>Daw Suu Trial Updates

>

အာဏာပိုင်တို့က အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းများကို ပိတ်ဆို့
ဝင်းမြတ်
မေ ၁၈၊ ၂ဝဝ၉


မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်းရှိ တရားရုံးတွင် စစ်တင် စစ်ဆေးသည့် ယနေ့ နံနက်ပိုင်းတွင် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းများကို ပိတ်ဆို့ ထားကြသည်။

အင်းစိန်မီးသတ်ရှေ့မှ ပေါက်တောဝ မီးပွို့င်အထိ မည်သည့်ကားမှ ဝင်ထွက်၍ မရအောင် သံဆူးကြိုး အကာအရံများ ချထားပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်ထားသည်။

အနီးရှိ ရပ်ကွက်များ အတွင်းရှိ လမ်းကြားများ၊ ဘုန်းကြီးကျောင်းများ အနီးတွင်လည်း ရဲများက လက်နက်ကိုင်စောင့်ကြပ်နေကြသည်။ အင်းစိန် ပိန္နဲကုန်း ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီး ရဲကားကြီး သုံးစီး ရှိနေသည်။

ဒေါ်စုအား တရားစွဲဆိုမှုကို အများက မကျေနပ်သဖြင့် အင်းစိန်ထောင်ရှေ့သို့ လာရောက်စုဝေးမည်ကို အာဏာပိုင်တို့ စိုးရိမ်ဟန် တူကြောင်း ရန်ကုန်ဒေသခံများက ယူဆကြသည်။

“ကြည့်ရတာတော့ တစ်ခုခု ဖြစ်ခဲ့ရင် ပြေးဖို့တောင် သိပ်မလွယ်ဘူး။ လမ်းကျဉ်းတွေ လမ်းကြားတွေပါ အကုန် ပိတ်ဆို့ထားတယ်။ သူတို့ဖက်က သေချာ အကွက်ချ စီစဉ်ထားပုံရတယ်” ဟု ပိတ်ဆို့ထားသော ရပ်ကွက်များအတွင်းမှ အမျိုးသား တဦးက ပြောပါသည်။

လမ်းပိတ်ဆို့ထားသောနေရာသို့ သံရုံးကား တချို့ ရောက်ရှိလာခဲ့ပြီး အများစုမှာ နောက်ကြောင်းပြန်လှည့်ရသည် ဟု အဆိုပါ အမျိုးသားကပြောသည်။

“အင်းစိန်ဈေးနားမှာ လူတစ်ယောက် ပေါင်မုန့် ဝယ်နေတာ ၅ ရက်စာလောက် ပေးပါတဲ့။ ဒါမှ တစ်ခုခုဖြစ်လို့ ဒီနေရာကို ဝိုင်းထားရင် စားလို့ရအောင်လို့ တဲ့” ဟု ၎င်းကပင် ကြားမြင်ခဲ့ရသည်ကို ပြောပြသည်။

ရပ်ကွက် အတွင်းရှိ အိမ်များမှာ ခြံတံခါးများအား သေချာစွာ ပိတ်ထားကြသည်ကို တွေ့ရသည်။

လမ်းမကြီးကို ဖြတ်ပိတ်ထားသော လုံခြုံရေးရဲများကို အင်းစိန်ဈေး အနီးရှိ လူထုက ဝိုင်းဝန်း ကြည့်ရှုနေခဲ့ကြသည်။ အန်အယ်လ်ဒီ ပါတီဝင် အချို့ကိုလည်း သံဆူးကြိုး ကာထားသော အနီး တစ်ဝိုက်တွင် တွေ့ရသည်။

အင်းစိန်ထောင် အနီးတစ်ဝိုက်တွင် လုံခြုံရေးကား ၁၅ စီးခန့်နှင့် ရဲ တပ်ဖွဲ့ဝင် အင်အား ခန့်မှန်းခြေ ၂ဝဝ ဝန်းကျင် စောင့်ကြပ်နေကြသည်။ ထောင် အနီးတစ်ဝိုက်ရှိ လဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဝေါ်ကီတော်ကီ ကိုင်ဆောင်ထားသည့် အရပ်ဝတ် ရဲများကိုလည်း တွေ့ရသည်။

ပြည်တွင်းမှ သတင်းသမား တစ်ဦးက “သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မတရား စီရင်ကြမှာ ဆိုတော့ သူတို့ကိုယ် သူတို့ မလုံမခြုံ ဖြစ်နေကြတာ။ ဒါကြောင့် သူတို့ လုံခြုံအောင် လုံခြုံရေးတွေ အများကြီး လုပ်ထားကြတာ” ဟု မှတ်ချက်ပေးသည်။
လမ်းမကြီးများကို ပိတ်ဆို့ထားသောကြောင့် ခရီးသွား ပြည်သူ လူထုမှာ အခက်အခဲ တွေ့ကြရသည်။

ဆူးလေမှ အင်းစိန်သို့ ပြေးဆွဲသည့် မထသ ၄၈ ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးက “မနေ့က ည ၁၂ နာရီ လောက်ကတည်းက လမ်းကို ပိတ်လိုက်တာ။ အင်းစိန်ပန်းခြံဘက်က သွားလို့ မရတော့ဘူး။ ကားတွေလည်း အကုန် ပိတ်ကုန်တော့ ဟိုက ကွေ့မောင်း ဒီက ကွေ့မောင်း လုပ်နေရတာပေါ့” ဟု ပြောသည်။

မည်သည့် အချိန်၊ မည်သည့်နေ့အထိ လမ်းမများကို ပိတ်ဆို့ထားမည်ကို မသိရသေးကြောင်း ရပ်ကွက်နေ လူထုက ပြောကြသည်။

အများပြည်သူ တက်ရောက် လေ့လာနိုင်သော တရားရုံးတွင် စစ်ဆေးခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တောင်းဆိုသော်လည်း ထောင်တွင်း တရားသူကြီးက ပြင်ပတရားရုံးများတွင် လုံခြုံရေး စိတ်မချရဟု ဆိုကာ ပယ်ချကြောင်းလည်း သိရသည်။

မနက်ဖြန် နံနက်ပိုင်းတွင် အမှုကို ဆက်လက် ကြားနာမည်ဟု ဆိုသဖြင့် အင်းစိန်ထောင်သို့ ချည်းကပ်ရာ လမ်းများကို ဆက်လက် ပိတ်ဆို့ဦးမည်ဟု ဒေသခံများက ယူဆနေကြသည်။

မနက်ဖြန်တွင်လည်း ရန်သူ အများအပြား ၀င်ရောက်တိုက်ခိုက်မည်ကို ကြိုတင်ကာကွယ်မည့်ဟန်ဖြင့် လုံခြုံရေး ထူထပ်စွာ ချထားမှုများကို မြင်ရဦးမည်ဟု ရန်ကုန်မှ စာရေးဆရာတဦးက မှတ်ချက်ချသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts