>Sale of DASSK’s plot of land – Junta’s dirty’s plot

>

ဒေါ်အောင်ဆန်းစုကြည်၏ ခြံရောင်းချမည့်ကိစ္စကို လုပ်ကြံမှု တခုဟုဆို

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ မှမြေကွက်တစိတ်တပိုင်းကို ရောင်းချမည့် ကိစ္စကို ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်လောကအနေဖြင့် အစိုးရ၏ လံကြုတ် (လုပ်ကြံ) အရောင်းအ၀ယ် တခုဟု ရှုမြင်လျက်ရှိကြပြီး ၀ယ်လက်ဖြစ်သူသည်လည်း အိမ်ခြံမြေလောကမှ မည်သူကမျှ မသိရှိကြဟု ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄မှ ပေ ၁၀၀x၇၀ မြေကွက်ကို ဒေါ်ခင်ကြည်၏ အစ်မဖြစ်သူ ဒေါ်ခင်ကြီး (သခင်သန်းထွန်း ဇနီး) ၏ မွေးစားသားဖြစ်သူ ဦးခင်မောင်အေး (အငြိမ်းစားစစ်အရာရှိ စာရေးဆရာ) ကရောင်းချရန် ကိုယ်စားလှယ်လွှဲအပ်ထားသူ ရှေ့နေနှစ်ဦးအမည်ဖြင့် ဇူလိုင်လ ၂၈ရက်နေ့ထုတ် သတင်းစာတွင် ကြေငြာခဲ့သည်။

အဆိုပါ ကန့်ကွက်နိုင်ကြောင်းကြော်ငြာပါ ပြီးနောက် မြေကွက်ကို ၀ယ်ယူမည့်သူ မည်သူမည်ဝါဖြစ်သည်ကို ရန်ကုန်မြို့ အိမ်ခြံမြေ လုပ်ကိုင်သူများထဲမှ မည်သူ ကမှ မသိရှိကြပဲ အစိုးရ၏ နိုင်ငံရေး လုပ်ကြံမှု တခုအဖြစ်သာ ကောက်ချက်ချကြသည်ဟု ကျောက်တံတားမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောဆိုသည်။ ထို့ပြင် ထိုအရောင်းအ၀ယ် နှင့် ပတ်သက်ဆက်နွယ်ရန် ဆန္ဒမရှိကြပဲ အိမ်ခြံမြေလောကသား အချင်းချင်းလည်း မပတ်သက်ကြရန် သတိပေးလျက်ရှိသည်ဟု ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအတွင်းသို့ အမေရိကန်နိုင်ငံသား တဦးရေကူးပြီး ၀င်ရောက်ခဲ့မှု အတွက် နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားချိန်တွင် ယခုကဲ့သို့ ခြံမြေ၏ တစိတ်တပိုင်းရောင်းချမည့် ကိစ္စ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုသို့ရောင်းချမည့် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်လည်း သိရှိပြီးနောက် မကျေနပ်ကြောင်း အန်အယ်လ်ဒီ ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts