>Burma Confirms First H1N1 Case

>

မြန်မာပြည်တွင် A(H1 N1) တုပ်ကွေး ရောဂါပိုးရှိနေသူ တဦး စတင် တွေ့ရှိ
မိုးမခအထောက်တော် ၀၀၈
ဇွန် ၂၈၊ ၂၀၀၉


မြန်မာပြည်တွင် A(H1 N1) တုပ်ကွေး ရောဂါပိုးရှိနေသူ တဦးကို ပထမဦးဆုံး စတင် တွေ့ရှိကြောင်း၊ စင်ကာပူနိုင်ငံသို့ သွားရောက် လည်ပတ်ပြီး ပြန်လာသူ ရန်ကုန်မှ ကလေးငယ်တဦးတွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း မြန်မာအာဏာပိုင်တို့က ကြေညာလိုက်သည်။

“အိမ်ရောက်ပြီးနောက် သူငယ်ချင်းများနှင့်အတူ စာဖတ်ဝိုင်းသို့ သွားရောက်စဉ် သင်တန်းဆရာမက ၎င်း ချောင်းဆိုးနေသည်ကို သတိပြုမိသဖြင့် မိဘများနှင့်တိုင်ပင်ကာ ဇွန် ၂၆ရက် ည ၉နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်စေခဲ့ကြောင်း” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဆိုသည်။
၎င်းကလေးသည် ထိုနေ့ နေ့ခင်း ၁ နာရီခွဲက လေကြောင်းခရီးဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်လာခဲ့သူဖြစ်သည်။

ရန်ကုန် လေဆိပ်တွင် ခရီးသည်များကို စစ်ဆေးနေပုံ။
လေဆိပ်တွင် ကျန်းမာရေး စစ်ဆေးသော်လည်း အဆိုပါကလေးနှင့် ပတ်သက်ပြီး ချွတ်ယွင်းချက် မရှိကြောင်း၊ ညဘက်ရောက်မှ ဆေးရုံပို့အပြီးတွင် A(H1 N1) တုပ်ကွေး ရောဂါပိုး တွေ့ရကြောင်း သတင်းစာတွင် ရေးထားသည်။

ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် “လူနာနှင့်ထိတွေ့မှုရှိသော မိသားစုဝင်များ၊ စာဖတ်ဝိုင်းအတူ တက်ရောက်ခဲ့သူများ၊ သင်တန်းဆရာမနှင့် မိသားစုများ အားလုံးကို ပြင်ပသို့သွားရောက်ခွင့်မပြုဘဲ ကာကွယ်ဆေးများပေးကာ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း” သတင်းစာတွင် ရေးသားထားသည်။

လူနာနှင့်အတူ စီးနင်းလိုက်ပါလာသော လေယာဉ်စီးခရီးသည် ၉၁ ဦး နှင့် လေဆိပ်မှ ဝန်ထမ်းများကိုလည်း စောင့်ကြည့်နေပြီး ရောဂါကူးစက် ဖြစ်ပွားမှု ရှိ မရှိကို သတင်းထုတ်ပြန်ပေးမည်ဟု ဆိုသည်။

မြန်မာအစိုးရက အဆိုပါရောဂါကို လူတုတ်ကွေးရောဂါဟု ခေါ်သည်။ ထိုရောဂါမှာ လွန်ခဲ့သည့် ၂ လက မက္ကဆီကိုနိုင်ငံမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ၀က်တုပ်ကွေး ရောဂါဟု ခေါ်ကြသည်။

ကမ္ဘာတ၀ှမ်းတွင် A(H1 N1) တုပ်ကွေး ရောဂါပိုး ကူးစက်သူ ၇ သောင်းခန့်ရှိပြီး၊ ၃၀၀ ၀န်းကျင် သေဆုံးပြီးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရသည်။

အမေရိကန် ပြည်ထောင်စု ကျန်းမာရေးဌာနက သောကြာနေ့က ကြေညာရာတွင် ၎င်းတို့နိုင်ငံတွင် ရောဂါပိုးရှိသူ ၁၀ သိန်းကျော် ရှိမည်ဟု ခန့်မှန်းလိုက်သည်။

ဤရောဂါကို နိုင်နင်းမည့်ဆေးကို စမ်းသပ်နေဆဲ ဖြစ်ပြီး ရှေ့နှစ်လယ်ပိုင်းအထိ တွေ့ဦးမည်မဟုတ်ကြောင်း သြစတေးလျ သိပ္ပံပညာရှင်များကို ကိုးကားပြီး သတင်းများတွင် ယနေ့ ဖော်ပြထားသည်။

မြန်မာပြည်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထိုရောဂါကြောင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ ရောဂါပိုးရှိသူ ၁၂၀၉ အနက် ပြန်လည် နာလန်ထလာပြီဖြစ်သော လူနာ ၁၁၉၀ ရှိသည်ဟု ဆိုသည်။

“ကာကွယ်ဖို့အတွက်ဆိုရင် ဆေးလိပ်မသောက်နဲ့၊ လုံလုံလောက်လောက် အနားယူရမယ်၊ အာဟာရပြည့်စုံအောင် စားရမယ်၊ ဆပ်ပြာနဲ့ ရေသုံးပြီး လက် ခဏခဏ ဆေးပေးရမယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ် ဒေါက်တာ မာဂရက်ချန် က ပြောသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts