>Thandi Thuka Monastery open in Phoenix

>

ဖီးနစ်မြို့ ၊ သန္တိသုခ ကျောင်းသစ် ရေစက်ချ

မောင်အိုး

ဇွန် ၁၄၊ ၂၀၀၉

အမေရိကန်ပြည်ထောင်စု ၊ အာရီဇိုးနားပြည်နယ် ၊ ဖီးနစ်မြို့တွင် AMC (Arizona Meditation Center) အဖွဲ့က ဦးဆောင်လျှက်၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ပူးပေါင်းကာ ဖော်ပြပါလိပ်စာ (1424 W.COCHISE DR ,PHOENIX ,AZ 85201) နေရာတွင် ကျောင်းသစ်တဆောင် ဝယ်ယူခဲ့ပြီး၊ သန္တိသုခကျောင်းအမည်ဖြင့်၊ ၂၀၀၉ခုနှစ် မေလ ၃၁ ရက်နေ့( မြန်မာနှစ် ၁၃၇၁ခုနှစ် နယုန်လဆန်း၇ရက်၊တနင်္ဂနွေနေ့) တွင် ကျောင်းသစ်ဖွင့်ပွဲ၊ ကျောင်းရေစက်ချပွဲကို ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ဆရာတော်ဦးအဂ္ဂဓမ္မ ဦးထိပ်ထားကာ ဆရာတော်ဦးခေမာစာရနှင့် သံဃာတော်အရှင်သူမြတ်တို့ သီတင်းသုံး၊ သာသနာပြုရန် ရည်စူးလျှက် သံဃိကကျောင်းအမှတ်ဖြင့် ကျောင်းသစ်ရေစက်ချပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

အကျွေးအမွေးအဖြစ် အလှူရှင် ကိုစိုးမိုး၊ မနန်းတင်တင်မိသားစုက ဧည့်ပရိသတ်အား မုန့်ဟင်းခါး အလှူဒါန ပြုကြပြီး၊ မြန်မာပြည်သား (ထားဝယ်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်)များ သာမက ထိုင်း၊ လာအို အစရှိသော ဧည့်သည်များက မိမိတို့တနိုင်တပိုင် ဆွမ်းခဲဖွယ် အစားအစာများကို ယူဆောင်လှူဒါန်းခဲ့ကြသည်။

ယခုဆိုလျှင် အာရီဇိုးနားပြည်နယ်တွင် မြန်မာသံဃာများ သီတင်းသုံးသောကျောင်း ၃ ကျောင်းရှိလာပြီဖြစ်ပြီး၊ တခြားသော ထေရဝါဒဗုဒ္ဓဘာသာ ကျောင်းများဖြစ်သော ထိုင်း၊လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာကျောင်းများလည်း တည်ရှိကြကြောင်း သိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts