>Quotes for May 2009

>

မေလ စာကိုး စကားကိုး
မေ ၃၀၊ ၂၀၀၉

ကုမ်ရာသီဖွားမိန်းမတစ်ယောက် ဆိုတာကို သူတို့ရဲ့ ၀တ်စား ဆင်ယင်ပုံ ကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)”
အိမ့်ချမ်းမြေ့၊ ဘလော်ဂါ
ainchannmyay.com၊ မေ ၂၈


ဂျာနယ်အရောင်းသမား ဦးလှရွှေ (ဓာတ်ပုံ-မော်ဒန်)

“ဦးလှရွှေက ရွှေဆိုင်တစ်ခု အမည်ပါတဲ့ တီရှပ်ကို ၀တ်ထားတယ်။ တစ်မြို့လုံးအနှံ့ သွားနေတာမို့ စီးပွားရေး လုပ်ငန်းတွေက သူတို့လုပ်ငန်း ကြော်ငြာ ပါတဲ့ တီရှပ်တွေ ၀တ်ဖို့ သူ့ကို ပေးကြတယ်။ သူ့ရက်နဲ့သူ အလှည့်ကျ ၀တ်ပေးရတယ်လို့ ဦးလှရွှေက ဆိုတယ်”
ကျော်ရင်မြင့်၊ စာနယ်ဇင်းသမား
မော်ဒန် သတင်းဂျာနယ်၊ မေ ၁၅

ပါရဂူ

အခု စုန်း၊ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ ဂမ္ဘီရ ရေးသူ အများစုဟာ ကလောင်သစ်တွေ မဟုတ်ကြဘူး။ အတိတ်ကာလ တစ်ခုမှာ လက်သွက်ခဲ့တဲ့ ကလောင်ဟောင်းတွေ ဖြစ်တယ်။ အဲဒီ ကလောင်ဟောင်းတွေဟာ ဘ၀သရုပ်ဖော်ရေးရင် ကောင်းကောင်း ရေးနိုင်သူတွေချည်းပဲ။ သူတို့က ထုတ်ဝေသူတိုင်း မထုတ်တဲ့ ဘ၀သရုပ်ဖော် ၀တ္ထုတွေ မရေးချင်ကြတော့ဘူး”
ပါရဂူ၊ စာရေးဆရာကြီး
အလင်းတန်းဂျာနယ်၊ မေ ၁၈

“နတ်နဲ့ ပတ်သက်လို့ အပျိုတော်ယိမ်းပဲ ကပါတယ်။ ကိုကြီးကျော်၊ မင်းကြီး မင်းလေး အဲဒါတွေ လုံးဝ မကပါဘူး။ ပြောရရင် နတ်သီချင်းတွေ ဇာတ်ပေါ် တက်လာတာ ဘာသာရေးအရ ကြည့်ရင် အတော် ကြေကွဲရပါတယ်။ နတ်ဆိုတာ ကိုးကွယ်ရာ လို့ သတ်မှတ်ရင် မှားသွားပါလိမ့်မယ်။ ပရိသတ်ကြိုက်တယ် ဆိုပြီး နတ်သီချင်းဆို၊ နတ်က ကတာ ပရိသတ်ကို အဆိပ်ကျွေးခြင်းပါပဲ”
မိုးမင်း၊ ဇာတ်ဆရာ
နံနက်ခင်းသတင်းဂျာနယ်၊ မေ ၂၀

စောနန္ဒာ (ဓာတ်ပုံ-လျှပ်တပြက်ဂျာနယ်)

“ဆူလည်းဆူ ပညာလည်း ပေးရတာပေါ့။ အခု လက်ရှိ စားဝတ်နေရေးက သိပ်မလောက်ချင်တော့ဘူး။ ပေးနိုင်တဲ့ ညကြေးနဲ့ ကလေးတွေရဲ့ အသုံးစရိတ်နဲ့။ အဲဒါကျ ကလေးတွေက ဘာဘာညာညာ လုပ်ချင်တယ်။ အပြင်တွေ ထွက်ပြီး ကြားဖူးမှာပေါ့ အခြောက်တွေ offer လိုက်တာကို။ ကျွန်တော်က မလိုက်ခိုင်းဘူး။ – – – ညအိပ်ဧည့်သည် လက်မခံဘူး။ ပွဲ ကပြီးသွားတဲ့အခါ မုန့်ထွက်စားချင်ရင် သူတို့ကို နာရီဝက် အချိန်ပေးတယ်။ နာရီဝက် ပြီးလို့မှ ပြန်မလာင် တံခါး ပိတ်ပစ်လိုက်တယ်။ စောစောထဲက သူတို့ အသိတွေ ရှိရင် ဧည့်စာရင်းနဲ့ သွားနေလိုက်။ ရုံထဲမှာ နေရင်တော့ ဘယ်နှစ်နာရီ ပြန်လာဆို လာပဲ။ အကုန် လူတွေ လိုက်စစ်တယ်။ အဲဒီလို စည်းကမ်း သတ်မှတ်ထားတယ်”
စောနန္ဒာ၊ ‘မိုးကြိုးငှက်ငယ်လေးများ’ အကအဖွဲ့ ခေါင်းဆောင်
လျှပ်တပြက်ဂျာနယ်၊ မေ ၁၅

ဦးစိုးမြင့် (ဓာတ်ပုံ-ရန်ကုန်တိုင်းမ်)

လက်ဖက်တို့၊ ငါးပိတို့ ဆိုတာ လူတွေ အမြဲတမ်း စားသုံးနေကြတဲ့ အစားအစာတွေပဲ။ အဲဒီ အစားအစာတွေမှာ ဘယ်လိုဓာတ်ပစ္စည်းတွေ ပါတယ် ဆိုတာ ပြည်သူတွေ မသိနိုင်ဘူး။ ဒီလို ဓာတုဆေးဝါးတွေ ပါရှိမယ် ဆိုရင်လည်း ဘယ်အဆင့်မှာ ပါသလဲ ဆိုတာ စစ်ဆေးပြီး တရားခံကို ဖော်ထုတ်သင့်တယ်”
ဦးစိုးမြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မေ ၁၄

ဦးဝင်းဇော် (ဓာတ်ပုံ-နံနက်ခင်းသတင်းဂျာနယ်)

“ဆရာမင်းသိင်္ခက ဗေဒင်သင်တန်းတွေ ပေးပြီး တပည့်ပေါင်း များစွာ မွေးထုတ်ခဲ့ရာမှာ ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့လူလည်း ရှိပါတယ်။ လောဘကြီးသူ၊ နည်းသူ စသည်ဖြင့် ရှိပါတယ်။ အစ်ကိုက ဗေဒင်ဟောတဲ့အခါ ယတြာကြေး မယူရဘူးလို့ ပြောထားပေမယ့် – – ကျန်းမာရေး မကောင်းသူ၊ ဆင်းရဲတဲ့သူ၊ အမှုအခင်း ဖြစ်နေတဲ့သူတွေကို ပိုက်ဆံ မယူရဘူး ပြောပေမယ့် ယူနေကြပါတယ်။ အောင်မြင်ရင် ဘာပေးရမယ် ဥပမာ အဲယားကွန်း တပ်ပေးရမယ်၊ ကော်ဇောခင်းပေးရမယ်၊ ပန်ကာကြီး တပ်ပေးရမယ် စသည်ဖြင့် လုပ်နေကြပါတယ်။ အဲဒီလိုလူတွေကို အထူး သတိထားကြပါ”
ဦးဝင်းဇော်၊ မင်းသိင်္ခ၏ညီ
နံနက်ခင်းသတင်းဂျာနယ်၊ မေ ၂၀

ဗိုလ်မှူးချုပ်ခင်ရီ

“ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား Mr. John William Yettaw ကို (၂) ရက်တိုင် နေထိုင်ခွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည့် ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသည် တည်ဆဲ ဥပဒေ နှင့် ငြိစွန်းနေခြင်းကြောင့် မလွှဲမရှောင်သာ ၀မ်းနည်းစွာဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ပါကြောင်း”
ဗိုလ်မှူးချုပ်ခင်ရီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်
ကြေးမုံသတင်းစာ၊ မေ ၂၇

မောင်အောင်မျိုး၏ စာအုပ်

“”ဖြတ်လေးဖြတ် ဗျူဟာ” လို့ ခေါ်တဲ့ သောင်းကျန်သူတွေ အပေါ် ရိက္ခာဖြတ်တာ၊ သတင်း အဆက် အသွယ် ဖြတ်တာ၊ ငွေကြေး ဘဏ္ဍာဖြတ်တာ၊ သုတ်သင် သတ်ဖြတ်တာတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ နဲ့ ပဲခူးရိုးမ ဒေသ စစ်ဆင်ရေးတွေမှာ တပ်မတော်က ဆောင်ရွက်ခဲ့ကြပါတယ်။- – – စာရေးသူ မောင်အောင်မျိုးက ဒီစာအုပ်မှာ မှတ်တမ်း သဘောမျိုး အချက်အလက်၊ ဖြစ်စဉ်တွေကို စုစည်း ဖော်ပြ ခဲ့ပေမယ့် ဒီမူဝါဒအပေါ် သုံးသပ်ဝေဖန်ခဲ့တာ မတွေ့ရပါဘူး။ ကျနော် ဖတ်မိတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်သန်းတင် ရေးတဲ့၊ ၂ဝဝ၄ ခုနှစ် အမျိုးသားစာပေဆုရ “ကိုယ်တွေ့ဖြစ်ရပ်များ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ” ဆိုတဲ့ စာအုပ်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆောင်ရွက်ပုံ အသေးစိတ်ကို ဖော်ပြခဲ့တာကို ဖတ်ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမက ရွာတွေ အားလုံး နီးပါးကို ဖြတ်လေးဖြတ် စစ်ဆင်ရေးအတွက် ခြံခတ်ပြီး ထွက်ပေါက်တခုပဲ ရှိစေတာ၊ ရိက္ခာတွေကို စုစည်း သိမ်းခိုင်းထားတာ၊ ရွာသားတွေ သောင်း နဲ့ချီလို့ ဝိုင်းပတ် ပိတ်ဆို့ရေး ကိစ္စတွေမှာ အသုံးချ ခဲ့တာ၊ သူပုန် အမာခံလို့ မင်္သကာသူတွေကို ထိန်းသိမ်းရေး စခန်းတခုမှာ ထောင်နဲ့ချီပြီး စခန်းတွေမှာ လနဲ့ချီ ထိန်းသိမ်းခဲ့တာတွေကို ဖတ်ခဲ့ရပါတယ်”
အောင်သူငြိမ်း၊ ဘလော်ဂါ
http://yaw-han-aung.blogspot.com/ မေ ၁၆

အေးရိပ်မွန် ကျောင်းသူများ (ဓာတ်ပုံ-themandalayprojects.net)

“(စာသင်ကျောင်းက) တချို့ ဆရာ ဆရာမတွေက မျက်နှာလိုက်တာ ရှိပါတယ်ရှင့်၊ မိဘမဲ့ဆိုပြီး အပေါင်းအသင်း မလုပ်ချင်တဲ့သူလည်း ရှိပါတယ်ရှင့်၊ သမီးတို့ကို အရမ်းခင်တဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်ရှင့်”
၁၉၆၃ တွင် စတင်ခဲ့သည့် မန္တလေးမြို့ အေးရိပ်မွန် မိဘမဲ့ဂေဟာမှ ကျောင်းသူတဦး
bbcburmese.com ရေဆန်လေဆန်ဘ၀များအစီအစဉ်၊ မေ ၁၁

“ – – – နိုင်ငံတော်၌ ဝမ်းစာရိက္ခာ ဖူလုံရုံသာမက ပိုလျှံနေပြီဖြစ် – – – နောင်လူဦးရေ သန်း ၁ဝဝ တိုးပွားလာသည် အထိ စားနပ်ရိက္ခာ အတွက် ပူပန် ကြောင့်ကြရန် မရှိဘဲ လုံလုံ လောက်လောက် စားသုံးနိုင် – – – ”
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရခေါင်းဆောင်
ကြေးမုံ သတင်းစာ၊ မေ ၆

“တို့မြန်မာနိုင်ငံမှာ political process ဖြစ်ပေါ်လာတော့မယ် ဆိုတာကို ယုံကြည်ခဲ့ရင် ရွေးကောက်ပွဲ မ၀င်ပါဘူး၊ တပ်မတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းအကြား ယုံကြည်မှု တည်ဆောက်တဲ့ပွဲမှာ ဆော်သြသူသာ ဖြစ်ချင်ပါတယ် လို့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းများဆီကို စာရေး ခွင့်တောင်းပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့”
ကျော်စွာ၊ နိုင်ငံရေးဝါသနာရှင်
The Voice ဂျာနယ်၊ မေ ၁၈

ဦးသုဝေ

တပ်မတော် အစိုးရက နှစ် ၂ဝ လောက် ကြာတဲ့အခါကျတော့ သူတို့ကလည်း ငြီးငွေ့နေပြီ။ ဒီမိုကရေစီကို လိုချင်နေပြီ”
ဦးသုဝေ၊ နိုင်ငံရေးသမား
မဇ္ဈိမ သတင်းဌာန၊ မေ ၎

ဒေါက်တာဇာနည်

“သန်းရွှေရဲ့ မိသားစုတို့၊ တေဇတို့၊ မောင်အေးတို့ အမေရိကန် မလာရဘူး၊ သူ့မြေးတွေ မလာရဘူးဆိုတာ၊ သူတို့ အမေရိကန် မသွားရလည်း သူတို့လိုချင်တာ အကုန်လုံးကို ရှန်ဟဲတို့၊ စင်္ကာပူတို့၊ ဟောင်ကောင်တို့၊ ဒူဘိုင်းတို့မှာ အကုန်ဝယ်လို့ ရတယ်။ သန်းရွှေက ဗမာပြည်မှာ မာစီဒီးကား စီးနေတယ်၊ သိတယ် မဟုတ်လား။ ဂျာမဏီကနေ မှာပြီးစီးနိုင်တဲ့ အဆင့်အတန်း ရှိတယ်။ အစကတည်းက ကျနော်တို့ ပြောလာတာက ဒီ နအဖက လူတွေကို ချစ်လို့၊ ထောက်ခံလို့ ပြောနေတာ မဟုတ်ဘူး။ ပီပီပြင်ပြင် မလုပ်လို့၊ ပီပီပြင်ပြင် မလုပ်တဲ့ အတူတူတော့ ကျနော်တို့က နာမည်ကြီး ထမင်းငတ်ဖြစ်တာပေါ့။ Sanction လုပ်ထားရပါတယ်လို့ ပြောပြီးတော့ ပီပီပြင်ပြင် မလုပ်တဲ့ အခါကျတော့ နာရမယ့် လူတွေမှာ မနာဘူး။ မနာရမယ့် လူတွေမှာ နာရတယ်။ နောက်တခါ နိုင်ငံရေးအရ အမြတ်မထွက်ဘူး။ အဲဒါကြောင့် ကျနော်တို့ activists တွေက ဒီဟာတွေကို သိပ်နားမလည်လို့လား၊ မဟုတ်ရင် အသိခေါက်ခက်နဲ့ သိသိကြီးနဲ့ပဲ လိုက်ပြီး မျှောနေတာလား။- – – – ဗမာပြည်က သယံဇာတတွေက ကျနော်တို့ ပြည်သူတွေကို အကျိုးဖြစ်တာ မဟုတ်ဘဲနဲ့ ပြည်သူတွေကို ကျိန်စာသင့်သလို ဖြစ်နေတာ။ အဲဒါကိုကိုင်ပြီးတော့ ဒီကောင်တွေက ပြည်သူတွေကို နှိပ်စက်နေတာ။ အဲဒီဟာ မရဘူးဆိုရင် သူတို့မှာ ဒီလူတွေက တိုင်းပြည်တိုးတက်အောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ လုပ်နေတဲ့ အနေအထားလည်း မရှိဘူး။ လုပ်ချင်တဲ့ ဆန္ဒလည်း ရှိပုံမရဘူး။”
ဒေါက်တာဇာနည်၊ လန်ဒန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ
မဇ္ဈိမ မေလ ၂၂



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts