>Burmese in LA urgeed "All Out on the Street!"

>

ပြည်ပက မြန်မာတွေ လမ်းပေါ်ထွက်ဖို့ အချိန်ရောက်ပြီဟု အယ်လ်အေက မြန်မာများက နှိုးဆော်

မိုးမခ အထောက်တော် ၀၀၂

ဇွန် ၃၊ ၂၀၀၉

မြန်မာပြည်က စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ဖမ်းဆီးထားခြင်းနှင့် ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေခြင်းတို့ကြောင့် ပြည်ပရောက် မြန်မာတို့က ပြည်တွင်းရှိ ပြည်သူတို့ကိုယ်စား နိုင်ငံတကာက လမ်းမများပေါ်တွင် မြန်မာစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်ကြရန်၊ ဒေါ်စုကို လေးစားထောက်ခံမှုများ အကျယ်လောင်ဆုံး ထောက်ခံပြကြရန်အတွက် ကယ်လီဖိုးနီးယားပြည်၊ အယ်လ်အေမြို့က မြန်မာမိသားစုတို့က တိုက်တွန်းနှိုးဆော်လိုက်ပြီး လာမည့် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့တွင် အယ်လ်အေမြို့လယ်၊ လူအစည်ကားဆုံးနေရာ ဟောလီဝုဒ်လမ်းမကြီးပေါ်က အော်စကာအကယ်ဒမီပေးသည့် ကိုဒတ်သီယေတာ အဆောက်အဦကြီးရှေ့တွင် ညနေ ၄ နာရီမှ ၆ နာရီအထိ စုဝေး ဆန္ဒပြကြမည်ဟု ဖိတ်ခေါ်ထားသည်။

အယင်အပတ်ကလည်း ဘာသာပေါင်းစုံ စုဝေးဆုတောင်းခြင်းအခမ်းအနားကို မြန်မာဘုန်းတော်ကြီးကျောင်းတွင် လူမျိုး၊ ဘာသာစုံ မြန်မာတို့ စုဝေးပြီး ကျင်းပခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ်ဖောက်ဖျက်မှုနှင့် တရားစွဲဆိုကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။ တရားစီရင်ရာတွင် အများပြည်သူတို့ တက်ရောက်ခွင့်၊ သက်သေများ လွတ်လပ်စွာ တင်ပြခွင့်နှင့် နိုင်ငံတကာစံနှုန်းနှင့်ညီညွတ်သော ဥပဒေအခွင့်အရေးများကို တားဆီးပိတ်ပင်ပြီး တဖက်သတ် တရားစီရင်ရန် ကြိုးစားလျက်ရှိရာ၊ လာမည် သောကြာနေ့ တရားရုံးချိန်းကို တနလာင်္နေ့သို့ ထပ်မံရွေ့ဆိုင်းဦးမည်ဟု ပြည်တွင်းက သတင်းများက ဆိုထားသည်။

ဒေါ်စု၏ အမှုလိုက်ရှေ့နေများကလည်း သက်သေများခေါ်ယူခွင့်ကို တားဆီးမှုအား တိုင်းရုံးသို့ အယူခံတင်ထားသေးသည် ဖြစ်ရာ ထိုအပြုအမူကြောင့် ဒေါ်စုကို စစ်အုပ်စုက အချိန်ဆွဲ ဖမ်းချုပ်ထားရန် အခွင့်ကောင်းပေးထားသလိုဖြစ်နေသည်ဟု ပြည်တွင်းက တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။

“ဘောလုံးပွဲမှာ သူများဂိုးရှေ့ နည်းမျိုးစုံ လိမ်ခေါက်ပြီး အစွမ်းကုန် အလှ ကစားပြနေတာပေါ့ခင်ဗျာ။ ဟိုက ဂိုးတိုင်လည်း မရှိဘူး။ ဒိုင်လူကြီးလဲ မရှိဘူး။ လက်ပိုက်ပြီး ရပ်ကြည့်နေတာ။ ပွဲကြည့်စင်က ပရိသတ်ကလည်း မခံမရပ်နိုင်လွန်းလို့ အော်ရ၊ ဟစ်ရနဲ့ အသံတွေကွဲ၊ လည်ချောင်းတွေ နာလှပြီ။ နောက်ဆုံးတော့ ပရိသတ်ကြီးက ဘောလုံးကွင်းထဲ ဆင်းချလာရတော့မှာပဲ။ ပြည်ပကလည်း လမ်းပေါ်ထွက်ကြ။ ပြည်တွင်းကလည်း သပိတ်တွေ မှောက်ကြ။ အဲဒါမှ အေးမှာ”

ဟု သူ့ထင်မြင်ချက်ကို ပြောသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts