>Muse Locals forced to pay expenses for primer’s visit

>

မူဆယ် – နမ်းခမ်း က ရွှေလီရေအားလျှပ်စစ်ဖွင့်ပွဲ ၀န်ကြီးချုပ် သိန်းစိန် ဒေသခံစာရိတ်နှင့် ဖွင့်ပွဲလုပ်မည်

မိုးမခ အထောက်တော် ၀၀၄

မေ ၁၀၊ ၂၀၀၉

ရှမ်းပြည်နယ်၊ မူဆယ်အနီး နမ်းခမ်းတွင် တည်ဆောက်နေတဲ့ ရွှေလီရေအားလျှပ်စစ်လုပ်ငန်း ပြီးစီးသွားပြီဖြစ်၍ စစ်အစိုးရ၏ ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်သိန်းစိန်လာရောက်ဖွင့်မယ်လို့ ကြားသိရပါတယ်။ ၂၀၀၆ မှ စတင်ပြီး ၂၀၀၈ စက်တင်ဘာမှာ ဒေါ်လာ ၁ သန်း သုံးစွဲပြီဖြစ်တဲ့ တရုတ်နဲ့ မြန်မာစစ်အစိုးရတို့ ဖက်စပ်ပိုင်ဆိုင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းတခုရဲ့ ဖွင့်ပွဲကို ဒေသခံပြည်သူတွေက စာရိတ်များ၊ အလှူငွေများ ကျခံပြီး ပြုလုပ်ပေးရန် စစ်အာဏာပိုင်တွေက အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

“၀န်ကြီးချုပ်က သူထိုင်ဖို့ သီးသန့်ထိုင်ခုံတခု လုပ်ခိုင်းတယ်လို့ ဆိုတယ်။ မဆလခေတ်က ဦးနေ၀င်းတို့လိုမျိုးပေါ့။ မန္တလေးမှာ ရှာလို့မရတော့ အခု စစ်ကိုင်းက သွားရှာယူလာရတယ် ..”

ဟု မိုးမခမိတ်ဆွေတဦးက ပြောပြပါတယ်။

ဝန်ကြီးချုပ်က မူဆယ်က အစားအသောက်တွေ မစားနိုင်ကြောင်း၊ မန္တလေး ဂရေးအဲလီးဖင့်စားတော်ဆက်က စားဖိုမှူးနဲ့ စာပွဲထိုးများကို ငှားလာရကြောင်း၊ ကုန်ကျစာရိတ်ဟူသမျှကို မူဆယ်တမြို့နယ်လုံးက မျှခံကြရမှာ ဖြစ်ကြောင်း၊ ဆည်ကြီးကို ဆောက်စဉ်က ရွာများ ရွှေ့ပြောင်းရခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း ခံရခြင်းတို့ ရှိခဲ့ကြောင်း၊ ယခုလည်း အဓမ္မအလှူခံနေပြီ ဖြစ်ကြောင်း စသည်ဖြင့် မြို့ခံက ပြောကြားပါတယ်။

“ဟိုအရင်ကလည်း ဒီလို ၀န်ကြီး၊ တိုင်းမှူးလာတိုင်း ကုန်ကျစရိတ်တွေ ရှိတယ်။ ဒီငွေတွေကို မီတာခပေးတဲ့အခါမှာ တရုတ်ငွေနဲ့ ကောက်တော့ ၁ ယွမ်ကနေ ၁.၂၊ ၁.၃၊ ၁.၄ ဆိုပြီး ဈေးတိုးကောက်လိုက်တာပဲ။ ဒဿမဆိုပေမယ့် မြန်မာငွေနဲ့ ပြောင်းတွက်လိုက်ရင် ငွေ သိန်းရာချီပြီး ပေးလိုက်ရပါတယ်။ သူတို့က ကုန်ကျငွေတွေကို နှုတ်၊ ကျန်တာကို ပေါင်းပြီး ခွဲဝေ စားသောက်လိုက်ကြတာပဲ။ ဟိုက ဒီလိုလုပ်ချင်တယ်၊ ဒါလိုချင်တယ် ဆိုတာကလည်း တမျိုး၊ ဒီက ဒေသခံစစ်အာဏာပိုင်တွေက အထွန့်တက်ပြီး လျောက်လုပ်တာတွေက တမျိုး ဆိုတော့ အားလုံးက ဧည့်သည်လာမယ်ဆို မျက်ခုံးလှုပ်နေကြပြီ။ ကျောချမ်းနေကြပြီ …”

လို့ လုပ်ငန်းရှင်တဦးက ပြောကြားသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts