>Burmese in Singapore to pray for DASSK

>

စင်္ကာပူရောက် မြန်မာများကလည်း ဒေါ်စုအတွက် စုဝေးဆုတောင်းကြမည်

မိုးမခ အထောက်တော် ၀၀၃

မေ ၂၃၊ ၂၀၀၉

၂၀၀၇ သံဃာအရေးတော်ပုံ၊့ ၂၀၀၈ ဗုတ်နိုး လှုပ်ရှားမှုနှင့် နာဂစ်မုန်တိုင်း အရေးအခင်းတို့တွင် တက်ကြွစွာလှုပ်ရှားခဲ့ကြသော စင်္ကာပူရောက် မြန်မာမိသားစုတို့သည် လာမည့်တနင်္ဂနွေနေ့တွင် တိုပါးယိုး ဗမာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် စုဝေးကြပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပွဲ ပြုလုပ်ကြမည်ဟု သိရသည်။

စစ်အစိုးရ၏ စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေး မဟာမိတ်တဦးဖြစ်သော စင်္ကာပူနိုင်ငံသည် နာဂစ်မုန်တိုင်းအပြီးတွင် မြန်မာ့အရေးလှုပ်ရှားသူများကို နေထိုင်ခွင့် သက်တမ်းတိုးမပေးခြင်း၊ ကန့်သတ်ခြင်း၊ ခံဝန်ချက် လက်မှတ်ထိုးခိုင်းခြင်းနှင့် အချို့မြန်မာများကို ဗီဇာရုတ်သိမ်းခဲ့သဖြင့် မြန်မာတို့၏ အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်ကျဆင်းခဲ့ရာမှ ယခုအချိန်တွင် ပြန်လည်ဦးမော့လာပုံရကြောင်း မိုးမခမိတ်ဆွေ စင်္ကာပူတွင် အလုပ်ဗီဇာနှင့် နေထိုင်သူတဦးက သုံးသပ်သည်။

“ကျနော်တို့ဆီမှာက မြန်မာသံရုံးသာမက စင်္ကာပူ ရဲကော၊ ထောက်လှမ်းရေးတွေကပါ နိုင်ငံရေး လှုပ်ရှားတာကို အားမပေးဘူး။ မြန်မာပတ်စ်ပို့ကိုင်ထားပြီး မိမိဆန္ဒကို ထုတ်ဖော်ပြသကြဖို့ဆိုတာ ကျနော်တို့မှာ အခက်အခဲတချို့ရှိပါတယ်။ ဒါပေမယ့် မြန်မာတွေအားလုံး တစုတဝေးတည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း၊ စစ်အစိုးရ မတရားဆောင်ရွက်တာကို လက်မခံကြောင်း ပြသဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပဲ ဖြစ်တယ်” ဟု ၀ပ်ခ်ပါမစ်ကိုင်ဆောင်ထားသူ အလုပ်သမားတဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က အဆိုပါ ၀ပ်ခ်ပါမစ်၊ အင်ပလွိုက်မင့်ပါမစ်စသည့် အလုပ်ဗီဇာကိုင်ဆောင်သူ မြန်မာအလုပ်သမားအချို့ကို စင်္ကာပူရဲတို့က မြန်မာအရေးတို့တွင် ပါဝင်လှုပ်ရှားသဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အလုပ်ရှင်အချို့က ဆက်လက်ငှားရမ်းရန် ဗီဇာသက်တမ်း တိုးမပေးခဲ့ကြပေ။ အလုပ်ရှင်တို့အနေနှင့် အလုပ်ဗီဇာသက်တမ်း တိုးမပေးခြင်းမှာ အလုပ်သမားနှင့် စင်္ကာပူလူဝင်မှုကြီးကြပ်ရေးကို အကြောင်းပြ ဖြေရှင်းချက်ပေးရန် အထူးတလည် မလိုအပ်ဟု ဆိုသည်။ ၅ နှစ် နေထိုင်ခွင့် ပီအာရ် ရထားသူအချို့ကိုလည်း စင်္ကာပူရဲများနှင့် စစ်ဆေးခံရပြီးနောက်ပိုင်း သက်တမ်းတိုးခွင့်ကို ကြန့်ကြာအောင် ပြုလုပ်ထားခြင်းနှင့် အခြား အခက်အခဲများနှင့် ကြုံတွေ့ရခြင်း တို့ကို စင်္ကာပူ အာဏာပိုင်တို့က ပြုလုပ်ခဲ့သည်ဟု မြန်မာအရေးလှုပ်ရှားသူတို့က စွပ်စွဲခဲ့ကြဖူးသည်။

စင်္ကာပူရောက် မြန်မာတို့၏ လှုပ်ရှားမှုများ ယခုကဲ့သို့ ပေါ်ထွက်လာသည့်အတွက် ကြိုဆိုပါကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအရေးလှုပ်ရှားသူတဦးက ပြောကြားသည်။ လွန်ခဲ့တဲ့ နှစ်ကနေ အခုဒီကြားထဲအထိ ဘာသာရေးပွဲများ၊ သင်္ကြန်ပွဲများနှင့်သာ မြန်မာတို့ စုဝေးလှုပ်ရှားနေခဲ့ကြကြောင်း ယခု မြန်မာအရေးလှုပ်ရှားမှုမျိုး မြန်မာနိုင်ငံသားတို့ ကိုယ်တိုင်လုပ်ကိုင်လာသဖြင့် အာရုံစိုက်မှု ခံလာရနိုင်သည်ဟု ၎င်းက ဆိုသည်။

စင်္ကာပူနိုင်ငံသားများနှင့် ပီအာရ်များကလည်း ၎င်းတို့ကို ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုထားသည့် ပြောရေးဆိုခွင့်ပန်းခြံထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆန္ဒထုတ်ဖော်ကြမည်ဟု နှိုးဆော်ထားသည်ဟု သိရသည်။ စင်္ကာပူ ရဲနှင့် လုံခြုံရေး၏ ခေါ်ယူ စစ်ဆေးခြင်းကို ခံရနိုင်သည့်အတွက် ဗီဇာဖြင့်နေထိုင်သူ ဧည့်နိုင်ငံသားများက ပွဲကြည့်ပရိသတ်အဖြစ်သာ ပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts