ဆောင်းယွန်းလ

ဆောင်းယွန်းလ – ငါတို့ခေတ်ရဲ့ မိသားစုမှာ

ငါတို့ခေတ်ရဲ့ မိသားစုမှာ
ဆောင်းယွန်းလ
ဒီဇင်ဘာ ၄၊ ၂၀၁၃


ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်က အရှေ့အရပ်ကို နေထွက်ပြီး
ကျန်တယောက်က အနောက်ဘက်ကို နေ၀င်တယ်….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
ထမင်းလက်ဆုံစားရတဲ့ စနေ တနင်္ဂနွေရယ်လို့ကိုမရှိကြဘူး….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်လှုပ်တဲ့လက်နဲ့ တယောက်ပါးစပ်ကို မဖွင့်နိုင်သလို
တယောက်လှမ်းတဲ့ခြေထောက်နဲ့ တယောက်ရဲ့လမ်းကိုလည်း မဖောက်နိုင်ဘူး….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်တယ်လီဖုန်းကို တယောက်နားထောင်ဖို့ အချိန်မသုံးနိုင်ကြဘူး
တယောက်ပခုံးကို တယောက်မှီပြီး ကဗျာသီဖို့ နာရီတွေမရှိကြဘူး….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်အကြောင်းကို တယောက် ခေါင်းအေးအေးစဉ်းစားပေးဖို့နဲ့
တယောက်စာမျက်နှာကို တယောက်လှန်ဖတ်ဖို့ အားလပ်ရက်တွေမရှိကြဘူး…..
ငါတို့ခေတ်ရဲ့ မိသားစုမှာ
အိမ်ဆိုတဲ့ နွေးထွေးလုံခြုံမှုကို ချိတ်ပိတ်ပြီး
တမြို့တရွာစီမှာ တယောက်တနေရာစီ နေ၀င်မီးမှိတ်ကြရတယ်….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်ရဲ့ဘ၀ကို တယောက်ရဲ့ရေပြင်ပေါ် အရုပ်ရေးနေကြရတယ်…
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်ရဲ့မနက်ခင်းကို တယောက်က ခေါင်းအုံးအိပ်ပြီး
တယောက်ရဲ့ အိပ်ရာဝင်ချိန်ကို တယောက်က မျက်နှာသစ်ရလို့
တယောက်ရဲ့မိုးခေါင်မှုကို တယောက်က လွန်ဆွဲမပေးနိုင်ခဲ့ကြဘူး….
ငါတို့ခေတ်ရဲ့ မိသားစုမှာ
တယောက်ကို ထောင်ဝင်စာတွေ့ဖို့ ကြိုးစားနေရတုန်း
တယောက်ကို အမျှဝေဖို့ ဘုန်းကြီးပင့်ထားရတယ်
တယောက်ကို ကမ္ဘာပတ်ပြီးလိုက်ရှာနေရတုန်း
တယောက်ကို ရွာစပ်မှာ သေနတ်ဒဏ်ရာနဲ့ ဆေးကုထားရတယ်…..
ငါတို့ခေတ်ရဲ့ မိသားစုမှာ
နှစ်ပေါင်းငါးဆယ်ကျော်ကြာခဲ့တဲ့အထိ
အမိတကွဲ သားတခြား အဖေတနေရာ သမီးကတရပ်နဲ့…..
ငါတို့ခေတ်ရဲ့ မိသားစုဟာ
ဦးတည်ရာမဲ့လည်ပတ်နေတဲ့ ရဟတ်ကြီးတစင်းလိုပဲ….
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဖိုးကတော့
မကြာခဏဆိုသလို ညဉ်းပြော…ပြောခဲ့ဖူးတယ်
မင်းတို့ခေတ်ရဲ့မိသားစုနဲ့ ငါတို့ခေတ်တုန်းက မိသားစုများ

…………………….ကွာပါ့တဲ့…………………………………….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts