>United Breaks Guitars

>

ယူနိုက်တက်လေကြောင်းကို သီချင်းနဲ့တုန့်ပြန်

ကနေဒါနိုင်ငံက Sons of Maxwell ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဒေးဗစ်ကာရို(David Carroll) ယူကျူမှာတင်ထားတဲ့ သီချင်းတပုဒ်ဟာ ၃ ရက်အတွင်း ကြည့်ရှုတဲ့ပရိသတ် ၁ သန်းကျော်သွားပြီး စီအင်အင်သတင်းမှာတောင် ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ်ဆန်းပိုင်းက အမေရိကန် နဘရာစ်ကာ(Nebraska) မှာ ပြုလုပ်မဲ့ ဂီတဖျော်ဖြေပွဲအတွက် ဒေးဗစ်တို့အဖွဲ့ဟာ ယူနိုက်တက်လေယာဉ်နဲ့ ကနေဒါကနေ ထွက်ခွာခဲ့ပါတယ်။ ချီကာဂိုမြို့ရဲ့ လေယာဉ်ကွင်းတခုမှာ တထောက်နားနေစဉ် ယူနိုက်တက်လေကြောင်းမှ အထုတ်အပိုးသယ် ၀န်ထမ်းများဟာ ဒေးဗစ်တို့ရဲ့ ဂီတာတူရိယာပစ္စည်းများကို ပစ်ပေါက်ပြီးဆော့နေတာကို ခရီးသည်တွေက တွေ့ကြတယ်။ အဲဒါကို ဒေးဗစ်က လေယာဉ်မယ်တွေကို အကြောင်းကြားပေမဲ့ သူတို့က ဂရုမစိုက်ခဲ့ကြဘူး။
နဘရာစ်ကာကိုရောက်တော့ ဒေးဗစ်အလွန်နှစ်သက်တဲ့ ဒေါ်လာ ၃၅၀၀ တန် Taylor တံဆိပ်ဂီတလေးဟာ သုံးမရလောက်အောင် ပျက်စီးနေတာကို တွေ့ရတော့တယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေးဗစ်က ယူနိုက်တက်လေကြောင်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဘယ်သူကမှ တာဝန်မယူပဲ တယောက်ပြီးတယောက် အခြားလူတွေဆီ လွှဲချခဲ့ပါတယ်။ တနှစ်နီးပါးလောက်ကြိုးစားခဲ့ပေမဲ့ ပျက်စီးသွားတဲ့ဂီတာအတွက် လျော်ကြေးမရခဲ့ပါဘူး။ နောက်ဆုံးမှာ ဒေးဗစ်က ဘာလျော်ကြေးမှလည်း မယူတော့ဘူး၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သီချင်း ၃ ပုဒ်ရေးမယ်၊ ပြီးတော့ ဗီဒီယိုရိုက်မယ်လို့ ယူနိုက်တက်လေကြောင်းကို ပြောခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာ ပထမဆုံးသီချင်းဖြစ်တဲ့ United Breaks Guitars ကို ယူကျူမှာ တင်ခဲ့တာ ၃ ရက်မြောက်မှာ ကြည့်သူပေါင်း ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အခုမှ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းခဲ့တဲ့ ယူနိုက်တက်လေကြောင်းက ဒေးဗစ်ကို ဆက်သွယ်ပြီး ဂီတာအတွက် လျော်ကြေးပေးမယ်လို့ ပြောလာပါတယ်။ နောက်ပြီး ဒီဗီဒီယိုကို ယူနိုက်တက်ကုမ္ပဏီရဲ့ လုပ်ငန်းခွင်သင်တန်းမှာ အသုံးပြုမယ်လို့လည်း သိရပါတယ်။

United Breaks Guitars ဗီဒီယိုကို ဒီမှာသွားကြည့်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts