>Burmese in Colorado received Free Medical Check Up

>

ကော်လိုရာဒိုရောက် မြန်မာများ အခမဲ့ ကျန်းမာရေး ဆေးစစ်မှုပြုလုပ်

ကိုဦး

မေလ ၁၃၊ ၂၀၀၉

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း (Burmese Community of Colorado) နှင့် (Colorado Asian Health Education and Promotion) တို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေးဆေးစစ်မှုကို ကော်လိုရာဒိုပြည်နယ်ရှိ မြန်မာနိုင်ငံသားများအား အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် မေလ ၁၀ ရက်နေ့ မနက် ၉း၀၀ နာရီမှ နေ့လည် ၂း၃၀ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဆေးစစ်ပွဲတွင် ဆီးချို သွေးချိုရောဂါ၊ အဆီဓာတ်လွန်ကဲမှုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မသင့်သည့် ရောဂါ၊ အမျိုးသမီး ရင်သားကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါတို့ကို စစ်ဆေးမှု ပြုလုပ်ပေးခဲ့သည်။

“ကျနော်တို့် လွန်ခဲ့တဲ့ ၆ လ ကလည်း အခုလို ကျန်းမာရေးဆေးစစ်မှုတွေကို ဒီမှာ ရောက်ရှိလာတဲ့ မြန်မာပြည်သားတွေကို စစ်ဆေးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး လိုအပ်တဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခမဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အရင်နှစ်က လူပေါင်း ၃၅၀ ကျော်လောက် လာရောက် ဆေးစစ်မှုခံယူတာမို့ ဒီနှစ်မှာတော့ နေရာ ၂ ခုခွဲပြီး ၂ ကြိမ် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်” ဟု အဆိုပါ ဆေးစစ်မှုကို ဦးဆောင်ပြုလုပ်ခဲ့သူ မြန်မာနိုင်ငံသားများအသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတင်ထွန်းက ဆိုသည်။

ထိုကျန်းမာရေးစစ်ဆေးပွဲသို့ အော်ရိုရာမြို့ရှိ မြန်မာနိုင်ငံသား ၈ဝ ကျော် လာရောက် ဆေးစစ်ဆေးမှုခံယူခဲ့ပြီး လာမည့် မေလ ၂၄ ရက်နေ့တွင်လည်း ဒင်ဗားမြို့တွင် တကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref – http://burmesecommunityofcolorado.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts