မောင်စွမ်းရည်

Maung Swan Yi – Articles

သာသနာ့ မောလိ ပဋ္ဌာန်းဝတ်ရွက်သင်း
မောင်စွမ်းရည်
ဇူလိုင် ၄၊ ၂၀၁၃

Photo : Aung Htet
မြန်မာနိုင်ငံမှာ ၂၀၀၇ စက်တင်ဘာက ​“ရွှေဝါရောင်တော်လှန်ရေး”လို့  ကမ္ဘာကျော်ခဲ့တဲ့ သံဃာ အရေးတော်ပုံကြီးတရပ် ပေါ်ပေါက်ခဲ့ပါတယ် ။ ကမ္ဘာသမိုင်းမှာရော မြန်မာနိုင်ငံသမိုင်းမှာရော မကြုံစဖူးထူးကဲ ကြီးကျယ်လှတဲ့ သံဃာအရေးတော်ပုံကြီး ဖြစ်တဲ့အတွက် ကမ္ဘာအရပ်ရပ် ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ရွှေဝါရောင် သံဃာတန်းကြီး ခန့် ညားတည်ကြည်တဲ့ ပါဠိဘာသာ မေတ္တာသုတ်ကို သံပြိုင်ရွတ်ဆို ရွေ့ လျားနေပုံဟာ မြင်ရသူအပေါင်းမျက်စိထဲမှာ တသက်လုံး မေ့ပျောက်နိုင်စရာ မရှိပါဘူး။ ဒီသံဃာတော်တွေဟာ မိဘပြည်သူတွေ အနေဆင်းရဲ အစားဆင်းရဲ နေရတဲ့အပြင် ဖိနှိပ်ညှင်းပန်းမှုကိုပါ မပြတ်ခံနေရတဲ့အတွက် ဗုဒ္ဓသားတော်တွေ လုပ်နိုင်တဲ့နည်းနဲ့  မေတ္တာပို့  ဆုတောင်းနေကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အသိန်းအသန်း သံဃာထုကြီးကို ဗုဒ္ဓဘာသာအမည်ခံ စစ်အစိုးရက သွေး ချောင်းစီးအောင် ရက်ရက်စက်စက် သေနတ်မျိုးစုံနဲ့ ပစ်သတ်ဖြိုခွင်းခဲ့ပါတယ်။
ဗိုလ်နေ၀င်းထူထောင်ခဲ့တဲ့ စစ်အာဏာရှင်အစိုးရအဆက်ဆက်ဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူအပေါင်း ကို အဆက်မပြတ် ဖမ်းဆီး နှိပ်စက် ထောင်ချ သတ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးမှာ သေနတ်နဲ့  ပစ်ခတ်ဖြိုခွင်းခဲ့လို့  ရဟန်းတွေပါ သေကြေပျံလွန်ကြရတယ်။ ဘုန်းကြီးကျောင်းကြီး တွေကိုပါ စစ်တပ်နဲ့ ဝင်ရောက် စီးနင်းပြီး ရိုက်နှက်ဖမ်းဆီး ထောင်ချ နှိပ်စက်ခဲ့ကြပါတယ် ။ ဒီတခါမှာတော့ မန္တလေး မစိုးရိမ်းတိုက်ကို အခြေပြုပြီး နှစ်ပေါင်း  ၅၀လောက် တပည့်သံဃာအပေါင်း ၆၀၀၀လောက်ကို စာချလာခဲ့တဲ့ ဆရာတော် ဦးကောဝိဒနဲ့ တကွ ရန်ကုန် အင်းစိန်မေဒိနီ ဆရာတော် ၊ ပိဋိကတ်သုံးပုံ နုတ်ငုံဆောင် ဦးသုမင်္ဂလဆရာတော် စတဲ့ ထေရ်ကြီးဝါကြီး ၊ သိက္ခာကြီး ကျမ်းတတ် ကျမ်းပြု ဆရာတော်ကြီးများ တိုင်ပင်ဦးဆောင်ပြီး ဘုရားရှင် ကိုယ်တော်တိုင် ပေးအပ်ခဲ့တဲ့ သံဃာလက်နက်ဖြစ်တဲ့ ပတ္ထနိကုဇ္ဈနခေါ်သပိတ်လက်နက်ကြီးကို အသုံးပြုပြီး စစ်အစိုးရ ဗိုလ်မှူး ဗိုလ်ချုပ်တွေလောင်းလှူတဲ့ ဆွမ်းကို မခံယူစတမ်း ၊ တရားမချီးမြှင့်စတမ်းကံဆောင်ခဲ့ကြပါတယ် ။ ဒီတခါလဲ ပြည်သူအများ ကိုးကွယ်တဲ့ ဆရာတော်ကြီးများကို ဖမ်းဆီးထောင်ချ နှိပ်စက်ကြပြန်ပါတယ်။
ဖမ်းဆီးထောင်ချ ခံရသူတွေထဲမှာ မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒလဲ ပါဝင်ခဲ့ပြီး ၂နှစ်မျှ အကျဉ်းထောင်ထဲမှာ ၀ဋ်ကြွေးဆပ်ခဲ့ရရှာပါတယ် ။ မစိုးရိမ် ဆရာတော်ကြီး အကျဉ်းထောင်ကလွတ်တော့ တပည့်တွေ ဒကာတွေရဲ့ ပင့်လျှောက်ချက်အရ အမေရိကန်ပြည်ထောင်စုကို ထွက် လာပြီ ဧချမ်းစွာ စာသင်စာချ တရားပြရင် သာသနာ့ပြုနေခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံကြီး ကမ္ဘာတုန်အောင် ပေါ်ပေါက်လာတဲ့ အခါမှာတော့ ဘုရားသားတော်ကြီး တပါးအနေနဲ့ သာသနာကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့  ခံယူကာ ဆောင်ရွက်စရာ ကိစ္စတွေကို ဦးဆောင်မှုအခန်းက တာဝန်ယူပြီး ပြန်လည်ဆောင်ရွက်ပါတော့တယ် ။ ဒီကာလမှာ ကမ္ဘာလှည့် သာသနာပြု ဆရာတော်ကြီး တဦးအဖြစ် ထင်ရှားတဲ့ ပီနန်ဆရာတော်ကြီးကလဲ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။ မစိုးရိမ်ဆရာတော်ကြီးနဲ့ ပီနန် ဆရာ တော်ကြီးတို့ ဟာ မစိုးရိမ်တိုက်မှာ ငယ်စဉ်က စာသင်ဖက်များဖြစ်ြကတဲ့အတိုင်း ပူးတွဲတိုင်ပင်ပြီး ၂၀၀၇ အောက်တိုဘာ ၂ ရက်နေ့မှာ သာသနာ့ဥသျှောင် အဖွဲ့ ချုပ်ကြီးကို အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိမြို့ မှာ ဖွဲ့ စည်းလိုက်ပါတယ် ။ အဖွဲ့ အစည်းကြီးမှာ မစိုးရိမ်ဆရာတော်ကြီးက ပဓာနာစေရ နာယကဆရာတော်ကြီးအဖြစ် တာဝန်ယူပြီး ပီနန်ဆရာတော်ကြီး ဦးပညာဝံသက ဥက္ကဋ္ဌ ၊ လန်ဒန်က ဆရာတော် ဦးဥတ္တရက    အထွေထွေ အတွင်းရေးမှူးစသဖြင့် ကမ္ဘာအရပ်ရပ်က ဆရာတော်များ ပါဝင်ဖွဲ့  စည်းလိုက်ပါတယ် ။ အစည်းအဝေးမှာ သံဃာတော်   ၅၀ ကျော်ပါဝင်ပါတယ်။ အသင်းကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ သာသနာတော်ကို ကာကွယ်စောင့် ရှောက်ရေးပါပဲ။
ဆရာတော်ကြီးဟာ မြို့ တကာလှည့် လည်ပြီး တရားဟောပါတယ် ။ တရားဟောရာမှာ အောက်ပါ အချက်များကို ပြောလေ့ရှိပါတယ်။
(၁)သံဃာတော်များက စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ထားတာ ခုအထိ သပိတ်မလှန်ရသေးဘူး။ သူတို့က ၀န်ချတောင်းပန်မှ သ ပိတ်လှန်ရပါမယ်။ သပိတ်မှောက် ကံဆောင်တယ်ဆိုတာ အင်မတန် အပြစ်တာဝန် ကြီးလေးပါတယ်။ ကံကြီးထိုက်တတ်တယ်။ ဒကာ ဒကာမတွေက သူတို့ နဲ့ ပူးပေါင်းရင် အဖျားခတ်တာခံရမယ်။ မပူးပေါင်းကြနဲ့ ။
(၂) စစ်အစိုးရ တဖတ်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ လေ့လာစရာမလို၊ သူတို့ မကောင်းသူတွေ ရေးဆွဲတာဆိုရင် ကောင်းနိုင် စရာမရှိ ။ မထောက်ခံနဲ့ ၊ ကံကြီးထိုက်မယ်။
(၃) စစ်သားတွေက သတ်ရဲကြတယ်။ မသေရဲကြဘူး။ ဘုန်းကြီးတို့ က မသတ်ရဲဘူး။ သေရဲကြတယ်။
(၄) အမျိုးဘာသာ သာသနာအတွက် အသက်စွန့် ရင် မြတ်သောသေခြင်း ဖြစ်လို့ ကောင်းရာရောက်မယ်။
“အောင်ဆန်း “ ပြောခဲ့တဲ့ “ရဲသော်မသေ သေသော်ငရဲမလား “ ဆိုတာ တရားတော်နဲ့ ညီတယ်။ အရမ်းပြောထားတာ မဟုတ်။
(၅) နိုင်ငံရေးသမားတွေကို ဘုန်းကြီးက မေတ္တာရပ်ခံပါတယ် ။ စစ်အစိုးရကို ဆန့် ကျင် တိုက်ပွဲဝင်ရာမှာ ညီညွတ်ကြပါ။ ခဏလေးပဲ ဖြစ်ဖြစ်၊ ဟန်ဆောင်လေးပဲ ဖြစ်ဖြစ် ညီညွတ်ကြစမ်းပါ။
ညီညွတ်ရေးကို မျှော်မှန်းပြီး သာသနာ့ဥသျှောင် အဖွဲ့ ကြီးရဲ့  ရုံးခန်းကို “ညီမူရာခန်းမ “ လို့ ဆရာတော်ကြီးကအမည်သမုတ်တော်မူပါတယ် ။ ၂၀၀၈ ဧပြီ ၂၇ မှာ မိန့် ကြားတော်မူပါတယ် ။ ညီမူရာခန်းမ ဖွင့်ပွဲနေ့ မှာပဲ “ တို့ တတွေစုပြီးပဋ္ဌာန်းရွတ်ကြရအောင် ။ တနင်္ဂနွေ နေ့ ၊ ည နေတိုင်းရွတ်ကြမယ် ။ စားစရာလေးတွေလဲ ကိုယ်တတ်နိုင်သလို ယူခဲ့ကြ။ ဒီမှာဆုံပြီးစားကြ ။ ပျော်ပွဲစားထွက်သလိုပေါ့  ။ ကုသိုလ်လဲရ ၀မ်းလဲဝမယ် ။ ဘုန်းကြီးလဲ တနင်္ဂနွေ ညနေတိုင်း မပျက်မကွတ်လာမယ်လို့  မိန့် ကြားသွားခဲ့ပါတယ် ။ ဒါပေမဲ့ ၂၀၀၈ ဧပြီ ၂၉ အင်္ဂါနေ့ မှာပဲ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရှာပါတယ်။
ဆရာတော်ကြီးရဲ့ အန္တိမဈာပနကို ပီနန်ဆရာတော်ကြီး ကိုယ်တိုင် ဦးစီးပြီး နိုင်ငံတကာက ရောက်လာကြတဲ့သံဃာတော်များနဲ့ အတူ နယူးရောက်မြို့ မှာပဲ သိုက်မြိုက်စွာ ဆောင်ရွက်တော်မူပါတယ်။ ဈာပနပြီးတဲ့အခါမှာ ပီနန်ဆရာတော်ကြီး ဦးဆောင်ပြီး မစိုးရိမ်ဆရာတော်ကြီးရဲ့ ဆန္ဒနဲ့အညီ ပဋ္ဌာန်းရွတ် ပူဇော်ပွဲကို ပြုလုပ်ပါတယ်။ မစိုးရိမ်ဆရာတော်ကြီးက ပဋ္ဌာန်းဝတ်ရွတ်စဉ်ကို ကိုယ်တော်တိုင် အသံသွင်းပေးထားခဲ့တာ ရှိပါတယ်။ ပီနန်ဆရာတော်ကြီးက ပဋ္ဌာန်းဝတ်ရွတ်စဉ်ကို စာအုပ်ကလေးအဖြစ် ပုံနှိပ်ထုတ်စေပြီး ပဋ္ဌာန်းရွတ်ဖတ်သူ တွေကို တယောက် တအုပ်ဝေငှပါတယ်။  စာအုပ်မှာ
(၁) လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး ရေးဖွဲ့ ပူဇော်ထားတဲ့ ရောင်ခြည်တော်ဘွဲ့ ဘုရားပင့်ဂါတာ
(၂) ဒီဝါတပတိ သဗ္ဗမင်္ဂလာ ဂါတာတော် 
(၃)ဇယစက္ကော အောင်ရှစ်ချက် ဂါတာတော်တို့ ကို ရှေ့ ဆုံးက ထည့်သွင်းပုံနှိပ်ထားပါတယ် ။ ပြီးမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသနဲ့ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ။ နောက်ဆုံးက မေတ္တာပို့ အမျှဝေ ။ မိဖဆရာတို့ ကအစ “လူမင်း”နဲ့  “ယမမင်း” တို့ ပါမကျန် မေတ္တာပို့ အမျှဝေပါတယ် ။ ပီနန်ဆရာတော်ကြီးက ပဋ္ဌာန်းအဓိပ္ပါယ်ကို လူပြိန်းများ နားလည်အောင် ရှင်းပြမူပါတယ်။
ပီနန်ဆရာတော်ကြီး ပီနန်ကို ပြန်ကြွသွားတောင် ဆရာတော် ဦးအဂ္ဂဓမ္မနဲ့  ဦးဇင်းဦးခေမိန္နတို့  ပဋ္ဌာန်းရွတ်ဆိုပူဇော်ပွဲကို ကြီးကြပ်ခဲ့ပါတယ် ။ နောက်ဆက်လက်ပြီး ဦးဇင်း ဦးက္ကန္ဒာသာရက ကြီးကြပ်ရှေ့ ဆောင်ခဲ့ ရာက အခုအခါ အခြေ အနေအရ ပဋ္ဌာန်းအဖွဲ့ ကို  မဟာအောင် မြေကျောင်းကို ရွှေ့ ပြီး ဦးဝိလာသ ဆရာတော်က ရှေ့ ဆောင်ကြီးကြပ်နေပါတယ် ။ ပဋ္ဌာန်းရွတ်ဆိုသူ၂၀ကျော် ၊ ၃၀ကျော်ရှိပါတယ်။ ယနေ့ ထိ ၅နှစ်ပြည့် ခဲ့ပါပြီ ။ ပဋ္ဌာန်းဝတ်အသင်းကို တည်ထောင်ပေးခဲ့တဲ့ ဆရာတော်ကြီး ပျံလွန်တော်မူတာလဲ   ၅ နှစ်ပြည်ခဲ့ပါပြီ။ ပဋ္ဌာန်းရွတ် ၊ ဆွမ်းကပ်၊ ကုသိုလ်လုပ် အမျှဝေ လိုက်ပါတယ်။ သာဓု ခေါ်ကြပါကုန်။
မောင်စွမ်းရည်

၂၀၁၃ ဧပြီ ၂၄ (နယူးယောက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts