>Security Tightened In Rangoon as DASSK 64 coming near

>

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နီးကပ်လာသည့်နှင့်အမျှ စစ်တပ်က လုံခြုံရေးတင်းကြပ်လာ

မိုးမခအထောက်တော် ၀၀၃

ဇွန် ၁၈၊ ၂၀၀၉

မြန်မာပြည်တွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ် မွေးနေ့ နီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုက လုံခြုံရေးကို ပိုမိုတင်းကြပ်လာသည်ဟု မျက်မြင်တို့က ပြောကြားသည်။ အထူးသဖြင့် အင်န်အယ်ဒီပါတီဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့မိသားစုများသာမက ယခင် နာဂစ်နှင့် စက်တင်ဘာအရေးအခင်းတွင်းက လှုပ်ရှားသူများကိုပါ စောင့်ကြည့်ခြင်း၊ ခေါ်ယူသတိပေးခြင်းတို့ ပြုလုပ်သည်ဟု ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များကမူ ဧပြီသင်္ကြန်ကာလကတည်းက အရောင်းအ၀ယ် အေးနေခဲ့ရာမှ မေလ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရသည့်နောက်ပိုင်းတွင် လုပ်ငန်းများ ဦးမော့မလာတော့ကြောင်း၊ လုပ်ငန်းရှင်များကိုယ်တိုင်ကလည်း နိုင်ငံရေးအကြပ်အတည်းအတွင်း ရင်းနှီးမြုပ်နှံမှုများ ရပ်ဆိုင်းထားရကြောင်း၊ အကြားအမြင်များအရ နောက် ၃ လအတွင်း အပြောင်းအလဲတခု ဖြစ်မည်ဟု တွက်ချက်ပြီး လုပ်ငန်းများကို မှိန်းထားကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ မိတ်ဆွေတဦးက ပြောကြားသည်။

စစ်အုပ်စုက စီးပွားရေးလုပ်ငန်းရှင်များနှင့် အသိုင်းအ၀ိုင်းများထံက ဆက်ကြေးများတောင်းပြီး ရပ်ကွက်အလိုက် စွမ်းအားရှင်များ၊ ကြံ့ဖွတ်များစသည့် စစ်အုပ်စု၏ အကြမ်းဖက်သမားများကို စုဆောင်းပြင်ဆင်နေကြောင်း၊ ၎င်းတို့ကစတင်ပြီး အင်န်အယ်ဒီပါတီဝင်များ၊ အများပြည်သူများကို လိုအပ်လာပါက ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး နောက်ရုံးချိန်း ၂၆ ရက်အတွင်း အချိန်မရွေး ရန်စရန်၊ အကြမ်းဖက်ရန်၊ အဓိကရုဏ်းဖန်တီးပြီးနောက် စစ်တပ်လုံခြုံရေးအဖွဲ့များက ၀င်ရောက်နှိမ်နှင်း ဖမ်းဆီးရန်အထိ ပြင်ဆင်ထားကြောင်း အင်းစိန်မြို့နယ်က သတင်းထောက်တဦးက သတင်းပို့ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts