>
မြကြေးမုံ ၀ါကျများ
(ကိုယ်ရေးကိုယ်တာတောင်ပံများ – ၃)
သစ်ကောင်းအိမ်
ဇူလိုင် ၅၊ ၂၀၀၉
ငါလိမ့်ကျခဲ့ရာ ဆင်ခြေလျောများ
ငါလဲကျခဲ့ရာ ကြိုးဝိုင်းကြမ်းပြင်များ
ငါ့ကိုမြှပ်နှံခဲ့ရာ နှစ်ကာလ မြေပုံ မို့မို့များ။
တရားအလွန် တဘူတာမှာ
တရားဟာ တရားကို မစောင့်တော့ဘူး
တရားဟာ ခင်ဗျားကိုလည်း မစောင့်တော့ဘူး
သူ့တရားနဲ့သူ
သွားနှင့်ပြီ။
လောကစွန့်စားခန်းတွေကြား
အသည်းတအေးအေး ရင်တယားယား
တခါတလေတော့
ဘ၀ဟာ ဂျိန်းစဘွန်းဇာတ်ကားပဲ
အခန့်မသင့်တဲ့အခါ
အိပ်ရာထဲ သူလျိုမယ်လေးတွေထံက
သေမင်းတမန် ကျည်ဆံတွေလည်း
လက်ဆောင် ရတတ်ပါသေးရဲ့။
ကဗျာက ငါ့ထမင်းလုပ်ကို ပုတ်ချတယ်
ဘ၀က မ,ဘက် လိုက်လွန်းတယ်။
ကမ္ဘာ ပြင်ရမယ့် အရွယ် မဟုတ်ဘူး
ကမ္ဘာအပြင် ထွက်နေရမယ့် အရွယ်။
ပါတီထောင်ရမယ့် အချိန် မဟုတ်ဘူး
လူမိုက်ဂိုဏ်းထောင်ရတော့မယ့် အချိန်။
ပြည်ပုပ်တွေကြောင့်
ပြည်နာတယ်။
သမိုင်းဘက် သွားမှာလား
သမိုင်းလမ်းဆုံ ရောက်ပြီ
ဆင်းတော့ … … … ….။
ခုလိုမျိုး
ညီအကို မသိတသိ နွားရိုင်းသွင်းချိန်
ငါ နမ်းလိုတာလည်း
မင်း ပါးပြင်မဟုတ်ခဲ့
မြကြေးမုံရေ ….
ငါနမ်းလိုရဲ့
အမိမြေရဲ့ သဲတဆုပ်သာ
ငါ နမ်းလိုက်ပါရစမ်းစေကွယ်။
တောင်ပေါ်မိုးကြမ်းတွေအောက်မှာ
ငါ့ဆံပင်တွေကို ငါ လွမ်းတဲ့အခါ
တာဝါလိန်းလမ်းမှာ မင်းပျော်ပါ။
ဘ၀မှာ
စစ်မျက်နှာတွေ များခဲ့တယ်
ညီမလေးရယ်
ဟုတ်တယ် …
ကိုယ်ကြားဖူးတယ်
“ဟက်ပီး…” ဆိုတာ
ခွေးလေးတကောင်ရဲ့နာမည်။
အောက်တိုဘာ ၄၊ ၂၀၀၆