမိတယ်

ခုတလော

ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညသီချင်းကို ဆိုရင်း မျက်ရည်ကျနေတုံးပဲလား ရဲကြီးရေ

ခုတလော­­

ဒေ၀ဒတ်နဲ့အဇာတသတ် မျိုးစပ်ထားတဲ့ ကောင်တွေနဲ့

ခုတလော

ခုတလော ဟိုတလောကနှစ်တွေအတိုင်း ခုတလော

စောစောက မစောတော့ဘူး ပြောပေမယ့်

ငါလား အနှစ်နှစ်ဆယ် အကျောပေးထားတာပါကွာလို့

ရယ်ရယ်မောမောနဲ့

စောစောကို အရှက်ပြေ ပြန်ပြောရဦးတော့မယ့် ခုတလော

ဟိုတလောက နှစ်တွေအတိုင်းပါပဲ ခုတလော

(၄။ သြဂုတ်လ။ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts