>Rangoon Cancer Patients travel to Mandalay & Taungyi to receive treatment

>

ကင်ဆာဝေဒနာရှင်များ ဓါတ်ကင်ရန် အတွက် မန္တလေးနှင့်တောင်ကြီးသို့သွားရောက်ရ

မိုးမခ အထောက်တော်၊ ရန်ကုန်

မေလ ၃၀ ရက်၊ ၂၀၀၉

ရန်ကုန်ဆေးရုံကြီးရှိ ကင်ဆာဓါတ်ကင်သည့် စက်သုံးလုံးအနက် ၂လုံးပျက်နေသည့် အတွက် ဓါတ်ကင်ရန် လိုအပ်သည့် ကင်ဆာဝေဒနာရှင်များမှာ တောင်ကြီးနှင့် မန္တလေးမြို့များ အထိသွားရောက်ကာ ကုသမှု ခံယူနေရကြောင်း ရန်ကုန်မြို့မှ ဝေဒနာရှင် မိသားစုများက ပြောဆိုသည်။

ယခုရက်အတွင်း တောင်ကြီးမြို့တွင် ဓါတ်ကင်ပြီး ပြန်ရောက်လာသည့် ခါးရိုးကင်ဆာ ဝေဒနာရှင် မိသားစုဝင်က ပြောဆိုရာတွင်“ရန်ကုန်မှာ ရှိတဲ့စက်တလုံးပဲ ကင်ပေးနိုင်တဲ့အတွက် တန်းစီထားတဲ့ လူနာပေါင်း ၁ထောင်လောက်ရှိတယ် လို့ပြောတယ်။ ဒီထက်စောစော ကင်ချင်ရင်တော့ မန္တလေးသို့မဟုတ် တောင်ကြီးသွားမှ ရမယ်လို့ ဆရာဝန်တွေက ညွှန်းတယ်၊ အဲဒါနဲ့ ၃လ စောင့်ရင် ရောဂါက ပိုပြန့်သွားမှာ စိုးတာကြောင့် တောင်ကြီးကို သွားဖို့ ရွေးလိုက်တာပါ´´ဟု ဆိုသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် နေထိုင်သူ အခြား ကင်ဆာဝေဒနာရှင် တဦးမှာလည်း ရန်ကုန်မြို့တွင် အလှည့်စောင့်ရန် ရောဂါအခြေအနေက အခွင့်အရေး မပေးသည့် အတွက် ဓါတ်ကင်ရန် မန္တလေးမြို့သို့ သွားရောက် ခဲ့ရပြီး မန္တလေးမြိုတွင်မူ နှစ်ပတ်သာ စောင့်ရမည်ဆိုသည့် အတွက် ရန်ကုန်ထက် မြန်သေးသည်ဟု ပြောဆိုသည်။

စစ်တပ် ဆေးရုံများမှလွဲလျင် မြန်မာတနိုင်ငံလုံးတွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်သာ ကင်ဆာ ဓါတ်ကင်စက်များ ရှိသည်ဟု သိရှိရပြီး လူနာအများဆုံး ရန်ကုန်မြို့ရှိ စက်ပျက်နေသည့်အတွက် ယခုလို ဝေဒနရှင်များ အခက်တွေ့နေရခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် တရက်လျင် လူနာ ၁၀၀ကျော် ကိုလက်ခံ ကုသပေးနေသော်လည်း ကုသလိုသည့် လူနာအရေအတွက်နှင့် မမျှသည့်အတွက်ကြောင့် ၃လမှ ၄လခန့်စောင့်ဆိုင်း ရမည့်အခြေအနေ ရောက်ရှိနေရခြင်း ဖြစ်သည်ဟုဆိုသည်။

နအဖ စစ်အစိုးရအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး ကုသစောင့်ရှောက်မှုများ နှင့် ပညာရေးအတွက် အတွက် တိုင်းပြည်၏ ဘဏ္ဍာငွေမှ အလွန်နည်းပါးလှသည့် ပမာဏကိုသာ သုံးစွဲလေ့ရှိပြီး စစ်အသုံးစရိတ်များတွင်သာ အများစုသုံးစွဲနေသည့် အတွက် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များတွင် ယခုလို ပြဿနာရပ်များ ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ဝေဘန်သူများ ကထောက်ပြကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts