>one more H1N1 case in Burma

>

ရန်ကုန်တွင် H1N1 တုပ်ကွေးရောဂါပိုးရှိသူ နောက်တဦး ထပ်တွေ့
မိုးမခအထောက်တော် အမှတ် ၀၀၁
ဇူလိုင် ၁၀၊ ၂၀၀၉


တုပ်ကွေးကူးစက်မည်ကို စိုးရိမ်သဖြင့် မျက်နှာဖုံးအကာအကွယ် တပ်ထားသော ရန်ကုန်မှ ဘောလုံးပရိသတ်တချို့


မြန်မာပြည်တွင် H1N1 တုပ်ကွေးရောဂါပိုးရှိသူ နောက်တဦးကို ထပ်မံတွေ့ရှိရသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးထားသည်။

တနင်္လာနေ့က ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ရောက်လာသူ အသက် ၂၀ အရွယ် အမျိုးသားတဦးဖြစ်ကြောင်း၊ လေဆိပ်တွင် စစ်ဆေးစဉ်က အဖျားမရှိသော်လည်း နေအိမ်ရောက်ပြီးမှ ဖျားနာသဖြင့် ရောဂါဗုဒ္ဓဟူးနေ့တွင် ဆေးရုံသို့ တက်ရောက် ကုသခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

“လူနာအား ဝေဘာဂီဆေးရုံ သီးသန့်လူနာခန်း၌ ထားရှိကာ အထူးကု ဆရာဝန်ကြီးများ အဖွဲ့ဖြင့် စနစ်တကျ ကြပ်မတ် ကုသလျက် ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် လူနာ၏ အခြေအနေမှာ အဖျားမရှိဘဲ သက်သာလျက်ရှိကြောင်း” ဟု သတင်းစာတွင် ရေးထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့တ၀န်းတွင် H1N1 တုပ်ကွေးရောဂါသည် တသိန်းနီးပါး (လူဦးရေ ၉၄၅၁၂ ဦး) ရှိပြီး ၄၂၉ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရောဂါပိုး မြန်မာပြည်သို့ ရောက်ရှိလာသဖြင့် ရန်ကုန်တွင် မျက်နှာဖုံးများ အရောင်းသွက်နေသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် H1N1 တုပ်ကွေးရောဂါပိုးတွေ့ရှိရသူ ကလေးတဦးလည်း ပြန်လည် သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း၊၊ ၎င်းအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သူ သတင်းထောက်တဦးသည်လည်း အိမ်ပြန်ခွင့်ရပြီဖြစ်ကြောင်း ရန်ကုန်မှလာသော သတင်းများက ဆိုသည်။

ဝက်တုပ်ကွေးရောဂါဟုလည်း ထင်ရှားသော H1N1 ရောဂါကို မြန်မာပြည်တွင် လူတုပ်ကွေးရောဂါဟု အမည်ပေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts