>Burmese marked DASSK 64 in Fremont

>

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ဖရီးမောင့်တွင် ကျင်းပ

မိုးမခအထောက်တော် ၀၀၂

ဇွန် ၂၁၊ ၂၀၀၉

၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို ဇွန်လ ၂၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့၌ ကျင်းပခဲ့သည်။ မြန်မာ-အမေရိကန် အမျိုးသမီးများမဟာမိတ်အဖွဲ့ (BAWA) က စီစဉ်ကျင်းပသည့် ယင်းအခမ်းအနားကို ဖရီးမောင့်မြို့ရှိ မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပရာ ဖရီးမောင့် မြို့တော်ဝန် Bob Wasserman၊ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရှိ မြန်မာများနှင့် မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားသူ အမေရိကန်လူမျိုးများ စုစုပေါင်း ပရိသတ် ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

နံနက်ပိုင်းတွင် သံဃာတော်များအား နေ့ဆွမ်းကပ်လှူခြင်း၊ ဧည့်ပရိသတ်အား နေ့လယ်စာ ကျွေးမွေးခြင်းများ ပြုလုပ်ပြီး မွန်းတည့် ၁၂ နာရီတွင် အခမ်းအနားအစီအစဉ် စတင်သည်။ အခမ်းအနားတွင် သံဃာတော်များက ငါးပါးသီလ ချီးမြှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ငြိမ်းချမ်းရေး အတွက် မေတ္တသုတ် ရွတ်ဖတ်က မေတ္တာပို့သခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်း ပြသခဲ့သည်။ ဖရီးမောင့် မြို့တော်ဝန်ကလည်း မြန်မာပြည်လွတ်မြောက်ရေးအတွက် အမှတ်တရစကား ပြောဆိုခဲ့သည်။



ထို့အပြင် မြန်မာကလေးငယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်အကြောင်း ရေးဖွဲ့ထားသည့် ကဗျာ နှင့် အက်ဆေးများ ရွတ်ဆိုခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကိုတိုးလွင်က ဒေါ်အောင်ဆန်းစုကြည်၏ လေးစားဖွယ်ဂုဏ်ပုဒ်များကို ၎င်း၏အတွေ့အကြုံများနှင့် ဆက်စပ် ပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

BAWA အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ရည်စူးကာ အမေရိကန် အိမ်ရာမဲ့များအား အစားအစာ လှူဒါန်းပွဲကိုလည်း ဇွန်လ ၁၉ ရက်နေ့ ညနေတွင် ပြုလုပ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts