>Burmese in LA marked DASSK 64

>

ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ပွဲ အယ်လ်အေတွင် ကျင်းပ

မိုးမခ၊ (ကိုးကား – LA Organizers 4 Burma)

ဇွန် ၂၂၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် (ဗဟို)မှ ကိုပန်းသီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်၊ ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်၊ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်စောမြတ်မာတို့က အတွေ့အကြုံများ၊ အမှတ်တရစကားများ ပြောကြားကြသည်။

ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts