>Rangoon View – Third Week of June 2009


>

ရန်ကုန်ရှုခင်း ဇွန်လ တတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်

ဇွန် ၁၉၊ ၂၀၀၉

(ရန်ကုန်က အင်တာနက်ဆိုင်များတွင် ဒေါ်စု တရားရင်ဆိုင်နေရသည့်အမှုသတင်းကို လူထုက မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိသည်)

ဒေါ်စုရဲ့ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ လုံခြုံရေး တင်းကြပ်

မနက်ဖြန် ဇွန် ၁၉ရက်နေ့ဟာ လူထုချစ်ခင် လေးစားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက်မွေးနေ့ ဖြစ်လို့ နအဖက လုံခြုံရေးတွေ ရန်ကုန်မြို့မှာ တိုးပြီး ချတားတာတွေ့ရပါတယ်။ အန်အယ်ဒီ ရုံးချုပ်တည်ရှိရာ ရွှေဂုံတိုင် လမ်းမတလျှောက်၊ ရွှေတိဂုံမြောက်ဘက် အာဇာနည်ကုန်း တလျှောက်မှာ ယနေ့ညနေကတည်းက ရဲကားများ၊ အချုပ်ကားများ ၊နေရာယူနေကြပါပြီ။

အန်အယ်ဒီရုံးအရှေ့ မျက်နှာချင်းဆိုင်မှာလည်း ရဲ၊ စရဖနဲ့ သတင်းပေး အမျိုးစုံက နေရာယူ ခြေရှုပ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၆၄နှစ် မြောက် သူ့ရဲ့မွေးနေ့ကို အင်းစိန်ထောင်ထဲမှ ကျော်ဖြတ် ရမှာ ဖြစ်ပြီး မတရားသဖြင့် စွဲဆိုတဲ့ အမှုကို တရားရင်ဆိုင်နေရတဲ့ အတွက် မြန်မာ လူထုကြီးက စိတ်မချမ်းသာ ကြပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၃နှစ် တာမျှ နေအိမ်အကျယ်ချုပ် ဘ၀နဲ့နေထိုင်ခဲ့ရပြီး မွေးနေ့ အတော်များများကို အကျယ်ချုပ်ဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး ယခုတကြိမ်မှာတော့ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

Members of Than Shwe family hoist the pagoda’s htidaw, or sacred umbrella. (Photo: The Irrawaddy)

ဘုရားပြိုပြီးနောက် တံတား မပြိုရအောင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နှင့် သားမြေးတစု ထီးတင်ခဲ့တဲ့ သမ်ုင်းဝင်ရှေးဟောင်း ဓနုတ် စေတီပြိုကျပြီးနောက်မှာတော့ နအဖ ခေါင်းဆောင်က ဘာအတွေးပေါက်သည် မသိ မြန်မာနိုင်ငံ တနံတလျားးက တံတားတွေကို ကြံ့ခိုင်မှုရှိမရှိ စစ်ဆေးဖို့ မကြာသေးမီက အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဘုရားပြိုတဲ့ အဖြစ်အပျက်ဟာ နအဖအတွက် လူတွေ အကြားမှာ မျက်နှာပျက်စရာ အဖြစ်အပျက်တခု ဖြစ်သလို အတိတ်နိမိတ်အားဖြင့် မကောင်းတဲ့ အဖြစ်အပျက် အဖြစ် အများက မြင်ကြပါတယ်။ နအဖရဲ့ အုပ်ချုပ်မှု အဆောက်အဦဟာလည်း ဓနုတ်ဘုရားလိုပဲ ပြိုလဲလု ဖြစ်နေပြီး ဆွေးမြေ့ နေတဲ့ ကိုယ်ထည်ကို ကို အပြင်က ကွန်ကရစ်နဲ့ ကြည့်ကောင်းအောင် ငုံပြီးဆောက်ထားတဲ့ သဘောမျိုးဖြစ်နေပါတယ်။ အပြင်ပန်း ညီညွတ်ရေး၊ ကြံ့ခိုင်ရေး ဆိုတာလဲ မကျွမ်းကျင်မှု လာဘ်စားမှုများ နဲ့ပြည့်နှက်နေတဲ့ အတွက် စိတ်ချရတယ်လို့ မရှိပါဘူး။

အခုတော့ မြန်မာပြည် တနံတလျားမှာ ရှိတဲ့တံတားတွေကို စစ်ဆေးဖို့ မြန်မာနိုင်ငံ နည်းပညာ တက္ကသိုလ်မှ ပါမောက္ခတွေ ပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီး တာဝန်ခွဲဝေကာ စစ်ဆေးဖို့ စေလွှတ်နေပါပြီ။ ဆောက်လုပ်ရေး ၀န်ကြီးဌါနက တာဝန်ယူ ဆောက်လုပ်ထားတဲ့ တံတားတွေ စစ်ဆေးမှုကို ခံနိုင်မခံနိုင်နဲ့ ဘယ်လို ရလဒ်မျိုးထွက်ပေါ်လာ မလဲဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။


အက်ဖ်အီးစီ ၅၀ တန်ဖုန်းကဒ် ထင်သလောက် ရောင်းမကောင်း

ထူးကုမ္ပဏီအုပ်စု ရဲ့ လက်ခွဲကုမ္ပဏီ တခုဖြစ်တဲ့ စင်ထရယ် မားကက်တင်း ကုမ္ပဏီက ရောင်းချတဲ့ တခါသုံး ၅၀ တန်ဖုန်းကဒ်တွေ ထင်သလောက် ရောင်းအားမရှိဘူးလို့ သုံးစွဲသူတွေ ပြောဆိုကြတဲ့ အပြင် ပြည်တွင်း သတင်းဂျာနယ်တွေမှာပါ အဲဒီအတိုင်း ဖေါ်ပြနေတာ တွေ့ရပါတယ်။

နအဖ အစိုးရက ငွေလိုနေတဲ့ အခါတိုင်းမှာ လက်ကိုင်ဖုန်း ဆင်းကဒ် ချပေးတာ၊ ယခုနောက်ပိုင်း အက်ဖ်အီးစီ ၂၀ တန်၊ ၅၀ တန်ကဒ် ရောင်းခြင်းဖြင့် ဖြေရှင်းလာတာ တွေ့ရပါတယ်။ တလ၊ နှစ်လသာ သက်တမ်း ခံပြီးပြောဆိုခ ထပ်မံဖြည့်သွင်းလို့ မရတာ ၊ လူတဦးချင်း ၀င်ငွေနဲ့ စာရင် အနိမ့်ဆုံး ၀င်ငွေရှိသူရဲ့ လစာ တလစာမျှရှိတာ ကြောင့် သာမန်လူများ မသုံးစွဲနိုင်ကြသေးပါဘူး။

ပြောဆိုခလည်း ဈေးကြီးမြင့်လွန်းလှပါတယ်။ တမိနစ်ကို ၀.၃ အက်ဖ်အီးစီဆိုတဲ့ နှုန်းဟာ အမေရိကန်နိုင်ငံလိုမျိုးမှာ ကြိုတင်ပေး သုံးတဲ့ကဒ် ဈေးနှုန်းနဲ့ ညီမျှပါတယ်။ တနာရီ လုပ်ခ ၁၀ ဒေါ်လာဝန်းကျင်ရှိတဲ့ အမေရိကန်နိုင်ငံ နဲ့ တလလုံးမှ ဒေါ်လာ ၂၀၊ ၃၀ သာသာ ၀င်ငွေရှိတဲ့ မြန်မာပြည်တို့ ဖုန်းပြောခနှုန်းထား တူညီနေတာကို တွေ့ရပါတယ်။

၂၀ တန် ဖုန်းကဒ်တွေ စတင်ရောင်းချစဉ်ကာလက ရောင်းအားကောင်းခဲ့တာဟာ မိုဘိုင်းဖုန်းဆိုတာကို စမ်းသပ် သုံးစွဲလိုသူ အများအပြား ရှိခဲ့တာကြောင့် ကဒ် သောင်းနဲ့ချီရောင်းချခဲ့ရ တယ်လို့ဆိုပါတယ်။

ယခု ရောင်းတဲ့ ၅၀ တန်ကဒ်ဟာ ကမ်းရိုးတန်းသုံး ၄၅၀ မီဂါဟဇ် စီဒီအမ်အေ ကဒ်ဖြစ်တာကြောင့်လည်း ၀ယ်အားနည်းတာ လို့ဆိုကြပါတယ်။ စီဒီအမ်အေ ဟန်းဆက်ဟာ လူသုံးများတဲ့ ဂျီအက်စ်အမ် ဟန်းဆက် ထက်ကို တန်ဖိုးအားဖြင့် နှစ်ဆကြီးတာလည်း ဖြစ်ပြီး အနိမ့်ဆုံးကျပ် ၆သောင်းမှ ၁သိန်းကျော်ဝန်းကျင် အထိရှိတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးသူဟာ ဘယ်တော့မှ ရွေးချယ်ခွင့် မရှိပဲ ရောင်းချသူ (အစိုးရ) က ရောင်းချင်တဲ့ ၀န်ဆောင်မှုကို ကြိုက်ဈေးနဲ့ ရောင်းချနေတာပါ။ ဒါကြောင့်ပဲ နိုင်ငံတကာမှာ ၅ဒေါ်လာမှ ၁၀ဒေါ်လာနဲ့ မိုဘိုင်း ကတ်တကတ်ကို ၀ယ်ယူနိုင်သော်လည်း မြန်မာပြည်မှာတော့ ဒေါ်လာ ၁၅၀၀ ကျော်ထိ ရောက်ရှိနေတာ လည်းဖြစ်ပါတယ်။



ဝက်တုပ်ကွေးမှ လူတုပ်ကွေးသို့

မက္ကဆီကို နိုင်ငံ မှစတင်ခဲ့ပြီး ၀က်တုပ်ကွေးလို့ စတင် ခေါ်ဆိုခဲပြီး ယခု အခါ လူတုပ်ကွေးလို့ ခေါ်ဆိုနေတဲ့ ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှု အဆင့် ၆ (ကပ်ရောဂ်ါအဆင့်)အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အစိုးရကလည်း လူတုပ်ကွေး ကာကွယ်ရေး ဆိုပြီး စည်းဝေးတွေထိုင် ၊ ကော်မတီတွေဖွဲ့ နဲ့လုပ်ဆောင်နေတာကို သတင်းတွေထဲ တွေ့ရကြားနေရပါတယ်။ မင်္ဂလာဒုံလေဆိပ် ပြည်ပ ခရီးသည် ၀င်လာတဲ့အခါမှာ ကိုယ်ခန္ဓာအပူရှိန်တိုင်ဖို့ ဗီဒီယို ဆင်ဆာ ကင်မရာကို လူတယောက်က ထမ်းပြီး ရိုက်ယူနေတာကိုလည်း တွေ့မြင်ရပါတယ်။

အခြားနိုင်ငံ လေဆိပ်တွေမှာလို ဆင်ဆာ ကင်မရာကို ဒေါက်နဲ့ ထောက်ပြီး ရိုက်ယူခြင်းမဟုတ်ပဲ လှေခါးကဆင်းဆင်းခြင်း နေရာမှာ လူနဲ့ ထမ်းပြီးရိုက်ယူနေတာမို့ အမြင်ဆန်းနေပါတယ်။

( အစိုးရ သတင်းစာထဲမှတော့ ဒေါက်နဲ့ ထောက်ပြီး စစ်ဆေးနေတာကို ပြသထားပါတယ်။ ပုံကို ကြည့်ပါ။)

မြန်မာနိုင်ငံလို တရက်ကိုမှ ပြည်ပက ၀င်ရောက်တဲ့ ခရီးသည် ထောင်ဂဏန်းသာသာမျှ ရှိတဲ့ နိုင်ငံအဖို့ ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးလှပါတယ်။ အမှန်တကယ် ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းလို့များ အစိုးရက ကာကွယ်ရေး ဆိုတာတွေကို လုပ်ပြနေတာလားလို့ တောင်တွေးမိပါတယ်။

မြန်မာနိုင်ငံ လူထုတွေ အမှန်တကယ် ကြုံတွေ့နေရတဲ့ အခြားကျန်းမာရေး ပြဿနာတွေကိုတော့ ထိရောက်စွာ ကိုင်တွယ် ပြုလုပ်တာ မတွေ့မြင်ရပါဘူး။





ဆာကူရာ ကုမ္ပဏီမှ ကားလေလံ စတင်

မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိကကုမ္ပဏီ တခုက ပထမဆုံးကားလေလံ လုပ်ငန်းကို စတင်တော့မှာပါ။ ဒီအစီအစဉ်ကို လုပ်ဆောင်တဲ့ ကုမ္ပဏီကတော့ ဆာကူရာ ပုဂ္ဂလိက ဆေးရုံတည်ထောင် ခဲ့တဲ့ ဦးဌေးအောင်ရဲ့ ဆာကူရာ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းများအတွင်း လိုင်စင်မဲ့ ကားများကို အစိုးရက လေလံတင်ပြီးနောက် ကားဈေးကွက်မှာ တန်ဖိုးမြင့်ကားများ အ၀ယ်အေးလာခဲ့ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က တင်သွင်းတဲ့ မိုဒယ်မြင့် တန်ဖိုးကြီးကားများ အရောင်းအေးသွားခဲ့ပြီးနောက် ယခုလို ပုဂ္ဂလိက ကုမ္ပဏီ တခုကတဆင့် လေလံတင်တဲ့ နည်းနဲ့ ရောင်းချဖို့ စိတ်ကူးကြံဆ လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဒေါ်လာ ၃သောင်းလောက် တန်ဖိုးရှိတဲ့ ကားတစီးကို မြန်မာနိုင်ငံမှာ ဒေါ်လာ ၂သိန်းဝန်းကျင် (သိန်း၂ထောင်ကျော်)နဲ့ ရောင်းချတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်ဟာ ဈေးကွက်ကို တဦးထည်း လက်ဝါးကြီးအုပ် ထားတာ ဆယ်စုနှစ်နဲ့ချီခဲ့ပါပြီ။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်ပိုင်း ငွေကြေးလည်ပတ်မှု နှေးကွေးလာပြီး မြန်မာ့ ကားဈေးကွက်လည်း အေးစက်သွားပါတယ်။ ဒီဈေးကွက်ထဲကို ဘယ် ရင်းနှီးမြှုပ်နှံသူမှ ၀င်ရောက် လာခြင်းမရှိတော့ပဲ ယခင်က ဦးပိုင်မှ တင်သွင်းတဲ့ကားဆို အလုအယက် ၀ယ်ယူသူတွေလည်း ပျောက်ကွယ်ကုန်ပါတယ်။

ဆာကူရာ ကုမ္ပဏီဟာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ တခုလည်း ဖြစ်ပြီး စစ်တပ်ရဲ့ စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်ကို ဂျပန်နိုင်ငံမှ ကားများ ၀ယ်ယူတင်သွင်းပေး လျက်ရှိတဲ့ ကုမ္ပဏီ တခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရန်ကုန်မြို့မှ တက္ကစီကားတွေကို မီတာတပ်ဆင်ဖို့ လုပ်ဆောင်တဲ့ ကုမ္ပဏီ နှစ်ခု အနက်က တခု ဖြစ်ပါတယ်။ ကျပ် ၂သိန်းဝန်းကျင် ပေးရတဲ့ မီတာတွေကို မတပ်ဆင်ရင် လောင်စာဆီ၊ ဓါတ်ငွေ့ မရောင်းပေးဘူး ဆိုတဲ့ ဖိအားပေးမှုကြောင့် နောက်ဆုံးမှာ ကားပိုင်ရှင်တွေ၊ မောင်းသူတွေ ကျပ် ၂သိန်းပေးပြီး မီတာတပ်ဆင် လိုက်ရပေမယ့် ဘယ် တက္ကစီမှ မီတာသုံးပြီး အငှားလိုက်တာ မမြင်တွေ့ရပါဘူး။

တက္ကစီမောင်းသူတွေကတော့ မီတာတင်သွင်းတဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ဝေစားမျှစား တဲ့ ခွင် တခွင် အဖြစ်သာရှုမြင်ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts