Portraits

Zarganar – About Ko Aung Tun

ကိုအောင်ထွန်း ဒါမှမဟုတ် အပွားလေး (ခေါ်) ကိုချိတ်ကြီး

ဇာဂနာ၊ ဇူလိုင် ၃၊ ၂၀၁၃ (သူ့ဖေစ့်ဘွတ်က ယူပါတယ်)

ဘာဖြစ်ချင်လဲ အကုန်ဖြစ်တယ်။ ဘာလုပ်ချင်လဲ အကုန်ဖြစ်တယ် ။ ဘယ်သွားချင်လဲ ဖြစ်တာပဲ။ ပြီးတော့မှ တလွဲလုပ်တာ ကိုအောင်ထွန်း။ ရှားရှားပါးပါး NLDထဲမှာ စိတ်အချရဆုံး အစ်စ္စလာမ် ဘာသာဝင် တတ်ကြွသူ NLD သင်္ဃန်းကျွန်းမြို့နယ်က နေ၀င်လာပြီး ဗဟိုမှာရော တိုင်းမှာရော ကုလားလေး အောင်ထွန်းလို့ သတင်းမွှေးလေသူ ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျိုက်မရော ဦးမြင့်သိန်းက စိတ်ချလက်ချ ကျွန်တော့် လက်ထဲ အပ်ပေးခဲ့တဲ့ သစ္စာရှိ နှုတ်လုံသူ ။ မေ့လျှော့ခံ နိုင်ငံရေး တက်ကြွသူ ။ ကိုအောင်ထွန်း (ဒါမှမဟုတ်) အပွားလေး (ခေါ်) ကိုချိတ်ကြီး ။

သူက မွတ်စ္စလင်ဆိုလို့ တချို့က ကုလားလေးလို့ ခေါ်တယ် ထင်ရဲ့။ အမှန်က အပွားလေး ။ သူ့မှာ လက်ပွားလေးပါလို့။ အပွားလေးလို့ ခေါ်တာ ။ လက်ပွားပါတဲ့ လူများ လက်သွက် ခြေသွက်ရှိတယ် လို့ပြောတတ်ကြပါတယ်။ နှိပ်ရင်လဲ လက်ပေါက်တယ်လို့ ဆိုကြပြန်ပါတယ်။ကျွန်တော့် အမြင် အရတော့ နှစ်ခုလုံး မှန်ပါတယ်။ တစ်ခုပဲပိုတာပါ ။ လွဲတာ တစ်ခုပါပဲ။ 

အင်းစိန်ထောင်ထဲမှာ ထောင်ဝန်ဒါမီယာ လို့ခေါ်တဲ့ ငါးစောင်တိုက်ဆိုတာ ရှိပါတယ်။ သံဃာတော်များရဲ့ အရေးတော်ပုံကာလ ၂၀၀ရခုနှစ် စက်တင်ဘာလကုန်မှာကျွန်တော် ထောင်ထဲကို ရောက်သွားချိန်မှာပေါ့။သူက ငါးဆောင်တိုက်ထဲရောက်နှင့်နေပါပြီ။
အဲဒီမှာ အများစုက NLDတွေပါပဲ။ ရှားရှားပါပါး တန့်ဆည်အမတ် ဦးကျော်ဆန်းနဲ့လဲဆုံရပါတယ်။ သူကဗိုလ်မှူးကြီးဟောင်း။ လူဖြောင့်စိတ်တို၊ ထောင်အာဏာပိုင်မှန်သမျှ တစ်ယောက်ကိုမှ သူကြည့်မရ။ထောင်မှာ ထောင်စကား နဲ့ တလာစီတယ် ဆိုတာရှိပါတယ်။အခန်းထဲဝင်ပြီး ရှာဖွေရေးလုပ်တာပါ။ ထောင်ဥပဒေ နဲ့ မလွတ်ကင်းတဲ့ပစ္စည်းရှိမရှိ ၀င်ရှာတာပေါ့။

ဦးကျော်ဆန်း အခန်းလဲရောက်ရော ဘာမပြောညာမပြော ဘိုးတော်ကြီးက ပုဆိုးကွင်းလုံးပုံ ချွတ်ချလိုက်ပြီး ကိုင်း ကြိုက်သလောက်သာ ရှာကြစမ်း။ ဟောဒီ ဖင်ကြားထဲမှာပါ လာရှာကြ ဆိုပြီး သူ့ တင်ပါးပုတ်ပြလိုက်ပါသေးရဲ့။ ဒါကြောင့်လဲ ထောင်ဝန်ထမ်းတွေအားလုံးက ဦးကျော်ဆန်း ဆိုလန့် ကြပါတယ်။

 အဲဒီ ဦးကျော်ဆန်း လန့်တာ ကိုအောင်ထွန်းတစ်ယောက်ပဲ ရှိပါတယ်။ကိုအောင်ထွန်းက ဦးကျော် ဆန်း ကို သိတ်သဘောကျတာ။ အဘအဘ နဲ .အနားကကို မခွာဖူး။ ဦးကျော်ဆန်းဘာပဲ လုပ်ချင် လုပ်ချင် အနားမှာ ကိုအောင်ထွန်းအဆင်သင့် ရှိရှိနေတတ်ပါတယ်။ ပြီးတော့ သူကပြောသေးရဲ့ ဒီလို ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ အဘတို့ကို ကျွန်တော်တို့က နိုင်သလောက် ပံ့ပိုးပေးရမယ်တဲ့ ။ ဒါကြောင့်ထင်ပါရဲ့ ။ ကိုအောင်ထွန်းဟာ မနက် မျက်နှာသစ်ပြီးတာနဲ့ ဦးကျော်ဆန်း အခန်းရှေ့ရောက်နေတော့တာပါပဲ။ အဘဦးကျော်ဆန်းကလဲ နေ့လည် ၁နာရီထိုးမှ အိပ်ယာထလေ့ရှိတာပါ။ သူက အဘကို ခြေဆုတ်လက်နယ် ပြုပေးဖို့ အခွင့်စောင့်နေတာ။ တစ်ရက် အဘဦးကျော်ဆန်းက ဇာတ်ကျော တတ်နေတယ် ပြောတာနဲ့ ။ ကိုအောင်ထွန်းက ဘာမပြော ညာမဆို အဘဦးကျော်ဆန်းကို ဆွဲပြီး နှိပ်တော့တာပါပဲ။ အဘခမျာ လည်ပင်းကြီး စောင်းသွားရှာပါတော့တယ် ။ အဲ့ဒီနေ့ကစလို့ ဦးကျော်ဆန်းက ကိုအောင်ထွန်းကို အကြောက်ကြီးကြောက်သွားပြီး သူ့အခန်းကို အောင်ထွန်းမလာရလို့ အမိန့်ထုတ်ခဲ့ရပါတော့တယ်။ ကံအားလျှော်စွာ ကိုအောင်ထွန်းကလည်း လွတ်သွားတော့ သူတို့ပြန်မဆုံခဲ့ကြတော့ပါဘူး။ အခု အဘဦးကျော်ဆန်းလည်း ဆုံးပါးခဲ့လေပြီ။ 

၁၉၉၀မှာ ကိုအောင်ထွန်း NLD ပါတီထဲ ၀င်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့အသက် ၁၈ နှစ်တောင် မပြည့်သေးပါဘူး ။ ရွေးကောက်ပွဲကလည်း လုပ်ခါနီး NLDမှာလည်း တက်ကြွတဲ့ လူငယ်တွေ စုဆောင်းချိန်ဆိုတော့ အောင်ထွန်းတစ်ယောက် ခုန်ပေါက်လို့ ၀င်ရောက်သွားတဲ့အခါ သူ့အဖေက အကြီးအကျယ်တားခဲ့ပါသေးတယ်။ သူ့အဖေက ရိုးရိုးအေးအေး ။ ပြီးတော့ သိပ်ကြောက်တတ်တာ။ နိုင်ငံရေးဆိုတော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် မြန်မာ ပြည်မှာ အဖေတို့ အစ္စလာမ် ဘာသာဝင်တွေဟာ ။ လူအမြင်ကတ်အောင် လက်ယားလက်ယားလုပ်မနေသင့်ဘူးလို့ ။ ကိုအောင်ထွန်းကို သူ့အဖေက မကြာမကြာ ဆုံးမလေ့ရှိပါတယ်။ ကိုအောင်ထွန်းကတော့ တားမရခဲ့ပါဘူး။ ဖင်ပေါ့တဲ့အတွက်လဲ လူကြီးတွေကလဲ ကြိုက်တယ် ။ ရဲတင်းလို့လဲ လူငယ်တွေကကြိုက်တယ်။ သူ့ရဲ့အရေးကြီးဆုံး လက္ခဏာကတော့ နေရာမရူးတာပါပဲ။ ဘယ်နေရာမှာထားထား နေတယ်။ ရှေ့မထွက်ရလဲ ဖြစ်တယ်။ ထိုင်ခုံတစ်လုံးကို သူ့ယုံကြည်မှုနဲ့ ဘယ်တော့မှ အလဲ အထပ်မလုပ်တဲ့သူပါ။ 

NLDမှန်သမျှ ထောင်ထဲ ပို့နေချိန်မှာ ရွှေဂုံတိုင် ရုံးက ခြောက်ကပ်လို့နေပေါ့။ ဘယ်သူမှ အ၀င်အထွက် မလုပ်ရဲကြဘူး။ ထောက်လှမ်းရေးကလည်း မျက်ခြေမပြတ် စောင့်ကြည့်လို့ရယ်။ ဒါပေမဲ့ ပါတီတစ်ခုဟာ ပါတီအလုပ်ကိုတော့ စဉ်ဆက်မပြတ် လုပ်နေရမှာပါပဲလေ။ ဒီတော့ NLD ပြန်ကြားရေး က သတင်းတွေ ညွှန်ကြားချက်တွေ ကို စက်နဲ့ လှည့်ထုတ်နေ ရတာပေါ့။ ပုံနှိပ်ဖို့က မဖြစ်ဘူးလေ ။ ဘယ်ပုံနှိပ်စက်ကမှလည်း ရိုက်မပေးပါဘူး။ 

ကိုအောင်ထွန်းက ရန်ကုန်မြို့ (၃၂)လမ်းမှာ စက္ကူအရောင်းအ၀ယ် လုပ်ဖူးတယ်။ စာကူးစက်လဲ လှည့်ဖူးတယ်ဆိုတော့ ။ ဦးထွန်းမြင့်က သူ့ကိုခေါ်ပြီး NLD ပြန်ကြားရေးမှာ လုပ်ခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ တစ်ခုလောက်ဖြတ်ပြီးပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဲ့ဒီအချိန်တွေတုန်းက လက်ကမ်းစာစောင် တစ်ရွက်နဲ့ ထောင်၇နှစ် ချနေချိန်ပေါ့။ ပုံနှိပ်ဥပဒေဆိုတာ လို သလို သုံးနေချိန်ပေါ့။ NLD ရုံးက ထွက်လာတာနဲ့ ကိုအောင်ထွန်းကို ထောက်လှမ်းရေးက ဖမ်းစစ်တော့ တာပါပဲ။ စစ်တိုင်းလဲ ဘာစာရွက်မှ သူ့ကိုယ်ပေါ်မှာ ပါမလာပါဘူး။ ကြာတော့ ထောက်လှမ်းရေးတောင် စိတ်ညစ်လာတယ်။ မင်းအဲ့ဒီရုံးမှာ ဘာသွားလုပ်လုပ်နေတာလဲလို့ မေးရတဲ့အထိအောင်ပါပဲ။ သူကလဲ လူကြီးတွေ ပျင်းမှစိုးလို့ စကားသွားပြောရင်း ထမင်းဟင်းချက်ကျွေးတာပါလို့ ဖြေခဲ့တာချည်းပါပဲ။ 

တကယ်တော့ လူကြီးတွေ ပြောသမျှ၊ ခိုင်းသမျှ၊ အလွတ်ကျက်ပြီး အိမ်ကိုပြန် ။ သင်္ဃန်းကျွန်းက သူ့လူတွေကို ပြန်ပြောပြီး ညတွင်းချင်းစာစီကြတာပါ။ အဲ့ဒီတုန်းက ကွန်ပျူတာ စာစီတာလည်းမရှိသေးတော့ ဖယောင်းစက္ကူပေါ် လက်ရေးနဲ့ရေးပြီး စာကူးစက်နဲ့ လှဲ့ရတာပေါ့။ တစ်ခါတစ်လေ လက်နှိပ်စက်နဲ့ ရိုက်ပြီး ထုတ်ရတာလဲ ရှိခဲ့ပါတယ်။ နယ်ကိုပို့တော့လဲ တော်တော်စွန့်စားရတာပါ။ ရန်ကုန်ကနေ လွိုင်ကော်ကိုသွားတဲ့ ခရီးသည်တင်ကားပေါ်မှာ NLDကစာတွေ အထုတ်လိုက် ဖမ်းခံထိပြီးသွားတော့ ဘယ်သူမှ လိုင်းကားပေါ်အတင်မခံတော့ပါဘူး။ ဒီတော့ ကိုအောင်ထွန်းတို့တွေ အကြံ အဖန်လုပ်ရတာပေါ့။

ကုန်ကားတွေနဲ့ပို့ရသလို အထည်ထုတ်တွေ ပိတ်စတွေထဲ လိပ်ပို့ရတက်ပါတယ်။ တဖြေးဖြေးနဲ့ ကိုအောင်ထွန်းရဲ့ ကွန်ယပ်က ကျယ်လာပါတယ်။ ယုဇနပလာဇာ ၊ မင်္ဂလာဈေးတို့ထိ သူ နှံ့စပ်သွားပါတော့တယ်။ ကားဂိတ် ၊လှေဆိပ် ၊လှည်းဆိပ် တွေလဲ သူမရောက်ဖူးတာ မရှိသလောက်ပါပဲ။ ပိုပြီးကောင်းသွားတာက သူ့ရဲ့ ဗန်းပြအလုပ်ပါပဲ။ နယ်မြို့တွေကို စာရွက်တွေ ကဒ်ပြားတွေ ပို့တဲ့ အလုပ်ပါ။ တဖက်တလမ်းကလဲ မိသားစုဝင်ငွေရ ၊ ပါတီရဲ့တာဝန်လဲ ထမ်းဆောင်ပြီးသားဖြစ်ဆိုတော့ နှစ်ဦး နှစ်ဖက် အကျိုးရှိတာပေါ့လေ။

 ကြာလာတော့ သူ့ အဖေက မဖြစ်ချေတော့ဖူး ငါ့ သားခြေငြိမ်အောင် လုပ်မှဆိုပြိး အိမ်ထောင်ချပေးလိုက်ပါလေရော။ကိုအောင်ထွန်းတို့ကတော့ ပိုပြီးတောင်ခြေရှုတ်လာသေး။သူ့မိန်းမ ကိုပါ နိုင်င့ရေး နယ်ထဲဆွဲထည့် သွားပါလေရော။သူ့မိန်းမခမျာ ဆာရီ တဖားဖား နဲ့ စာပို့သမားလုပ်ခဲ့ရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျိုက်မရော က လွှတ်တော် ကိုယ်စာလှယ် ဦးမြင့်သိန်းဆိုရင် ကိုအောင်ထွန်းကို အသည်းစွဲပေါ့ ။ ပါတီရဲ့ အရေးကြီး လျှိုဝှက်စာဆိုလို့ကတော့ ကိုအောင်ထွန်းလက်ထဲသာ ထည့်ပေးလိုက် ။ လိုတဲ့ နေရာရောက်ကိုရောက်စေရမယ်လို့ အပွားလေးဘက်ကနေ အမြဲ အာမခံသူပါ။ သည်တော့လဲ NLD ပြန်ကြားရေးမှာ ကိုအောင်ထွန်းဟာ သူ့လက်သူ့ခြေ ဖြစ်လာတော့တာပေါ့။ ထောက်လှမ်းရေးကလဲ သူ့ကိုတစ်ခါမှ မျက်ခြေပြတ်မခံခဲ့ပါဘူး။ လစ်ရင် လစ်သလို ခဏခဏ ၀င်ဆွဲပြီးစစ်တာပါပဲ။ တစ်ခါမှတော့ လက်ပူးလက်ကျ မမိခဲ့ပါဘူး။ ဒါပေမဲ့ ယုန်ထောင်မမိ ကြောင်မိပေါ့လေ။ NLD လွှတ်တော် ခေါ်ယူရေးကိစ္စမှာ တန်းအဖမ်းခံရတော့တာပါပဲ။

၁၉၉၈ ခုနှစ်မှာ NLD က တစ်နိုင်ငံလုံး လွှတ်တော်ခေါ်ဖို့ ကိစ္စ ကြေငြာလိုက်ပါတယ်။ အစိုးရက အငိုက်မိသွားတာပေါ့ ။ ဒီတော့ စစ်အစိုးရရဲ့ အကျင့်အတိုင်း ရှက်ရမ်းရမ်းပြီး အကုန်ဖမ်းတော့တာပါပဲ။ NLD ဆို တစ်ယောက်မှ မကျန်စေနဲ့ ဆိုတော့လည်း ကိုအောင်ထွန်းပါသွားရှာပါတော့တယ်။ ရဲမွန်မှာထားပြီး ထုလိုက်ထောင်းလိုက် ၊ စစ်လိုက် နဲ့ (၄)လကျော်ကြာသွားတော့မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

အပြင်ပြန်ရောက်လာတော့လည်း NLD ရုံးကိုပဲ ကိုအောင်ထွန်းပြန်သွားခဲ့ပါတယ်။ ထုံးစံအတိုင်း ပြန်ကြားရေးပဲပေါ့။ တစ်ခုထူးတာလေးရှိပါတယ်။ စစ်အစိုးရဟာ လူအတော်များများကို အကြောင်းမဲ့ စည်းလွတ်ဝါးလွတ် ဖမ်းပြီး။ ကောင်းကောင်းဗျင်းလေ့ရှိပါတယ်။ သူတို့သဘောကတော့ ကြောက်သွားအောင်လုပ်တာပါ။ ကျွန်တော်တွေ့ရသလောက်ကတော့ လွတ်လာရင် ပိုပိုမာလာကြတယ်။ ငါးဖယ်တွေပေါ့လေ။ 

အပွားလေးလဲ ပိုမာလာတယ်။ ခြေပိုသွက်လာတယ်။ သူ့ကိုဖမ်းဖို့ တော်တော်ရှာရတယ်။ လှစ်ခနဲ လှစ်ခနဲပဲ။ ကျွန်တော်တို့က စာပေးချင်လို့ ခေါ်လိုက်တယ်ဆိုရင် ဖျက်ခနဲပေါ်လာ လှစ်ခနဲပျောက်ပဲ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာပြီး နယ်ခရီးစဉ် ထွက်မယ်ဆိုတော့။ သူဟာ ရှေ့ပြေးပဲ။ အန်တီသွားမဲ့ လမ်းကြောင်း သူ့ခြေရာတွေ ချည်းပဲ။ 

ဒါကြောင့်လဲ ဘူတာကြီးအရေးခင်းမှာ သူအဖမ်းခံရတာပေါ့။ အန်တီက အထက်မြန်မာပြည် ခရီးစဉ်ထွက်ဖို့ ရထားလတ်မှတ်ဝယ်ပြီး ရန်ကုန်ဘူတာကြီးကိုဆင်းတယ်။ အန်တီ စီးရမဲ့ ရထားစင်္ကြံက ပလတ်ဖောင်း နံပါတ် (၁) ဒါပေမဲ့ အဲ့ဒီနေ့က စင်္ကြံနံပါတ် (၂) (၃) (၄) (၅) တွေကပဲ ရထားထွက်တယ်။ ပလတ်ဖောင်း နံပါတ်(၁)ကိုတော့ ပိတ်ပြစ်တယ်။ ရထားလတ်မှတ်ရောင်းတုန်းက ရောင်းပြီး ။ အခုရထားဘာကြောင့် မထွက်တာလဲ ဆိုတော့ ဖြေမဲ့လူမရှိပါဘူး။ အန်တီကလည်း ရထားမထွက် မချင်း စောင့်မယ်ဆိုပြီး ဘူတာထဲက မထွက်ဘူး။ အခြေအနေတွေက တင်းမာကုန်တယ် ။ တပ်ကလည်း နေရာယူထားတယ်။ NLDကလဲ အန်တီ့လုံခြုံရေးမို့ အပြည့်ကာတယ် ။ ဒီနေရာမှာ NLDက အတွင်းစည်း အပြင်စည်းဆိုပြီး နှစ်ထပ်ကာတယ်။ အတွင်းစည်းက အန်တီ့ကိုဝန်းရံထားတာ။ အပြင်စည်းကတော့ ကင်းပုန်းပဲ။ ဘူတာရှေ့ရပ်ထားတဲ့ အန်တီတို့ ကားသုံးစီးကို ကရိန်းနဲ့မပြီး သယ်သွားဖို့ လုပ်နေကြချိန်ပေါ့။

တကယ့်တကယ် ထိပ်တိုက်ဆော်ကြတော့လဲ လက်နက် ရှိတဲ့လူကပဲ သာသွားတာပေါ့လေ။ ကိုအောင်ထွန်းတို့အားလုံး အဖမ်းခံရတော့တာပါပဲ။ သေနတ်ကိုင်ပြီး သတ္တိရှိသူတွေက ခဲတံချွန်စက်တောင် မပါတဲ့ ပြည်သူတွေကို စောင့်ကန်ထိုးကြိတ်ပြီး ကားတွေပေါ် ပစ်တင် ဖမ်းသွားတာကို ရန်ကုန်လူထုကတော့ ကြည့်လို့ကောင်းနေကြလေရဲ့။ 

ဒီလိုနဲ့ အင်းစိန်ထောင်ရောက်သွားခဲ့ကြပြန်ပေါ့။ တစ်ပတ်တိတိ တိုက်ပိတ် ထမင်းမကျွေးပဲ။ ဒီအတိုင်းပစ်ထားခဲ့တာပါ။ တစ်ခါ တိုက်ခန်းထဲကနေ အပြင်ထုတ်ပြီး စစ်ကြောတဲ့ အခါမှာလဲတနေကုန် မထိုင်ရပါဘူး။ အဖြေကိုမကြိုက်ရင် စောင့်ကန်ခံရပါသေးတယ်။ အခုထက်ထိ ကိုအောင်ထွန်းရဲ့ ဘယ်ဘက်နံပါးမှာ အမာရွတ်ရှိနေပါသေးတယ်။ ထောက်လှန်းရေးက ဗိုက်ကို စောင့်ကန်လိုက်လို့ စာပွဲစောင်းနဲ့တိုက်မိပြီး စုတ်ပြဲသွားခဲ့တာပါ။ ဘာဆေးမှလဲ မပေးပါဘူး။

 ဖြစ်ချင်တော့ ကိုအောင်ထွန်းကို အဲ့သလို ကန်ခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်ကြီးနဲ့ ပုသိမ်ထောင်မှ ဆုံခဲ့ကြပါသေးရော။ သူလဲ အကျဉ်းသား၊ ကိုယ်လဲ အကျဉ်းသား ကိုအောင်ထွန်းက တရားတွေကျတာ မကျတာ မသိပါဘူး။ ဒါပေမဲ့ ထမင်းပန်ကန်ကြီးကိုင်ပြီး အဲ့ဒီလူထိုင်ငိုနေတဲ့ မြင်ကွင်းကိုတော့ မမေ့နိုင်ခဲ့တာ အမှန်ပါ။ ဘာလို့ငိုနေတာလဲလို့ သွားမေးတော့ မစားနိုင်လို့ ဒီလို ဘ၀မျိုးရောက်တာ ခံစားရခက်လွန်းလို့တဲ့။ ကိုအောင်ထွန်းရင်ထဲမှာတော့ ပြောမိလိုက်ရဲ့။ ခင်ဗျားတို့တုန်းက ဒီလို ထမင်းတောင် ကျွန်တော့်ကို မကျွေးခဲ့ပဲ။ တပတ်တိတိပစ်ထားခဲ့တာလေလို့။ ဒါပေမဲ့ ပြောမထွက်ခဲ့ပါဘူး။ ကိုအောင်ထွန်းဆီမှာရှိနေတဲ့ ငါးခြောက်ကလေးနဲ့ ဆေးဘဲဥလေးတောင် သွားပေးခဲ့ပါသေးတယ်။ 

ဒုတိယအကြိမ်ထောင်ကလွတ်တော့လည်း ကိုအောင်ထွန်း NLD ပြန်သွားခဲ့တာပါပဲ။ အိမ်ထောင်ကျထားပြီး သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ စားဝတ်နေရေးကလည်း လိုလာတာပေါ့။ ဒီတော့ ကျပန်းအလုပ်ကလေးတွေလုပ်ရင်း NLD ပြန်ကြားရေးမှာပဲ ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘ၀ အမှတ်တရတွေက များလိုက်တာ။ စက္ကူဆိုင်မှာဝင်လုပ်ရင်း တစ်လလောက်ကြာတော့ သူ့ကို NLD ကမှန်းသိသွားလို့ အလုပ်က ထုတ်ပစ်လိုက်ပါရော။ အဲ့ဒီဆိုင်ပိုင်ရှင် လူကြီးနဲ့ NLD ပညာရေးကွန်ယက်ပွဲမှာ တွေ့တော့ ကိုအောင်ထွန်းကို မမှတ်မိရှာပါဘူး။ ဒါပေမဲ့ အဲ့ဒီစက္ကူဆိုင်ပိုင်ရှင်ကြီးက အလှူရှင်ကြီးလေ။ 

စားသောက်ဆိုင်မှာ ပန်ကန်ဆေး ၊ စားပွဲထိုးလဲ လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကတော့ အလုပ်ထုတ်မခံခဲ့ရပါဘူး။ ဒါပေမဲ့ ဆိုင်ရှင်ကို နှစ်လုံးထီရောင်းမှုနဲ့ ရဲက ဖမ်းသွားတော့ အလုပ်ပြုတ်ခဲ့ရပြန်ပါရော။

ဒီလိုနဲ့ ကိုအောင်ထွန်း တစ်ယောက် ပန်ရံလုပ်ရင်း ၊ လက်သမားလုပ်ရင်း NLD ပြန်ကြားရေးအလုပ်ကိုပါ မပျက်ကွက်ခဲ့ရှာပါဘူး။ ဖြစ်ချင်တော့ ၂၀၀၇ ဓါတ်ဆီဈေးတက်တဲ့ကိစ္စ ၊ ပခုက္ကူ ကစတဲ့ သံဃာတော်အရေးအခင်းတို့ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ကိုအောင်ထွန်း တစ်ယောက် မပါလိုက်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ ။ လမ်းလျှောက်ဆန္ဒပြတဲ့ အထဲမှာလဲ ပါလိုက်တာပဲ။ ဘုန်းကြီးဆွမ်းကပ်တော့လဲ ထိပ်ဆုံးကပါတာပါပဲ။ 

ကျွန်တော့မှာ ခြင်းတောင်းဖုန်းတစ်လုံးရှိပါတယ်။ အဲ့ဒီဖုန်းကို HAND SET နဲ့ ပြောင်းချိတ်ပေးပြီး သူ့ကိုပေးကိုင်ထားပါတယ်။ မြင်းကို GSM တပ်ပေးလိုက်သလိုပေါ့ဗျာ။ တမြို့လုံးနှံနေအောင် အပင်ပန်းခံနိုင်မှုကိုတော့ အံအားသင့်ပါတယ်။ သူ့အကူအညီကြောင့်လည်း ဆရာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲဟာ အရှိန်ကောင်းခဲ့တာပါ။ 

မင်းကိုနိုင်ဖမ်းသွားပြီး ကိုထွန်းမြင့်အောင်တို့ ၊ ကိုစိုးထွန်းတို့ လည်းပုန်းနေပြီ နီလာသိန်း ၊ ဖြူဖြူသင်း ၊ နီမိုလှိုင်တို့လည်း ရှောင်နေကြတယ်။ ဒီအချိန်မှာ တစ်ဦးတည်းသော ဆက်သားဟာ ကိုအောင်ထွန်းပါပဲ။ ဒီကစလို့ သူ့နံမည်လဲ ကိုချိတ်ကြီးလို့ တွင်သွားတာပါ။

ကိုထွန်းမြင့်အောင်တို့က ဘယ်ဘုန်းကြီးနဲ့ ချိတ်ပေးပါဦးဆိုလဲ သူပြေးချိတ်တာပါပဲ။ နီလာသိန်းက ဆက်သွယ်ရေးကောင်းအောင် ဖုန်းတစ်လုံးရှာပေးပါဦးဆိုလဲ သူပဲ ၊ မဂ္ဂင်ဆရာတော် ဦးဇင်း ပနားမားက တခြားဆရာတော်တွေဆီ ချိတ်ပါဦးဆိုလဲ သူပဲ၊ ကျွန်တော်တို့ အချင်းချင်း နောက်ပြောင်နေကြ စကားရှိပါတယ်။ ဘုန်းဘုန်းတွေနဲ့ အဆင်ပြေဆုံး ကိုအောင်ထွန်းက အစ္စလာမ် ဘာသာဝင်ဆိုတော့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ညွှန့်ပေါင်းတပ်ဖွဲ့နေသလားလိုပေါ့။ 

ဆရာတော်တွေ မေတ္တာပို့လမ်းလျှောက်တော့လဲ ရှေ့ကနေ လမ်းကြောင်းရှာသူက ကိုအောင်ထွန်း ။ ဘုန်းကြီးတပ်ကို ဒေါ်အောင်ဆန်းဆုကြည် အိမ်ရှေ့ကို ခေါ်သွားတာလဲ ကိုအောင်ထွန်းပါပဲ။ သူ့ကြောင့် ဘုန်းကြီးတွေ လမ်းပိုလျှောက်ရလို့ ၀ိုင်းဆူတော့လဲ ရယ်ကျဲကျဲနဲ့ ဖြစ်ပါတယ် အကိုရာ ဟဲဟဲ ဟဲဟဲနဲ့ ပြီးသွားတာပါပဲ။ ကြည့်လေ မူလလမ်းကြောင်းက ရွှေတိဂုံဘုရားပေါ်က ဆင်းပြီးရင် ကမ္ဘာအေးဘုရား၊ ပြီးမှ ဆူးလေ ဘုရားမှာ မေတ္တာပို့ပြီး လူစုခွဲမယ်ပေါ့။ဆရာသမား က ရှေ့ကနေ လမ်းကြောင်းပြပြီး ကြည့်မြင်တိုင်ကမ်းနားဖက်ခေါ်သွားပါလေရော။

အဲဒီအချိန်မှာ ကျွန်တော် နဲ့ကိုကျော်သူ က ဒါ၇ိုက်တာ ကိုအောင်မင်းသိမ်း ဆေးရုံတက်နေလို့ မြောက်ဒဂုံ က ပင်လုံဆေး၇ုံကိုရောက်နေတာပါ။ကိုအောင်ဝေးနဲ့ကိုစိုးမြင့်ထိန်က ဘုန်းကြီးတွေလမ်းကြောင်းလွဲသွားပြီိလို့ အကြောင်းကြားလာတော့မှ ကျွန်တော် တို့မနေသာတော့ပဲ မြောက်ဒဂုံကနေ ထွက်ခဲ့ရပါရော။သူ့ဆီဖုန်းလှမ်းဆက်တော့ ဆရာသမားက “ဟဲဟဲဟဲ ဖြစ်ပါတယ် အကိုရာ ခု လှည်းတန်းကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဘွားတော်အိမ်ရှေ့မှာ မေတ္တာသွားပို့မလို့ပါ ” တဲ့။

သူကတော့ အေးအေး ပဲ၊ကျွန်တော်က တော် တော် ပူသွားတယ်။ အမေရိကန်သံရုံးရှေ့မှာလဲ အစောင့်တွေက မနည်းမနော၊အန်တီိအိမ်ရှေ့မှာလဲ တပ် ချ ထားတာ နည်း မှတ်လို့။ ကွိုင်ပူနိုင်တယ် ဆိုပြီး တက္ကသိုလ် ရိပ်သာလမ်းအရောက် အငှားကား နဲ့ ဒုန်းစိုင်းရပါတော့တယ်။ မိုးလေးကလဲ တဖွဲဖွဲ နဲ့ဆိုတော့ ဘုန်းကြီးတွေ အအေးမိတော့မှာပဲလို့ စိုးရိမ်ရ ၊ ကမ္ဘာအေးဘုရားလမ်း တလျောက် အအေး၊ ဖျော်ရည်၊ ဆေး၊ ချောင်းဆိုးပျောက်ငုံဆေး (VICKS) ကပ်လှူဖို့ နေရာ ယူထားကြတဲ့သူတွေကလဲ မနည်း၊ အစီအစဉ် တွေတော့ လွဲကုန်ပါပြီ ဆိုပြီးကျွန်တော် က ဖုန်းတွေလိုက်ဆက်ရ ၊စာရေးဆရာ ကိုတင်သစ် နဲ့အဖွဲ့ က နေရာ ချထားရေး တာဝန်ယူထားလေတော့ အလှူရှင် တွေကို လမ်းကြောင်းပြောင်းသွားလို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့ ရွှေ့ပေးပါလို့ အကြောင်းကြားရပြန်တာပေါ့။

ဆရာသမား ကိုချိတ်ကြီး က တော့ အန်တီ အိမ်ရှေ့က အတားတွေ အဆီးတွေ ကို ဖယ်ပြီး ဆရာတော် သံဃာတော် တွေကို အန်တီ အိမ်ရှေ့ရောက်အောင် ခေါ်သွားခဲ့ပါတော့တယ်။ အန်တီကလဲခြံတ့ခါးဖွင့်ပြီး တ့ခါး အတွင်းဖက်ကနေ တရားထွက်နာလိုက်တော့ လူအုပ်ကြီး ငိုပွဲဆင်ပေါ့။ သမိုင်းဝင် ဓါတ်ပုံအဖြစ် နဲ့ ချက်ချင်း ON LINEပေါ်တက်လာတော့တာပါပဲ။ အေးအေးချမ်းချမ်း အန်တီအိမ်ရှေ့ကနေ ထွက်ခွာလာတော့မှ ပဲ ကျွန်တော် သက်ပြင်းချ နိုင်ပါတော့တယ်။ကိုချက်ကြီးကတော့ ဖြစ်ပါတယ် ဖြစ်ပါတယ် နဲ့ ပျော်လို့ပြုံးလို့။

တန်းစီပြီး အကုန်ဖမ်းတော့မှ သူ မပျော်နိုင်တော့ဖူး။ သူ့မိန်းမ က နေ့စေ့လစေ့ နဲ့ကိုး။ ကလေးမွေးဖို့ နေ့လား ညလားပဲလေ။ သူ့မိန်းမ ကိုထားခဲ့ပြီးထောင်ထဲ ရောက်လာတော့ သူ့မျက်နှာ မရွှင်လန်းရှာပါဖူး။ သူနဲ့တူတူ NLDက မဥမ္မာ၊ ကိုသန်းထိုက်အောင် တို့ပါ ပါလာပါတယ်။ ထောင်ဘူးတံခါးကြီးမှာ ကျွန်တော် နဲ့ ဆုံတော့ မျက်နှာလေး ပျက်တက်တက် နဲ့ ဆော် ပြီထင်တယ် အကိုရေ တဲ့။

ဒါပေမဲ့ သူထင်သလို ဖြစ်မလာပါဖူး။ တစ်လခွဲလောက် အကြာမှာ ပြန်လွတ်လာပါတော့တယ်။ သူနဲ့ ကျွန်တော် ရှေ့ဆင့်နောက်ဆင့် လွတ်လာကြလေတော့ တူတူရာ စုတတ်ကြတဲ့ သဘာဝ အတိုင်း ထောင်ဝင်စာပေးပို့ရေးအပိုင်းမှာ ပေါင်းမိကြတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ကလဲ သီးလေးသီး အဖွဲ့ကို မျှော်စင်ကျွန်းမှာ က ပြဖို့ စီစဉ်နေချိန်ဆိုတော့ ကိုချိတ်ကြီးရောက်လာတာ တအားတိုးခဲ့ပါတယ်။ မျှော်စင်ကျွန်းအငြိမ့်ကို DVB ကနေ ပြဖို့ရော ခိုးကူးတွေနဲ့ ပေါင်းပြီး အငြိမ့်ခွေ ဖြန့်ဖို့အတွက်ရော ကျွန်တော် တို့တူတူလုပ်ခဲ့ကြတာပေါ့။ ရန်ကင်းမှာ၊ တောင်ဥက္ကလာမှာ၊ သင်္ဃန်းကျွန်းမှာ၊ သုဝဏ္ဏမှာ အခွေတွေ ဖြန့်ပြီး ကူး။ ပြီးတော့ နယ်ပို့။ ရန်ကုန်မှာတော့ ယုဇန ပလာဇာ ကိုပို့၊ ဒီနည်းနဲ့ သီးလေးသီးကို တစ်နိုင်ငံလုံးပြန့်အောင်ဖြန့်ခဲ့ကြတာပါ။

သီးလေးသီးတွေ စင်ကာပူ၊ ထိုင်း၊ ကိုးရီးယား ရောက်တော့လဲ သူတို့ အငြိမ့်တွေ ကျွန်တော့်ဆိပို့ပေးတာပါပဲ။ ဒီအခွေတွေကို ပြန်ပွားဖို့ နဲ့ ဖြန့်ဖို့ကတော့ ကိုချိတ်ကြီးတာဝန်ပေါ့။
ထောင်ထဲကို ထောင်ဝင်စာပို့ဖို့ကလဲ သူ ပဲ ဦးဆောင်ရတာ။ မဥမ္မာက ဒိုင်ခံချက်၊ ကိုချိတ်ကြီးက ထောင်ကိုစားစရာ ၀တ်စရာ ဖတ်စရာတွေ တစ်ပတ် မှာလေးခေါက် ပို့ရပါတယ်။ ဒီကြားထဲ NLDက တီရှပ် တွေ တံဆိပ်ရိုက်ပါဆိုလဲ သူပဲ။ Vote No ဆိုတဲ့ စတစ်ကာတွေ ဆိုင်းဘုတ်တွေ လုပ်ပါဆိုလဲ သူပဲ။ ကိုအောင်ထွန်းတစ်ယောက်ရှိ နေတာဟာ လူတစ်ရာစာ အလုပ်လုပ်တာနဲ့ ညီတယ် ဆိုရင် ပိုမယ် မထင်ပါဖူး။ ဒီကြားထဲ ခြေရာဖျောက် ပုန်းနေတဲ့ နီလာသိန်းတို့ နီမိုလှိုင်တို့တွေဆီကို စားစရာ ၀တ်စရာတွေပို့ ပေးတော့လဲ သူပါပဲ။

အကုသိုလ် က ၀င်ချင်တော့ သူတို့NLDက ရဲဇော်ထိုက် ဆိုတဲ့ လူငယ်လေးက တောထဲက ပြန်လာတယ်။ ရဲဇော်ထိုက်ဟာ မဲဆောက်မှာ သင်တန်း သွားတက်တာပါ။ သူပြန်လာတော့ ဖောက်ခွဲရေး ကိစ္စတွေမှာ သုံးလေ့ရှိတဲ့ ဒီတိုနေတာ တစ်ခု ပါလာတယ်။ ဘာရယ် မဟုတ်ဖူး။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ငါ ဗုံးနဲ့ ထုလိုက်ရမလား လို့နောက်နေကြတာ။ ထောင်စကားနဲ့ဆိုရင် ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဖူး ဆိုသလိုပါပဲ။ တစ်နေ့ ရဲဇော်ထိုက်ကို ရဲက ဖမ်းတဲ့အခါ သူ့ လွယ်အိတ်ထဲမှာ ဒီတိုနေတာ ကို တန်းတွေ့ တော့တာပါပဲ။
ဒီမှာတင် ရဲဇော်ထိုက် နဲ့ပတ်သက်တဲ့သူ အားလုံး ဆွဲစေ့တော့တာပေါ့။

အဲဒီအထဲမှာ ကိုအောင်ထွန်းလဲ ပါသွားပါလေရော။ သူ့ကိုဖမ်းတဲ့အချိန်က ည ဖက်ကြီး။ ကျွန်တော် ပေးထားတဲ့ လက်ကိုင်ဖုန်းလေး နဲ့ သူက ကျောက်ပန်းတောင်းကို လှမ်းချိတ်နေတုန်း ဗြုန်းဆို သူ့အိမ်ရှေ့ ထောက်လှမ်းရေးကားက ထိုးဆိုက်လာပါလေရော။ တစ်ခါထဲ လက်ကိုင်ဖုန်းကလေး ကို ရေမြောင်းထဲ ပစ်ချ လိုက်တာ သွားရှာပြီပေါ့၊ ပလုံ။

ရဲဇော်ထိုက်နဲ့အမှုတွဲ ဆိုပြီး သူ့ကိုသတင်းထိန်ချန်မှု နဲ့ ထောင်လေးနှစ် ချလိုက်ပါတယ်။ နာဂစ် ကိစ္စ နဲ့ ကျွန်တော် ထောင်ထဲ ရောက်သွားချိန်မှာ သူက အိမ်ရှင်ဖြစ်နေပြီ။ ထောင်ထဲ ရောက်တာတောင် ဟိုအဆောင် ဒီအဆောင် ဟိုတိုက် ဒိတိုက် လှမ်းချိတ်နေသေးတယ်။ရှားရှားပါးပါး ထောင်ထဲမှာ ပုဇွန်ဟင်းစားရတာ ကိုချိတ်ကြီး အချိတ်တော်လို့ပါ။ ထောင်ဆေးရုံကို လှမ်းချိတ်ပြီး ဆေးရုံက ဈေးကားနဲ့ ပုဇွန်ထုပ် နှစ်ကောင်မှာလိုက်တယ်။ ပြီးတော့မှ သူ့အခန်း နံရံ နားကပ်ပြီး ကော်ပန်းကန် ကို မီးစာ လုပ်လို့ ဟင်းအိုးတည်ပါတော့တယ်။ဘာပဲဖြစ်ဖြစ် သူ ရှိနေချိန်မှာ ဟင်းပူပူ စားရတာ အမှန်ပါပဲ။

ဒီကနေ မှ သူ့ကို ပုသိမ်ထောင်ရှေ့၊ကျွန်တော့်ကို မြစ်ကြီးနားထောင် ရွှေ့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မတွေ့ကြတော့ပါဘူး။၂၀၁၂ခုနှစ် လွတ်လပ်ရေးနေ့မှာ သူလွတ်လာတော့ ကျွန်တော် တို့ The art of freedom film festival ကျင်းပရာ တော် ၀င်စင်တာကို ရောက်လာတယ်။

သူ့ထုံးစံအတိုင်း နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေနဲ့ လျှောက်ချိတ်နေတော့တာပါပဲ။
ပြီးတော့မှ ကျွန်တော် နဲ့အတူတူ ထောင်တွေကို ထောင်ဝင်စာ လိုက်ပို့တဲ့အထဲ သူလဲ ပါဝင်ခဲ့ပါတယ်။ သူတစ်ယောက်ထဲ နဲ့ ထောင် သုံးထောင်စာလောက်ကို တာဝန်ယူနိုင်သူပါ။ အပင်ပန်းလဲခံနိုင်ရှာပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကလဲ ရလာ ကလေးလေးယောက်အဖေ လဲ ဖြစ်လာတော့ သူဘ၀ ရပ်တည်ရေးအတွက်ကလဲ ရှိနေသေးတာပေါ့။ NLDအပေါ်မှာတော့ သစ္စာကြီးဆဲပါပဲ။ ဒီလှိုင်းစာစောင် ဖြန့်တဲ့အထဲမှာလဲ သူ ၀င်ပါပါသေးတယ်။

NLD ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့လဲ စွပ်ကျယ် တစ်ထည်တည်းနဲ့ ရန်ကုန်တစ်မြို့လုံးပတ်နေတာပါ။ သူနေထိုင်ရာ သင်္ဃန်းကျွန်းမှာ NLD အဖွဲ့ဝင်တွေ အသစ် ရွေးကောက် တင်မြှောက် တဲ့အခါမှာတော့ သူ ပါမလာ ရှာတော့ပါဖူး။ သူ့ကိုယ်သူ လဲပြောပါတယ်။ ပညာတတ်သူတွေ အတွက် အချိန်အခါကောင်းပါတဲ့။ သူကတော့ ခုံ ထမ်း ဆို ထမ်းပါ့မယ် မြေပေါက် ဆိုပေါက်ပါ့မယ် တဲ့။

ဘာပဲဖြစ်ဖြစ် ၇န်ကုန်မြို့ထဲ ဟိုနားသည်နားမှာ စက်ဘီးလေး နင်းပြီး သူ့ကို တွေ့နေရဆဲပါ။ သူ့သမီးလေး လက်ကိုဆွဲလို့ စာအုပ်ဆိုင်တွေတစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စာစောင်ရောင်းနေတာကိုလဲ တွေ့တွေ့နေရတတ်ပါတယ်။ သူ ထုံးစံကိုတော့မဖျက်ပါဖူး။ လက်ပွားမှာ ဖုန်းချိတ်ပြီး
(ဟေး ကိုမျိုးကြီး ရွှေစင်စကြာင်္နဲ့ စာစောင် သုံးရာပို့လိုက်ပြီနော်။ မြင်းခြံက ကိုလတ်တို့ကို လဲ လှမ်းချိတ်လိုက်ဦး၊ ကျောက်ပန်းတောင်းတော့ ကျွန်တော် ချိတ်ပြီးပြီ။ မိတ္ထီလာကတော့ ချိတ်လို့မရသေးဖူး။ ညောင်ရွှေက ကိုအောင်စိုးဆီ လှမ်းချိတ်လိုက်ဦးမယ်)လို့ ချိတ်နေတုန်းပါပဲ။

ဇာဂနာ
မေ ၁၇၊ ၂၀၁၃

(Illustration – Yvetta Fedorova, NY Times Page ကနေ ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts