>Barricades placed in front of DASSK Residence

>

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံ များပြန်လည်ချ

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၅၊ ၂၀၀၉

ယနေ့နံနက် ပိုင်းတွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် လမ်းပိတ်သည့် ဆူးကြိုးအကာအရံ များသယ်ဆောင်လာပြီး ပြန်လည်ချထားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးကပြောဆိုသည်။

ထိုမျက်မြင်သက်သေက

ကားလမ်းပိတ်ရာမှာ သုံးတဲ့ သံဆူးကြိုးတပ် သစ်သားဘောင်တွေကို ဒီနေ့မနက်ပိုင်းမှာ ယူလာပြီး ဒေါ်စုအိမ်ရှေ့နားက လမ်းဘေးမှာ ချထားတာ တွေ့ခဲ့တယ်။ ဒေါ်စုကို အင်းစိန်ခေါ်သွားပြီးနောက်မှာ အိမ်ရှေ့မှာ ဘာအတားအဆီးမှ မထားပဲ ရဲတယောက်နှစ်ယောက်ပဲ ထိုင်ခုံနဲ့စောင့်နေတာ၊ အခုလမ်းပိတ်တာတော့ မဟုတ်သေးဘူး၊ ဆူးကြိုးအတားအဆီးကို လိုတာနဲ့ အဆင်သင့် သုံးနိုင်အောင်ထားတဲ့ သဘောလို့ ထင်တယ်ဟုပြောဆိုသည်။

ထိုသို့ အတားအဆီးများ အဆင်သင့်ပြင်ထားခြင်းသည် လာမည့် ၁၁ရက်နေ့ အမိန့်ချမှတ်ပြီးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ပြန်လည်ထားရှိမည့် အရိပ်လက္ခဏာလားဟု စဉ်းစားသုံးသပ်စရာ ရှိကြောင်း ရန်ကုန်မြို့နေသူ အချို့က ဝေဘန်ပြောဆိုလျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်ကုန် ဇူလိုင်လ ၃၁ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နအဖ အစိုးရက စွဲဆိုထားသည့် အမှုဖြင့် အမိန့်ချမှတ်ရန် ချိန်းဆိုထားခဲ့ပြီးမှ ဥပဒေပြဿနာ ကိုစဉ်းစားသုံးသပ်ရန်ရှိသည့် အတွက်ဟု အကြောင်းပြပြီး ရွှေ့ဆိုင်းခဲ့သည်။

သို့ရာတွင် ပြည်တွင်းမှ နိုင်ငံရေး အကဲခတ်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ရန် နအဖက ဆုံးဖြတ်ထားပြီး ဖြစ်၍ ပြည်တွင်းတွင် လူထုလှုပ်ရှားမှု ပေါ်ပေါက်မည့်အရေးကို ရှောင်ရှားလို၍ အချိန်ဆွဲသည့် နည်းပရိယာယ်တရပ် ဟုရှုမြင်လျက်ရှိကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts