>Rangoon Journalist on the road – View from Rangoon

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ရန်ကုန်ရှုခင်း ဇွန်လ စတုတ္တပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဇွန် ၂၆၊ ၂၀၀၉
Photo Internet

မြောက်ကိုးရီယား သင်္ဘောနဲ့ နအဖ
ဒီတပတ် စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတပုဒ်ကတော့ မြောက်ကိုးရီးယား နိုင်ငံရဲ့ လက်နက်တင်တဲ့ သင်္ဘောတစင်း မြန်မာနိုင်ငံ ကိုဦးတည်လာနေတယ် ဆိုတဲ့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြနေကြတဲ့ ကိစ္စပါ။

သီတင်းပတ် အစပိုင်းမှာ ထွက်ရှိတဲ့ မြန်မာနယူးစ် ၀ိခ်၊ ပြည်မြန်မာ သတင်းဂျာနယ် တွေရဲ့ နိုင်ငံခြားသတင်းကဏ္ဍမှာ မြောက်ကိုးရီးယား သဘောင်္တစင်းကို အမေရိကန် ရေတပ်သင်္ဘော ယူအက်စ်အက်စ် မက်ကိန်းက နောက်ယောင်ခံ လိုက်နေတဲ့ သတင်းတွေ ဖေါ်ပြထားတာကို ဖတ်ရှုရပေမယ့် သီတင်းပတ်ကုန်ခါနီး မှာတော့ ဘယ်ဂျာနယ်ကိုမှ ထိုသတင်း ဖေါ်ပြခွင့် မပြုတော့ပါဘူး။

ထိုသတင်းနဲ့ မြန်မာနိုင်ငံ ဆက်စပ်နေတယ် ဆိုတာကို စာပေစိစစ်ရေးက အစပိုင်းမှာ အမှတ်တမဲ့ ဖြစ်ခဲ့ဟန်တူပြီး ထိုသတင်း ပိုမို ကျယ်ပြန့်လာတဲ့ နောက်မှာ ဖေါ်ပြခွင့် မပြုတော့တာပါ။ သတင်းစာမှာတော့ နိုင်ငံတကာ သတင်းများမှာ ဖေါ်ပြနေတဲ့ `ကမ်နမ်း´Kang Nam သင်္ဘောမှ မြန်မာနိုင်ငံကို လာရောက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမှ သတင်း တစုံတရာ မရရှိထားဘူးလို့သာ ၂၅ရက်နေ့ သတင်းစာမှာ ဖေါ်ပြထားပါတယ်။

စစ်အစိုးရဟာ မြန်မာနိင်ငံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တဲ့ သတင်းတွေကို ယခုလောက် လျင်လျင်မြန်မြန် တုံ့ပြန်လေ့ မရှိခဲ့ပါဘူး။ ယခုတကြိမ် ဖြစ်ပေါ်တဲ့ သတင်းဟာ မြန်မာနဲ့ အရှေ့အာရှမှာ အနုမြူလက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ တိုက်ရိုက် ဆက်စပ်နေပြီး ဒေသဆိုင်ရာ လုံခြုံရေးကို ထိပါးလာမယ့် ကိစ္စတရပ် ဖြစ်လာနိုင်တယ် လို့ နအဖက သဘောပေါက်ပြီး လျင်မြန်စွာ တုံ့ပြန်တာလည်း ဖြစ်နိုင်ပါတယ်။

နအဖအစိုးရကတော့ အိန္ဒိယ နိုင်ငံ ကလကတ္တား မြို့က ထွက်ခွာလာတဲ့ အခြားအမည်နဲ့ မြောက်ကိုးရီးယား သဘောင်္တစင်းက လာမယ့် ၂၇ရက်နေ့မှာ ရန်ကုန်ကို ဆိုက်ကပ်ဖို့ ရှိတယ်လို့ ဖေါ်ပြထားပြီး အဆိုပါ သင်္ဘောဟာ လက်နက်တင်တဲ့ `ကမ်နမ်း´နဲ့ ဘယ်လို ဆက်စပ်မလဲ ဆိုတာကို မြန်မာသတင်းမီဒီယာမှ အချို့သူတွေက စိတ်ဝင်စားနေကြပါတယ်။

ရန်ကုန်မြို့ အယ်ဒီတာ တဦးကတော့ ယခုလို မြန်မာနိုင်ငံက အနုမြူလက်နက်လို ကိစ္စရပ်မျိုးနဲ့ ပတ်သက်ပြီး နအဖနဲ့ မြောက်ကိုးရီးယား အစိုးရအကြား ဆက်စပ်မှု သံသယ ဖြစ်ပေါ်လာတာ မြန်မာ့အရေးကို ကမ္ဘာက ပိုအာရုံစိုက်လာ စေနိုင်ပြီး နအဖအဖို့တော့ မကောင်းတဲ့ လက္ခဏာ တရပ်ပဲ လို့ သုံးသပ်ပါတယ်။

Photo – Internet

နေပြည်တော်က လှိုင်ခေါင်းများနှင့် မြောက်ကိုးရီးယား
ယခု သီတင်းပတ်အတွင်း အခြားစိတ်ဝင်စားစရာ ကောင်းတဲ့ ဒုတိယ သတင်းကလည်း နာမည်ဆိုးတဲ့ မြောက်ကိုးရီးယားနဲ့ ဆက်စပ်နေပြန်ပါတယ်။ ၂၀၀၅ခုနှစ် အကုန် ၂၀၀၆ ခုနှစ် အစ ရန်ကုန်မှ ပျဉ်းမနားသို့ မြို့တော် ပြောင်းခါစ လျှို့ဝှက် ဆောက်လုပ်ခဲ့တဲ့ လှိုင်ခေါင်းတွေ အကြောင်းကို မကြာခင်က အမေရိကန် မဂ္ဂဇင်း တစောင်မှာ ဓါတ်ပုံနှင့်တကွ ဖေါ်ပြခဲ့တာပါ။

ဒီသတင်းဟာလည်း နအဖ အစိုးရကို တော်တော်လေး လှုပ်ခတ်နိုင်တဲ့ သတင်းတပုဒ် ဖြစ်တာကို တွေ့ရပါတယ်။ ပျဉ်းမနားကို ပြောင်းသွားခဲ့စဉ် စစ်တပ်ဌာနချုပ်လုပ်တဲ့ဘက် (ပဲခူးရိုးမ ကြပ်ပြေးဘက် အခြမ်းမဟုတ်ဘဲ အရှေ့ရိုးမဘက်အခြမ်း) မှာ ထိပ်တန်း လျှို့ဝှက်အနေနဲ့ ဖေါက်လုပ်နေခဲ့တဲ့ ဥမင် လှိုင်ခေါင်းတွေရဲ့ သတင်းဟာ ဓါတ်ပုံနှင့် တကွ ပေါက်ကြားခဲ့တာဟာ နအဖရဲ့ အတွင်း လုံခြုံရေးစည်း အထိကျိုးပေါက်နေတာကို ထင်ဟပ်ဖေါ်ပြပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေ မပါဘဲ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးတွေကိုသုံးပြီး ဆောက်လုပ်ခဲ့တဲ့ စီမံကိန်း တခု ယခုလို ပေါက်ကြားခဲ့တာဟာ နအဖအတွက် ခံရခက်စရာ အဖြစ်အပျက်တခုလည်း ဖြစ်ပါတယ်။

ဥမင်လှိုင်ခေါင်း ဖေါက်လုပ်ပြီး ပုန်းအောင်းဖို့ဆိုတဲ့ စိတ်ကူး အကြံဥာဏ်ကတော့ဖြင့် ကမ္ဘာမှာ နောက်ဆုံး ခိုကိုးရာမရှိတဲ့ အာဏာရှင်တွေ၊ အကြမ်းဘက်သမားတွေသာ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နအဖ အစိုးရဟာလည်း အဲဒီလို လမ်းကြောင်းမျိုးပေါ် လျှောက်နေ ပြီလားလို့ ကောက်ချက်ချဖွယ်ရာ ရှိပါတော့တယ်။


Photo – Internet

အကြမ်းဖက်ဒိုင်နာကားများနဲ့ ရန်ကုန်
ခေါင်းတိုတို၊ အိမ်မြင့်မြင့်နဲ့ သူများနိုင်ငံမှာ ကုန်ပစ္စည်းတင်တဲ့ ဒိုင်နာ Dyna ၊ ကင်တား Canter လို ကားများကို မြန်မာနိုင်ငံမှာ လူစီးခရီးသည်ကား အဖြစ် ၁၉၉၀ ခုနှစ်များက စတင် သုံးစွဲခဲ့တာပါ။ ကားက တိုတော့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ဟိုကြားဝင် ဒီကြားထွက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မောင်းလို့ ရန်ကုန်မြို့ခံတွေ အကြား နာမည်ဆိုးနဲ့ ကျော်ကြားလျက်ရှိပါတယ်။

မဆင်မခြင် မောင်းလွန်းလို့လည်း အခြားသော ဘတ်စ်ကားတွေထက် မှောက်တာ၊ တိုက်တာတွေ ပိုများတာ အားလုံး သိရှိကြပါတယ်။ ရန်ကုန်မြို့တွင်းနဲ့ ကျောက်မြောင်း တာမွေ ပြေးဆွဲတဲ့ ၁၀၅ လိုင်းဆို တက်စီတွေ၊ ကိုယ်ပိုင်ကားတွေက ကြောက်လွန်းလို့ အမြဲ အလျှော့ပေးကြရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ဗိုလ်ချုပ်လမ်း၊ မဟာဗန္ဓုလလမ်းဆုံ တွေမှာ ဒိုင်နာဘတ်စ်ကား မှောက်တာ ၂ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။ စီးနင်းလာတဲ့ ခရီးသည်တွေ ဒဏ်ရာရကုန်ကြ၊ ဒိုင်နာနဲ့ တိုက်မိတဲ့ ကိုယ်ပိုင်ကားပေါ်ကလည်း ဒဏ်ရာရ ကားကပျက်စီးတာမျိုး အဖြစ်နဲ့ ကြုံကြရပါတယ်။

ဒိုင်နာကားတွေ ကို ခရီးသည်တင် ယာဉ်အဖြစ်ပြေးဆွဲခွင့် ရုပ်သိမ်းမယ် ၊ အခြားဘတ်စ်ကား တွေနဲ့ အစားထိုးမယ်လို့ ဂျာနယ်တွေက မကြာမကြာ ရေးသားဖေါ်ပြတာ ဖတ်ရှုခဲ့ရပေမယ့် ယခုအချိန်ထိ ဘာမှ အကောင်အထည် မပေါ်သေးပါဘူး။

ဒိုင်နာကားတွေကို အစိုးရက ဘာလို့ ပြေးဆွဲခွင့် ပြုထားသလဲဆိုတဲ့ အကြောင်းတချက်ကတော့ လူထု အုံကြွမှု၊ ဆန္ဒပြမှုတွေကို အရပ်ဝတ် အကြမ်းဖက် အင်အားနဲ့ နှိမ်နှင်းရာမှာ ခရီးသည်တင် ဒိုင်နာကားတွေက အသုံးတည့်တဲ့ အချက်ပါ။

လောင်စာဆီ ဈေးတက်လို့ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လတွေ ကတည်းက အရပ်ဝတ် ကြံ့ဖွံ့ စွမ်းအားရှင်တွေကို ရဲ၊ စရဖက ဦးစီးပြီး ဒိုင်နာကားနဲ့ နှိမ်နှင်းလာခဲ့တာဟာ အခုချိန်ထိပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အဖြစ်အပျက်တွေ မရှိတဲ့နေ့လိုမျိုးမှာတောင် ဒိုင်နာလိုင်းတွေထဲက ကားတစ်စီးစ နှစ်စီးစကို ချောဆွဲထားပြီး ရန်ကုန်မြို့တော်ခန်းမထဲမှာ အဆင့်သင့် စောင့်ခိုင်း ထားလေ့ရှိပါတယ်။

အရပ်သား လူမိုက်တွေကို ငှားရမ်းပြီး အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးတဲ့ လူထုလှုပ်ရှားမှု နှိမ်နှင်းရေး စီမံချက်မှာ ဒိုင်နာကားတွေဟာ အသုံးတည့်နေတာကြောင့် ဒိုင်နာလိုင်းကားတွေကို ရန်ကုန်မြို့လမ်းများပေါ်က မဖယ်ရှားတာလို့ အချို့က နားလည်လျက်ရှိပါတယ်။

photo – MoeMaKa

ရန်ကုန်လမ်းမများ ရေမလျှံရေး ကြိုးပမ်းနေ
မိုးဦးဝင်စ မိုးကြီးကြီး ရွာလိုက်တာနဲ့ ရန်ကုန်မြို့ရဲ့ လမ်းမများ ချောင်းဖြစ်သွားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဂျာနယ် မီဒီယာများက မြို့တော်ဝန်ကို မေးမြန်းတဲ့အခါ `မိုးကြီးရင် ရန်ကုန်မြို့ရေလျှံတာ အဆန်းမဟုတ်ဘူး´ ဆိုတဲ့ အပြောကြောင့် အထက်က လူကြီးဆိုသူက မြို့တော်ဝန်ကို ဒီလိုမျိုး ပြောရသလားလို့ ဆူခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။ ရန်ကုန် မြို့တော်ဝန်လည်း ဒီလို အပြောခံရတာကြောင့် ရန်ကုန်မြို့ရဲ့ ရေထုတ်တဲ့ စနစ်ကို ပြုပြင်ဖို့ ကြိုးစားနေတဲ့ လက္ခဏာတွေ တွေ့မြင်လာရပါတယ်။

အဆိုပါ သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့ထဲက မြောင်းတွေထဲက အမှိုက်ကို ယခင်ထက်ပိုပြီး ဆယ်တာ၊ ကားလမ်းဖြတ်နေတဲ့ ရေမြောင်းတွေကို ပွင့်အောင် လုပ်ဆောင်တာ၊ ရေမြုပ်တဲ့ လမ်းမကြီးပေါ်က ရေတွေကို ရေစုပ်စက်နဲ့ အခြား ဘလောက်ဖက်က မြောင်းတွေဆီသို့ စုပ်ထုတ်တာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။ လမ်းဆုံတွေ လမ်းထောင့်တွေမှာ ကူဘိုတာ ရေစုပ်စက်တွေ ထိုင်ပြီး၊ ၄လက်မ၊ ၆လက်မ ပိုက်တွေကို တပ်ဆင်ထားပါတယ် ၊ အဲဒီနောက်မှာ ရေစုပ်စက်ကို အထိုင်ချထားဖို့ အကာအကွယ်ကိုပါ အုတ်နဲ့ ဆောက်လုပ်နေပါတယ်။

ယခုလို တခါမှ လုပ်ဆောင်တာ မတွေ့ဘူးတာကြောင့်လည်း ရန်ကုန်မြို့ခံတွေက အံ့သြနေကြပါတယ်။ ရန်ကုန်မြို့ရဲ့ အမှိုက်သိမ်းစနစ်မှာလည်း ပျက်စီးသလောက် ဖြစ်နေပြီ။ အမှိုက်ကားတွေလည်း လမ်းတွေထဲ မလာတော့၊ လမ်းတွေမှာ အမှိုက်ပစ်စရာ ပုံးတွေ ထားရှိတာလည်း မရှိတော့၊ လူနေအိမ် အမှိုက်မှ အစ စီးပွားရေး အမှိုက်တွေအထိ လမ်းပေါ်မှာ နောက်ဖေးလမ်းကြားမှာ စွန့်ပစ်လာကြ၊ အဲဒီ အမှိုက်က မိုးရွာတဲ့အခါ မြောင်းတွေကို ပိတ်ဆို့စေတာ စတဲ့ အကျိုးဆက်တွေကို ယခုကြိုးပမ်းမှုက ဖြတ်ပစ် နိုင်မလားဆိုတာ ကတော့ မေးခွန်းထုတ်စရာ ရှိပါတယ်။

ပြဿနာရဲ့ အရင်းအမြစ်လို့ ဆိုတဲ့ အမှိုက်ကိစ္စကို မကိုင်တွယ်နိုင်ရင်တော့ အင်္ဂလိပ်ခေတ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ ရေနှုတ်မြောင်းတွေလည်း ရွာချတဲ့မိုးရေကို မြန်မြန်ဆန်ဆန် လျော့ပါးအောင် စွမ်းဆောင်နိုင်လိမ့်မယ် မထင်ဘူးလို့ ပြောဆို ဝေဖန်တာလည်း ကြားနေရပါတယ်။

မီဒီယာက ရေးသားတဲ့ အတွက်ကြောင့် တခါတရံမှာတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ မလုပ်မဖြစ် လုပ်လာရတာတွေ ရှိလို့ လွပ်လပ်မှု မရှိတဲ့ မီဒီယာဖြစ်ပေမယ့်လည်း အကျိုးသက်ရောက်မှုတော့ အထိုက်အလျောက်ရှိ နေသေးတယ်လို့လည်း စာဖတ်သူ တချို့က ဝေဖန်ကြပါတယ်။

Photo – Interntet

ကြားလား … ကြားလား … ရန်ကုန်မှာ ဂျီအက်စ်အမ် ၈ သောင်း ရောင်းပြန်ဦးမည်
ရန်ကုန်မှာ မိုဘိုင်းဖုန်းကိုင်တဲ့သူတွေ ဖုန်းဆက်ရင် ပထမဆုံး တဖက်နဲ့ တဖက် မေးတဲ့စကားကတော့

`ဟယ်လို ဟယ်လို´ မဟုတ်ပါဘူး၊ `ကြားလား ကြားလား´ ဆိုတာပါ။

ဘာလို့လဲ ဆိုတော့ အသုံးများဆုံး ဂျီအက်စ်အမ်လိုင်း တွေကလည်း စွမ်းဆောင်ရည်ကျ၊ ကမ်းရိုးတမ်းဖုန်း ဆိုတာလည်း လိုင်းဆွဲအား မကောင်း၊ ဆယ်လူလာလည်း အရင်လို မဟုတ်တော့တာတွေ ကြောင့်ပါပဲ။

နိုင်ငံခြားသားတွေလည်း မြန်မာနိုင်ငံရောက်ပြီးရင် ဖုန်းပြောရင်း ပထမဆုံး တတ်ကျွမ်းတဲ့ မြန်မာစကားကလည်း `ကြားလား´ ဆိုတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့က မိုဘိုင်း ဖုန်းသုံးသူတွေဟာ ဖုန်းလာရင် ၀ရန်တာ ပြေးထွက်တဲ့သူ ပြေးထွက်၊ မြေညီထပ်ဆို ပလက်ဖောင်းပေါ် ထွက်ပြီး ကြားလား၊ ကြားလားနဲ့ မေးရင်းနဲ့ ကြားပြီဆို အဲဒီလို အနေအထားကနေ မရွှေ့ကြတော့ဘဲ ငြိမ်ငြိမ်လေးနေပြီး ပြောကြရပါတယ်။ အဲလိုမဟုတ်ပဲ ကိုယ်ကိုလှည့်လိုက်ရင် ဒိုင်းမင်းရှင်း ပြောင်းသွားပြီး အသံက မသဲကွဲတော့ပါဘူး။

ပြီးခဲ့တဲ့ အပတ်အတွင်း သတင်းတွေထဲမှာ ယခုနှစ် မကုန်မီမှာ ရန်ကုန်မြို့မှာ ဂျီအက်စ်အမ် လိုင်း ၈ သောင်း ရောင်းဖို့ လုပ်ဆောင်နေတယ် လို့ ဖေါ်ပြထားကြပါတယ်။ ယခုလောက် စွမ်းဆောင်ရည်ကျနေတဲ့ ကွန်ရက်ကို လိုင်း ၈ သောင်း ထပ်တိုး ဦးမယ်ဆိုတော့ လိုင်းတွေ ပိုဆိုးလာမလား လို့ မှန်းဆနေကြပါတယ်။

ဒါပေမယ့် မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ အပြောအရတော့ အခြေစိုက် လွှင့်စက် ၈ ခု ထပ်မံ တပ်ဆင်မယ်။ ရေဒီယို စခန်း ၃၃ ခု အသစ် တပ်ဆင်မယ် လို့ ဆိုပါတယ်။ အခုလက်ရှိ ကွန်ရက်က လိုင်း ၁သိန်း ၇ သောင်းစာသာ စွမ်းဆောင်နိုင်ရည်ရှိပြီး တကယ်သုံးနေတာက လိုင်းပေါင်း ၂ သိန်း ရှိတယ် လို့လည်း ၀န်ခံ ပြောဆိုသွားပါတယ်။

မြန်မာပြည်မှာ အားနည်းချက်တခုရှိခဲ့ရင် အဲဒီအချက်ကို မပြင်ဆင်ခင် ဘယ်သောအခါမှ ထုတ်ဖေါ်ဝန်ခံလေ့မရှိဘဲ ပြင်ဆင်ပြီဆိုမှ ၀န်ခံလေ့ရှိပါတယ်။

ယခုလည်း ကမ္ဘာမှာ ဈေးအကြီးဆုံး မိုဘိုင်းဖုန်းကို ကိုင်ဆောင် သုံးစွဲနေရသူတွေဟာ မနိုင်ဝန်နဲ့ လုပ်ဆောင်နေရတဲ့ ကွန်ရက်ကြောင့် “ကြားလား၊ ကြားလား” ဆိုတာနဲ့ စခန်းသွားနေကြရ ဆဲပဲ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts