>Hope Giver – Yukio Shige

>

ချောက်ကမ်းပါးစွန်းမှ မျှော်လင့်ချက်ပေးသူ
ကျော်ကျော်
ဂျွန် ၁၃၊ ၂၀၀၉



(Tojinbo Cliffs)


ကောင်းကင်ပေါ်မှာ တိမ်တွေ ကင်းရှင်းပြီး ရာသီဥတု ကောင်းတဲ့နေ့၊ နေသာတဲ့ နေ့လိုမျိုးမှာ သူတို့ဟာ ထိုကျင်းပို(Tojinbo) ချောက်ကမ်းပါးပေါ်ကို လာကြတယ်။ သူတို့က လှပတဲ့ရှုခင်းကို လာကြည့်တာ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာလည်း ယူမလာကြဘူး၊ သူတို့က ခေါင်းကို အောက်စိုက်ရင်း ချောက်ကမ်းပါးရဲ့ ဟိုးအောက်ခြေကိုပဲ စိုက်ကြည့်နေတတ်တယ်။ အသက် ၆၅ နှစ်အရွယ် ယူကီးအိုရှီဂဲ(Yukio Shige) လို့ ခေါ်တဲ့လူဟာ အဲဒီချောက်ကမ်းပါးကို ရောက်လာကြတဲ့ လူတွေဆီ ချဉ်းကပ်ပြီး ရိုးရိုးလေးပဲ ‘ဟဲလို’ သို့မဟုတ် အပြုံးလေး တစ်ခုနဲ့ စပြီး နှုတ်ဆက်တတ်တယ်။ ရှီဂဲက အဲဒီလူတွေကို ဘယ်က လာသလဲ၊ ဘယ်မှာတည်းခိုသလဲ စသဖြင့်လည်း မေးတတ်တယ်။ တခါတလေ သူတို့ရဲ့ ပုခုံးလေးကို ညင်သာစွာ ပုတ်လိုက်တာနဲ့ မျက်ရည်တွေ ကျတော့တာပါပဲ။ အဲဒီအခါ ရှီဂဲက သူတို့ကို နှစ်သိမ့်ရင်း “နင် အခက်အခဲကြီးတွေနဲ့ ရင်ဆိုင်နေရတယ် မဟုတ်လား? ” လို့ မေးပါတယ်။

ထိုကျင်းပို ချောက်ကမ်းပါးဟာ ဂျပန်နိုင်ငံရဲ့ အနောက်ဖက် ကမ်းရိုးတန်း ကျိုတို(Kyoto) ရဲ့ မြောက်ပိုင်းမှာ တည်ရှိပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ သိပ်များတယ်လို့ ထင်ရှားတဲ့ နေရာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှု ဖြစ်ပွားနှူံး အလွန်မြင့်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တနည်းအားဖြင့် လူ ၁ သိန်း မှာ သေကြောင်းကြံသူ ၂၃.၈ ယောက်နှူံးလောက် ရှိပါတယ်။ ဂျပန်လူမျိုး ၅ ယောက်ထဲမှာ ၁ ယောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ စိတ်ကူးကြဖူးပါတယ်။

စီးပွားရေး အကျပ်အတည်းမှာ အလုပ်လက်မဲ့နဲ့ ဒေ၀ါလီခံသူလည်း များလာတာနဲ့ အတူ ဂျပန်မှာ သေကြောင်းကြံသူတွေလည်း ပိုမို များလာပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကနေ ဧပြီလအထိ လူ ၁၁၂၃၆ ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ မနှစ်ကထက် ၄.၅% မြင့်လာပါတယ်။ “ဒီနှစ်ထဲမှာ ပိုများလာမယ်လို့ ကျနော်ထင်တယ်” လို့ ရှီဂဲက ပြောပါတယ်။


(Yukio Shige)


ထိုကျင်းပို အနီးနားက ဖူကူးအီ(Fukui)မြို့မှာ နေတဲ့ အငြိမ်းစား ရဲစုံထောက်ဟောင်း ရှီဂဲဟာ နေကာ ဦးထုပ်တလုံး၊ မှန်ဘီးလူးတခုနဲ့ တစ်ရက်မှာ ၂ ကြိမ် ၃ ကြိမ် လောက် ထိုကျင်းပိုက ထင်ရှားတဲ့ နေရာသုံးနေရာကို လေ့လာ စောင့်ကြည့်ခဲ့တာ ၂၀၀၄ နှစ်ကတည်းက ဖြစ်ပါတယ်။ ရှီဂဲဟာ nonprofit အဖွဲ့ တစ်ခုကို တည်ထောင်ထားပြီး သေကြောင်းကြံသူတွေကို စောင့်ကြည့်ကူညီခဲ့တာ လူ ၁၈၈ ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

“ယောက်ျားတွေက အလုပ်လက်မဲ့ကြောင့်၊ အကြွေးတွေကြောင့် ဖြစ်တာ များပြီး၊ မိန်းမတွေကတော့ စိတ်ဓာတ် ကျလို့၊ သို့မဟုတ် ကျန်းမာရေး အခြေအနေကြောင့် ဖြစ်တာ များတယ်” လို့ ရှီဂဲက ပြောပါတယ်။ “အကယ်၍ မိန်းကလေးက ကိုယ်လက် ထိပါးမှုကြောင့်နဲ့ ပတ်သက်ရင် ကျနော်က အဲဒီ မိန်းကလေးကို ခေါ်ပြီး သူရဲ့ သူဌေး ဆီသွားပြီး မျက်နှာချင်းဆိုင် ဆွေးနွေးလိုက်တယ်၊ နောက်ပြီး လူငယ်ကလေးက မိဘနဲ့ ပတ်သက်လာရင် သူရဲ့ မိဘတွေကို နင်တို့ကြောင့် လူငယ်လေးက သေကြောင်း ကြံနေပြီ ဆိုပြီး မိဘတွေကို ပြောင်းလဲဖို့ ၀န်ခံလက်မှတ် ရေးထိုးခိုင်းတယ်၊ ပြီးရင် နံရံပေါ်မှာ အဲဒီ လက်မှတ်ကို ကပ်ခိုင်းတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

ရှီဂဲဟာ သေကြောင်းကြံသူတွေကို ဖျောင်းဖျပြီးရင် သူရဲ့ ရုံးခန်းလေးထဲကို ခေါ်သွားတယ်။ ရုံးခန်းထဲမှာ ရေနွေးအိုး တည်၊ ရေနွေးကြမ်းနဲ့ ဧည့်ခံပြီး သူက အကြံပေး၊ အားပေး၊ ဆွေးနွေးတယ်။ နောက်ပြီး သေကြောင်းကြံသူတွေကို မိုချီ(mochi) လို့ခေါ်တဲ့ ဂျပန်ကောက်ညှင်းမုန့်ကို ကျွေးတယ်။ မိုချီဟာ ဂျပန်ရိုးရာအရ နှစ်သစ်ကူးပွဲနေ့မှာ မိသားစုတွေ၊ အိမ်းနီးနားချင်းတွေနဲ့ အတူ စားသုံးကြတဲ့ အစာ ဖြစ်ပါတယ်။ “သူတို့ဟာ မိုချီကို စားရင် သူတို့ရဲ့ ကလေးဘ၀၊ အဖေအမေ၊ မောင်နှမ၊ မွေးရပ်မြေ စတာတွေကို ပြန် မှတ်မိစေပြီး သူတို့ဟာ တယောက်တည်း အထီးကျန်နေတာ မဟုတ်ဘူးလို့ သိလာပါတယ်” လို့ ရှီဂဲက ပြောပါတယ်။

ရှီဂဲက ရုံးခန်းလေးကို တစ်လ ဒေါ်လာ ၈၀၀ နဲ့ ငှားရမ်းနေရပြီး၊ တခါတရံမှာ သေကြောင်းကြံသူတွေ တချို့ကို ဘ၀သစ် ပြန်လည် ထူထောင်နိုင်ဖို့ ငွေကြေးလည်း ထောက်ပံ့ပေးရပါတယ်။ အဲဒီ လုပ်ငန်းတွေ အတွက် ရှီဂဲဟာ သူ့ရဲ့ ပင်စင် စုဆောင်းငွေနဲ့ အခြားသူတွေ ထည့်တဲ့ ရံပုံငွေတွေနဲ့ လည်ပတ်နေရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ ရှီဂဲရဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းနဲ့ အလားတူ လုပ်ငန်းများ အတွက် ယန်းငွေ ဆယ်ဘီလီယံ(ဒေါ်လာ သန်း ၁၀၀) ကို ဂျပန်အစိုးရက ထောက်ပံ့မယ်လို့ ပြောပါတယ်။ “နောက်ထပ် လူတွေကို သေကြောင်း ကြံစည်လောက်တဲ့အထိ စိတ်ဓာတ် ကျဆင်းမှု မရှိအောင် ကာကွယ်ပေးနိုင်မဲ့ ပေါ်လစီတစ်ခုကို အစိုးရကနေ ချမှတ်ပေးဖို့ လိုပါတယ်” လို့ ရှီဂဲက ပြောပါတယ်။

ရှီဂဲရဲ့ လုပ်ငန်း ငါးနှစ်မြောက် အခမ်းအနားမှာ သူကယ်တင်ခဲ့တဲ့ Shizuoka မြို့သား တယောက် ကိုယ်တိုင် ရေးသားထားတဲ့ စာတစောင်ကို ဖတ်ပြပါတယ်။ စာထဲမှာ ရှီဂဲကြောင့် သူရဲ့ပတ်ဝန်းကျင်မှာ သူ့ကို လိုအပ်သူများ၊ ချစ်ခင်သူများ ၀န်းရံနေတယ် ဆိုတာ နားလည်သွားပါတယ်၊ ပြီးတော့ ရှီဂဲကို ကျေးဇူး တင်ပါတယ် လို့ ရေးထားပါတယ်။

“ကျနော်က ထိုကျင်းပို ချောက်ကမ်းပါးကို အသက် အဆုံးသတ်မယ့် နေရာ မဖြစ်စေချင်ဘူး၊ ဘ၀အသစ် ပြန်စမဲ့ နေရာပဲ ဖြစ်စေချင်တယ်” လို့ ရှီဂဲက ပြောသွားပါတယ်။

(ဂျွန် ၂၀၀၉ ထုတ် TIME မဂ္ဂဇင်းမှ ကိုးကားထားသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts