>Local Burmese said Trial on Daw Suu totally unjust

>

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခြင်းမှာ ဥပဒေမဲ့လုပ်ရပ် – ပြည်တွင်းက လူထုအများစု တြုံ့ပန်

ဝင်းမြတ်

မေ ၁၆၊ ၂၀၀၉

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန် ပြုလုပ်နေတာကို ပြည်သူ လူထုထံက မကျေမနပ် တုံ့ပြန်သံများ ထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်စုကို ပြန်လည် လွှတ်ပေးဖို့ ရက်ပိုင်း အလိုမှာ အခုလို လုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုအပေါ် ထားတဲ့ သဘောထားကို ရှင်းပြစရာမလိုအောင် ဖော်ထုတ်လိုက်တာပဲ ဖြစ်တယ် လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ် တင်တင် ဥပဒေမဲ့ ပြုလုပ်တာ ဖြစ်တယ် လို့လည်း အများက ထင်မြင်ချက် ပေးကြပါတယ်။

အသက် ၂၄ နှစ် အရွယ် စက်မှုဘွဲ့ရ အမျိုးသား တစ်ဦးက

“ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေးကူးသွားတဲ့လူ အကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ လုပ်တယ်ဆိုတာ ကြားရတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ အဲဒီ အိမ်နားကို ကပ်ဖို့ဆိုတာ အစောင့်တွေ အထပ်ထပ် ချထားတာပဲ။ အပြစ်ပေးချင်ရင် သူတို့ကိုပေးပေါ့။ အခုဟာက လှောင်အိမ်ထဲထည့်ထားပြီး အထဲမှာရှိနေတဲ့သူကို အန္တရာယ် ပေးနိုင်တာတွေကို အပြင်ကနေ တစ်ခုပြီးတစ်ခုထည့် ပြီးတော့မှ အန္တရာယ်ရှိတယ်ဆိုပြီး ပြဿနာ ရှာတယ် လို့ မြင်တယ်”

လို့ ပြောပါတယ်။

“ကျွန်တော်က နိုင်ငံရေးတွေ ဘာတွေ သိပ် နားလည်တာ မဟုတ်ပါဘူး။ ဥပဒေတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ အခုဟာကတော့ လူသာမန်လို ရိုးရိုးလေး တွေးကြည့်တာတောင် ဘယ်လိုမှ မမျှတတာကို တွေ့နေရတာကို ပြောချင်တာပါ”

လို့ သူက ဆက်ပြောတယ်။

အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အတွင်းမှာ နှစ်ရက်ကြာ ၀င်ရောက် နေထိုင်ခဲ့တဲ့ အမေရိကန် နိုင်ငံသား Mr. John William Yettaw ဆိုသူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ် လို့ အစိုးရပိုင် သတင်းမီဒီယာ တွေက ဖော်ပြခဲ့ကြတယ်။

သည်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုကို တရားစွဲဆိုမယ့် အကြောင်းကိုတော့ ပြည်သူလူထု သိအောင် အစိုးရက တရားဝင် ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ အင်တာနက် ၀က်ဆိုက်တွေနဲ့ ပြည်ပ သတင်းမီဒီယာတွေက တစ်ဆင့်သာ ပြည်သူ လူထုက သိရှိရပါတယ်။

အခုလို အစိုးရက ပွင်းလင်းမှု မရှိတာနဲ့ ပတ်သက်ပြီး အစိုးရ၀န်ထမ်း ရုံးအုပ်ကြီး တစ်ဦက

“ အစိုးရက ပြည်သူကို အမြဲတမ်း လိမ်နေကြပဲ။ အခု ရေကူးသမား ကိစ္စကလည်း သိပ် ယုံချင်စရာမရှိဘူး။ သက်သက်မဲ့ သိက္ခာချင်လို့ လုပ်တာ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒေါ်စုကြည်ကို တရားစွဲဖို့ လုပ်တယ် အင်းစိန်ထောင်ကို ခေါ်သွားတယ် ဆိုတာကတော့ သိပ်ကို အရှက်မရှိ မျက်နှာပြောင်တိုက်ရာ ကျတယ်။ ဒီအကြောင်းတွေကို ပြည်သူတွေ သိအောင်ရော ဘာလို့ မပြောတာလဲ။ ရေကူးတဲ့သူ အကြောင်းကျတော့ စာလုံးမဲကြီးတွေနဲ့ လူမြင်သူမြင် နေရာမှာ ရေးထားတယ်”

လို့ သူ့အမြင်ကို ပြောပြတယ်။

လူထုက ကြည်ညို လေးစားရတဲ့ နအဖအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အများပြည်သူ သိအောင် ထုတ်ဖော် ပြောဆိုခြင်း မရှိတာကို ရေတပ်ဗိုလ်မှူးဟောင်းဖြစ်ပြီး အခုအခါ အရပ်ဘက် အစိုးရအရာရှိကြီး တစ်ဦးက အခုလို ပြောတယ်။

“သူ့ကို(ဒေါ်စု) လွှတ်ပေးလိုက်ရင် လူထုက လမ်းပေါ် ထွက်မလာဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒီလိုပဲ သူ့အကြောင်းတွေကို လူတွေ သိအောင် ပြောပြောနေရင် လူထုက တည်ငြိမ်ပါ့မလား။ အခုလိုတပ်က မအုပ်ချုပ်ဘူးဆိုရင် မြန်မာလူမျိုးတွေကို ထိန်းလို့ ရမယ်လို့ ထင်နေသလား။ သူ့ကို ချုပ်ထားတာ နိုင်ငံရေးအရ အဖြေမဟုတ်ဘူး ဆိုပေမယ့် ကျန်တာတွေကို တည်ငြိမ်အောင် လုပ်ဖို့ လွယ်တယ်”

စစ်ဘက်ကနေ အရပ်ဘက် ပြောင်းလာတဲ့ အရာရှိ အများစုမှာ တပ်အရိပ်အငွေ့တွေ ပါလာပေမယ့် တစ်ချို့သူတွေမှာတော့ နှစ်ဖက် မြင်တတ်တဲ့သူတွေ ရှိနေတာတွေ့ရတယ်။

သူနဲ့ အမြင်မတူတဲ့ တိုင်းအဆင့်ရှိ တပ်ဘက် အငြိမ်းစား အရပ်ဘက် အရာရှိကြီးတစ်ဦးက

“ အရင် ဦးနေ၀င်း ခေတ်တုန်းက တစ်ခုခု လုပ်မယ် တစ်နေရာရာ သွားမယ်ဆိုရင် အဲဒီအချိန်မှာ သူနဲ့ တရားဝင် ပေါင်းနေတဲ့ ဇနီးကိုပဲ ခေါ်သွားတယ်။ အခုလို ဇနီးမယား၊ သမီး သား မြေးမြစ်တွေကို ခေါ်မသွားဘူး။ အခုဟာက သတင်းစာထဲမှာပါ သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးက လူထုကို အုပ်ချုပ်နေတဲ့ပုံ လုပ်ထားတယ်။ ဒါ တပ်ရဲ့အင်အားကို သုံးပြီး သက်ဦးဆံပိုင် ပုံစံ ဖြစ်နေတာ။ အခုကိစ္စ (ဒေါ်စု)မှာလည်း အာဏာ ဆက်လက် တည်မြဲရေးအတွက် သူတို့ လုပ်ချင်တာ လုပ်လို့ရအောင် အကွက်ဆင်ခဲ့တာပဲ ဖြစ်ဖို့ များတယ်”

လို့ သူ့ အယူအဆကို ပြောပါတယ်။

ရန်ကုန်နေ လူထုအများစုကတော့ ဒေါ်စုကို တရားစွဲဆိုမှုဟာ အကွက်ဆင်မှုဖြစ်တယ် လို့ ယုံကြည်ထားကြတယ်။ အခုလို ကမ္ဘာသိ လူထု ခေါင်းဆောင် အမျိုးသမီးတစ်ယောက်ကို လက်နက် လူသူ အင်အားနဲ့ အနိုင်ကျင့်တာကို ရှက်စရာဖြစ်တယ် လို့ ပြောကြပါတယ်။

ရန်ကုန်မြို့က အသက် ၄၆ နှစ်ရှိ ဓါတ်ခွဲမှူးတစ်ဦးက

“ဘုန်းကြီးနဲ့ ပြည်သူတွေကို သတ်တဲ့ လက်နက်ကြီးငယ် မျိုးစုံနဲ့ အင်အား သိန်းနဲ့ချီ ရှိတဲ့ သူတွေက လက်နက် ဆိုလို့ အပ်တို တစ်ချောင်းတောင် မရှိတဲ့ အချုပ်လည်း ခံထားရတဲ့ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာကတော့ တော်တော်ကို အရှက်မရှိတဲ့ လုပ်ရပ်ပါပဲ။ သူတို့ လုပ်ရပ်တွေက သိပ်ကို ယုတ်မာ ကောက်ကျစ်လွန်းရာ ကျနေပြီ။ သူတို့ ပြောချင် လုပ်ချင်တာတွေကိုလည်း နည်းမျိုးစုံနဲ့ ပြည်သူကို လှည့်စားပြီး လုပ်ခဲ့တာပဲ။ ပြည်သူ့ သဘောထား ဆိုပြီး စစ်အစိုးရက ပြောနေတာတွေက ဘယ်ပြည်သူကမှ အဲဒီလို မပြောဘူး”

လို့ ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို အသိအမှတ် မပြုခဲ့တဲ့ အပြင် ဒေါ်စုကိုပါ အကျဉ်း ချထားတာဟာ နအဖ အစိုးရက အကြောက် လွန်နေတာ ဖြစ်တယ်လို့ အသက် ၅၉ နှစ်အရွယ် အစိုးရ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ ဘာဖြစ်လို့ ဒေါ်စုကို မလွှတ်ပေးရဲတာလည်း ဆိုတာ ရှင်းပါတယ်။ ဒီအမျိုးသမီးကို သူတို့ တော်တော်ကြောက်နေတာ။ သူ့နောက်မှာ လူထုက ရှိနေတာကို။ အခု သူတို့ကို(နအဖ) ဘယ်ပြည်သူကမှ ရွေးထားခဲ့တာ မဟုတ်ဘူး။ သူတို့တကယ် ပြည်သူကို စေတနာရှိတယ် ဆိုရင် ပြည်သူကို လွတ်လွတ် လပ်လပ် ရွေးချယ်ခွင့် ပေးလိုက်ပေါ့”

အစိုးရ၀န်ထမ်း အမျိုးသမီးက ပြောပါတယ်။

စက်မှုဘွဲ့ရ လူငယ်ကတော့ မြန်မာနိုင်ငံမှာ ရွေးချယ်ခွင့် နည်းပါးပြီး လူငယ်တွေကြားမှာ မျှော်လင့်ချက် မဲ့နေတယ်လို့ ပြောပါတယ်။ သူကပဲ အခုလို ဆက်ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်တွေမှာက လူကြီးဆိုတဲ့သူတွေ လုပ်ချင်ရာ လုပ်နေတဲ့ ကြားထဲမှာ ညပ်နေတယ်။ ဘွဲ့ရပြီးပြီ။ စားဝတ်နေရေး လုံခြံမှုအတွက် အာမခံနိုင်တဲ့ အလုပ်ဆိုတာ အခုထိ မတွေ့သေးဘူး။ ကိုယ့်နိုင်ငံမှာက အခွင့်အလမ်း ကောင်းကောင်းတွေ မရှိတော့ သူများ နိုင်ငံသွားပြီး အနှိမ်ခံရတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေမှာ ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ့် အရည်အချင်း မရှိတာတော့ သေချာတယ်။ လာမယ့် ၂၀၁၀ မှာရော ကျွန်တော်တို့က ဘယ်သူ့ကို ဘယ်လို ရွေးချယ်ရမှာလည်း။ ယုံကြည်ရလောက်တဲ့သူက ဘယ်သူလဲ ကျွန်တော်တို့ မသိဘူး…

အခုဟာက အာဏာ ရှိတဲ့သူတွေက စည်းလွတ် ကမ်းလွတ် လုပ်ချင်တာ လုပ်နေတာကို ခံရတဲ့သူတွေက ဥပဒေအရ ဆိုပြီး ပြန်ပြီး ခုခံနေရတာတော့ ဘယ်တရားမလဲ။ စစ်အစိုးရက ပြောသလို ဥပဒေ အထက်မှာ ဘယ်သူမရှိဘူး၊ သူတို့က လွဲရင်ပေါ့လေ”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts