>Mar Mar Aye 279

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၉)
ပြောမဆုံးနိုင်တဲ့ မောင်ကြေးမုံအကြောင်း
မာမာအေး
ဇူလိုင် ၂၆၊ ၂၀၀၉

(photo: burma today)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မောင်ကြေးမုံလို့ ခေါ်တဲ့ မာအေးရဲ့ သူငယ်ချင်း သီချင်းရေးဆရာ အကြောင်း ပြောကောင်းတိုင်းသာ ပြောရရင် ဆုံးအံ့မထင် ဖြစ်လေမလားပဲ။ သူဟာ သံချပ်တော ကဗျာတောမှာ စာတွေ စုရင်း မောကာမှ ဂီတ တကြော ရောက်ရရှာတော့ နောက်ကျတာပေါ့ရှင်။ မြန်မာ ဂီတ ရောင်းတန်းဝင် ရွှေဓာတ်ပြား လောကရဲ့ အဖြစ်၊ ပြည်သူပိုင်ခေတ် ရေတိမ် နစ်တော့မယ့် အချိန်မျိုးမှာ ဝင်တိုးခဲ့တာ ဖြစ်သော်လဲ၊ သူရေးလိုက်တဲ့ ‘မောင်ပေါက်ကျိုင်းလိုလူစား’ သီချင်းထဲမှာ ကရင်ဒုံးသံလေးနဲ့ အိမ်သူသက်ထား အငေါ်တူးသွားမလို စာမျိုးလေးတွေ ကြားရတာကိုး၊ ဟိုးလေးတကျော် ထင်ပေါ်လာပါတယ်၊

(သဝန်ကြောင်တာ မဟုတ်ဖူးရှင် ကျမတွယ်တာတဲ့သခင်)၂ xxx (အိမ်ထောင်ရေးဟာ အရေးကြီးတာမို့ မောင်နားထောင်ဖို့ပြင်)၂ xx မိန်းမသားတွေရဲ့ ဉာဉ်၊ တွယ်တာစရာ တဦးတည်း ချစ်လင်၊ အားကိုးရ ပေါင်းရတယ်ရှင် xx အို … မေးပါများရင် စကားရပေမယ့် ရွယ်တူ မိန်းကလေး လှလှတွေနဲ့ စကား မပြောရပါဘူးရှင် xx ကျားကြောက်လို့ ရှင်ကြီးကိုး၊ ကျားထက်ပင် ဆိုးမယ့် ဟန်မြင် xx သွားပါများ ခရီးရောက်ပေမယ့် လည်တာသွားတာ တိုးရမယ်ရှင့် xx နဂါးနိုင် မင်းတော့ မောင်ဖြစ်လိမ့်မယ် မထင်၊ ဇာတ်မင်းသားကြီးလို နန်းဝတ် နန်းစားကြီးနဲ့ဆို၊ တကယ့်ကို ရီစရာကောင်းမယ်၊ ရီစရာကောင်းမယ်ရှင်၊ ကျမ စကားကို မောင်နားထောင်ရင်၊ နဂါးနိုင်မင်း မဖြစ်ပေမယ့် ကျမကို နိုင်မယ့် နဂါးနိုင်မင်းတော့ ဖြစ်မှာ ဧကန်ပင် xx [ “မောင်ပေါက်ကျိုင်း”မှ ]

ဟာသဆန်တဲ့ ဇဝနဥာဏ်ရွှင်သူတို့ အရေးအသားမျိုး သူ့မှာရှိတယ်ဆိုတဲ့ သူ့စာကြည့်ရင် သိပြီပေါ့နော်၊ အဓိပ္ပာယ် လိုရာ ဆွဲတွေးနိုင်တာလေးတွေလဲ ရေးတတ်ပါတယ်။ မာအေး ကိုယ်တိုင် တေးသံရှင် ဓာတ်ပြားကုမ္မဏီကနေပြီး ‘ကျမမိန်းမရှေ့နေ’ ဆိုတဲ့ သီချင်းတပုဒ် ထုတ်တဲ့ အခါတုန်းက- ဟိုးအရင်တခါ ‘အခြေခံဥပဒေ’ ပြန်လုပ်တဲ့ ကိစ္စနဲ့ ကြုံပါတယ်။ ကိုကြေးမုံက သီချင်းထဲမှာ ‘ကျမ မိန်းမရှေ့နေ လုပ်မယ်၊ ယောက်ျားတိုင်းလဲ ကန့်ကွက်မဲ ပေးနိုင်တယ်’ အဲဒီလို သံပြိုင်ပိုဒ်မှ အစချီပြီး ရေးထားတာကိုး ရှင့်၊ နောက်က လိုက်ဆက်ရေးထားတဲ့ စာက ‘ယောက်ျား အမျိုးမျိုး ကျမ်းကိုး အစောင်စောင် အာဂုံဆောင်ကာ အမှုနိုင်အောင် လိုက်ပြချင်တယ်’ တဲ့။ စာစစ်တဲ့ ဆရာ့ဆရာများက မောင်ကြေး ဆိုလိုချက် ဖြစ်တဲ့ ယောက်ျားသားတွေဟာ အိမ်သူတို့အပေါ် ကလိန်ကကျစ် ညစ်တာတွေ၊ ချစ်တာတွေ အထိ လိုက်စောင့် ဖတ်ကြည့်မနေဘူး ရှင်တို့ရဲ့။ ‘ကန့်ကွက်မဲပေးနိုင်တယ်’ ဆိုတဲ့ တပါဒလေး တွေ့တာနဲ့ ဖမ်းရမ်း ကွပ်ညှပ်လိုက်လေတော့ ပလုံသွားပေတာပေါ့၊ ပရိသတ်များ ကြားတောင် ကြားဖူးလိုက်ရဲ့လား မသိပါဘူး၊ မြန်မာ့အသံက လွှင့်မပေးတာတော့ သေချာတယ်၊ မာအေးကံကလဲ တမျိုး၊ သူတို့ကို ပြန်ပြောရတဲ့ အဖြစ်နဲ့ချည်း တိုးခဲ့တာပဲ၊ မာအေးဆိုတဲ့ ‘ဖက်ခွက်စားရှင်းတမ်း’ သီချင်းဟာ သဘင်သည်တွေဘက်က တင်ပြတဲ့ အကြောင်းပါ၊ အနေအထိုင် မတတ်၊ ဘဝင်မြင့်တဲ့ ဟာတွေကို ပြောတာပါ ဆိုပေမယ့် မလွှင့်ခဲ့ရဘူး။ နောက်တဦးက ‘မြစိမ်းခွက်’ လို့ နာမည် ပြောင်းလိုက်တော့ ဆိုဖြစ် လွှင့်ဖြစ်သွားတယ်၊ ရုပ်မြင်မှာပေါ့။ ‘မဲဇာရွှေလီ’ကို ဆိုမိတော့ ခေတ်ဟောင်းသီချင်းပေမယ့် ‘ရှေးဝဋ်ကြွင်း မကင်းပြန် ရာဇဒဏ်မြေ’ ဆိုတဲ့စာ ပါလို့ တဲ့၊ မာအေးကိုယ်တိုင် ရုပ်ရှင် ပဏာမ ဆိုထားတဲ့ ဆရာရွှေပြည်အေးရဲ့ ‘ကချေသည်’ ကျတော့ “ဆွဲအားများနဲ့ ထင်သလို ခြယ်လှယ်၊ အသဲတယားယား ဖြစ်အောင် တင်ပါးလှုပ် ကမယ်” အဲဒီ စာပိုဒ်ကြောင့် ပယ်ပြန်တယ် ရှင်ရေ။ ‘စဉ်းစားရဦးမယ်’ တောင်မှ ခဏတဖြုတ် ပယ်တာတွေ လုပ်ပါတယ်။ ရွေးချယ်ပွဲတွေကျရင် အရွေးခံမယ့်သူကို ရိဖို့ ကလိဖို့ သုံးကြ၊ ကြည်စယ်ကြလို့တဲ့ ရှင်။ မဲရွေးချိန်ဆို ပိတ်ပြီ၊ အလွမ်းဆိုတော့လဲ လွမ်းလို့ဆိုပြီး ပိတ်တာပါဘဲ၊ ကိုယ့်သီချင်းတွေ ပိတ်ခံရတာ ပျော်မတဲ့လား … ရှင့်။ ဒါကတော့ ဒီလိုပါ ဆိုတာမျိုး ပြန်ပြောရတာပေါ့၊ မာအေးလို ခံစား နားလည်တဲ့ ကိုကြေးမုံက ‘တန်ပြန်ဆု’ သီချင်းလေး ရေးပေးသွားပါတယ်။

အို … ဗုဒ္ဓရှင်တော်ဘုရား ဤဆီမီးပန်း၊ ဤရေဆွမ်းကို ပူဇော်ပါ၏ဘုရား၊ ပူဇော်ပါ၏ဘုရား … xxx ဤဆီမီးကို လှူရသော အကျိုးအားကြောင့်၊ ကိုစိမ်းကားကြီး သူ့ဘဝသည်၊ မီးလိုပူရသော ဝဋ်ကြွေး တုန့်လှည့် ဖြစ်မယ့် အစား၊ တူသောအကျိုး ပေးမယ့်အစား၊ ဤဆီမီးနှယ် လင်းဖြာစေ၊ ဤဆီမီးနှယ် ဝင်းဝါစေ ရှင်တော်ဘုရား xx ဤရေဆွမ်းကို လှူရသော အကျိုးအားကြောင့်၊ မျက်ရည် မြစ်ချောင်း ဖြစ်စေခဲ့ပါသူ၊ ကိုစိမ်းကားကြီး သူ့ဘဝသည်၊ ကိုယ့်လို ငိုရသော ဝဋ်ကြွေး တုန့်လှည့် ဖြစ်မယ့်အစား၊ တူသောအကျိုး ပေးမယ့်အစား၊ (ဤရေဆွမ်းနှယ်အေးပါစေ) ၂ ရှင်တော်ဘုရား xx ဤမြတ်ပန်းကို လှူရသော အကျိုးအားကြောင့်၊ ပန်းလိုချွေခဲ့ ရက်စက်ခဲ့ပါသူ၊ ကိုစိမ်းကားကြီး သူ့ဘဝသည်၊ ပန်းလို ကြွေတုန့်လှည့် ဖြစ်မယ့် အစား၊ တူသော အကျိုး ပေးမယ့် အစား (ဤမြတ်ပန်းနှယ် မွှေးပါစေ)၂ ရှင်တော်ဘုရား xx [ “တန်ပြန်ဆု”မှ ]

အကောင်းမြင်ဝါဒသမားအဖြစ် ရင်တွင်းဆုကို တောင်းပါတယ်ရှင်၊ ကောင်းတာတွေလဲ ဖြစ်လာပါစေ၊ ကောင်းတာတွေပဲ ကြားရမြင်ရပါစေ။ ။

[ မူရင်း – ဘီဘီစီ၊ မြန်မာဌာန ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts