>Daw Suu’ health (up date)

>

ဒေါ်စု၏ ကျန်းမာရေး စိတ်ချရသည့် အခြေအနေတွင် မရှိသေး
မိုးမခအထောက်တော် ၀၀၂
မေ ၉၊ ၂၀၀၉

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဘက်သို့ ကြည့်နေကြသူများ (ဓာတ်ပုံ – AFP )

အကြောဆေး ပုလင်းကြီး သွင်းနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် စိတ်ချရသည့် အခြေအနေတွင် မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

အသက် ၆၃ နှစ် ရှိပြီဖြစ်သော ဒေါ်စုသည် သွေးပေါင်ကျခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

“မနေ့က ဒေါ်ပြုံးမိုအိက ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားပြီး Drip (အကြောဆေး ပုလင်းကြီး) သွင်းပေးတယ်။ ဒီနေ့လည်း ကုသမှု လိုအပ်တဲ့အတွက် သက်ဆိုင်ရာကို ခွင့်တောင်းထားတယ်လို့ သိရတယ်။ သွားခွင့် ရမရတော့ ကျနော်တို့ မသိသေးပါဘူး။ ဒါကြောင့် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ကျနော်တို့ မသိရသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

ဒေါ်ပြုံးမိုအိသည် ကြာသပတေးနေ့ညက အဖမ်းခံရသော ဒေါက်တာတင်မျိုးဝင်း၏ လက်ထောက်ဆရာဝန်တဦး ဖြစ်သည်။

အမေရိကန်နိုင်ငံသားတဦး ဒေါ်စု၏ခြံအတွင်းသို့ မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်နေထိုင်ခဲ့သည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နောက်ဆက်တွဲသတင်းများ ထုတ်ပြန်ခြင်း မရှိသေးပေ။

လွန်ခဲ့သည့် ၆ နှစ်က စတင်ပြီး နေအိမ်အကျယ်ချုပ် ပြန်လည် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် တဦးတည်း နေထိုင်နေခြင်းမဟုတ်ကြောင်း ဦးဉာဏ်ဝင်းက မိုးမခကို ပြောပြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူတို့လည်း ဒေါ်စု၏ အိမ်တွင် ယနေ့တိုင် နေ့စဉ် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts