>Anniversary of Nargis

>

သေသူအတွက် နှစ်လည်ဆွမ်းနဲ့ ရှင်သူရဲ့ ဒုက္ခ

ဝင်းမြတ်

ကွမ်းခြံကုန်း၊ မေ ၉ – ရွာအစွန် လယ်ကွင်းစပ်နားက အိမ်အဟောင်းနေရာမှာ ဆိုက္ကားဆရာ ကိုဝင်းစိုး (၅၅ နှစ်) မတ်တပ် ရပ်နေပြီး သူ့ဇနီး၊ သားနဲ့ သမီးကို ပါးစပ်က တလှုပ်လှုပ်နဲ့ တီးတိုး ခေါ်နေတယ်။ သူ့မိသားစုဟာ သည်နေရာတစ်ဝိုက်မှာ လှည့်လည် သွားလာ နေလိမ့်မယ် လို့လည်း သူ ယုံကြည်နေတယ်။

နာဂစ် မုန်တိုင်း မတိုက်ခတ်ခင် အထိ သည်နေရာလေးမှာ ကိုဝင်းစိုးတို့ မိသားစု သိုက်သိုက် ၀န်းဝန်း ရှိခဲ့ကြတယ်။ ၂၀၀၈ ခုနှစ် မေ ၂ – ၃ ရက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်းနာဂစ်ကြောင့် ကိုဝင်းစိုးရဲ့ ဇနီး၊ ၂၅ နှစ်အရွယ် သားတစ်ယောက်နဲ့ ၂၀ နှစ်အရွယ်သမီး တစ်ယောက် ပျောက်ဆုံးခဲ့တယ်။

ကိုဝင်းစိုးနေထိုင်တဲ့ ကွမ်းခြံကုန်း မြို့နယ်ဟာလည်း ရန်ကုန်တိုင်းအတွင်းမှာ အပျက်အစီး အများဆုံး မြို့နယ်တစ်ခု ဖြစ်ခဲ့တယ်။ ၃၂ နှစ် အရွယ် သား တစ်ယောက်နဲ့ ၁၄ နှစ် အရွယ် သမီးတစ်ယောက် အသက် မသေဘဲ ကျန်ရစ်ခဲ့တယ်။

ကွမ်းခြံကုန်း မြို့နယ်မှာ ရှိတဲ့ ကဲမြန်မာ(Care Myanmar) အဖွဲ့က နာဂစ်ကြောင့် ကွယ်လွန်သွားတဲ့ သူတွေ ကောင်းရာ သုဂတိ ရောက်ရှိ စေဖို့ အမျှ အတန်း ဝေ ပရိတ်တရားနာပွဲ ပြုလုပ်ပေးမယ် ဆိုတာကြောင့် ကိုဝင်းစိုးလည်း နာဂစ်အတွင်း ပျောက်ဆုံးသွားတဲ့သူ့ မိသားစုကို လာရောက်ဖို့ ပြိုပျက်သွားတဲ့ အိမ်အဟောင်း နေရာကို သွားရောက် ခေါ်ဆိုနေခြင်းပါ။

“ကျွန်တော်မှာ အပြစ်တွေ ရှိနေတယ်။ ပျောက်သွားတဲ့ ကျွန်တော့် မိသားစုကို သရဏဂုံ တင်မပေးခဲ့ရဘူး။ အဲဒီတုန်းက သေသလား ရှင်သလား မသိရတာရော၊ ကိုယ်ကိုယ်တိုင်ကလည်း အကုန်လုံး ဆုံးရှုံးကုန်တော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့တာပေါ့” လို့ ကိုဝင်းစိုးက သူ့ခံစားချက်ကိုပြောပြပါတယ်။

ကိုဝင်းစိုးလိုပဲ နာဂစ်ကြောင့် သေဆုံး ပျောက်ပျက်သွားသူတွေအတွက် သရဏဂုံ မတင်လိုက်ရသလို ရက်လည်ဆွမ်းသွပ် အမျှ မဝေလိုက်ရတဲ့ မုန်တိုင်းသင့်သူတွေ အမြောက်အမြား ရှိပါတယ်။ တစ်နှစ်ပြည့်တဲ့ အချိန်မှာလည်း ကွယ်လွန်သွားတဲ့ သူတွေအတွက် ကုသိုလ်ကောင်းမှု မပြုနိုင်သူတွေ ရှိပါတယ်။

မုန်တိုင်းဒဏ်သင့် မြစ်ဝ ကျွန်းပေါ်ဒေသက ကျေးရွာတွေမှာ နေထိုင်ကြသူ အများစုဟာ ရက်လနှစ်တွေကို မြန်မာ သက္ကရာဇ်နဲ့ မှတ်သားကြပါတယ်။ မြန်မာလို နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ် ပြည့်တဲ့နေ့ တန်ခူးလဆုတ် ၁၂ ရက်နေ့ဟာ ၂၀၀၉ ခုနှစ်မှာ ဧပြီ ၂၁ ရက်ဖြစ်ပါတယ်။

၎င်းရက်တွေ မတိုင်မီက ဘစ်ဂျလီ မုန်တိုင်း ဖြစ်ပေါ်တဲ့ သတင်းတွေကြောင့် နာဂစ်မုန်တိုင်းမှာ အသေ အပျောက် များခဲ့ပြီး သွားလာရေး ခက်ခဲတဲ့ ဒေသက မုန်တိုင်းဒဏ် သင့်ခဲ့ဖူးသူတွေ ကြောက်လန့်ပြီး နီးစပ်ရာ မြို့တွေပေါ် ပြေးတက်ခဲ့ကြပါတယ်။ ဒါကြောင့် နာဂစ်ကြောင့် ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေ အတွက် မေတ္တာပို့ အမျှဝေတာတွေ မလုပ်နိုင်ခဲ့ကြသူတွေလည်း ရှိပါတယ်။

ဘစ်ဂျလီ မုန်တိုင်း သတင်းကြောင့် လပွတ္တာမြို့ပေါ်ကို ပြောင်းရွှေ့လာကြတဲ့ ဉာဏ်ကွင်း ကျေးရွာက ကိုသိန်းလွင် (၄၈ နှစ်)က “နာဂစ် မုန်တိုင်းမှာ ကျွန်တော့် မိသားစုဝင်ထဲက ၂၇ ယောက် ဆုံးသွားတယ်။ သူတို့အတွက် နှစ်ပတ်လည် ဆွမ်းလေးတစ်အုပ်လောက် ဘုန်းကြီးကျောင်းကို လှူချင်ပေမယ့် လောလောဆယ် ကိုယ်ကိုယ်တိုင်က ရွာကို ပြန်စရာ လမ်းစရိတ် မရှိလို့ ဘုန်းကြီးကျောင်းမှာ သောင်တင်နေတော့ ဘာမှမတတ်နိုင်ဘူး” လို့ သူတို့ အခက်အခဲကို ပြောပြတယ်။

နှစ်လည် ဆွမ်းကပ်ဖို့ အကူအညီ ပေးတဲ့ အဖွဲ့အစည်းတွေကို မုန်တိုင်းဒဏ် သင့်သူတွေက ကျေးဇူးတင်ကြတယ်။ သူတို့ကို အရေးတယူ ဆောင်ရွက် ပေးတာကြောင့်လည်း ၀မ်းသာတယ်လို့ ဆိုကြပါတယ်။

ကိုစိုးဝင်းက“ အခုလို အဖွဲ့အစည်းတွေက နှစ်ပတ်လည်ပွဲ လုပ်ပေးတော့ ကျွန်တော်တို့လို မတတ်နိုင်တဲ့ သူတွေ အဆင်ပြေတာပေါ့။ ပရိတ်တရားနာ ပြီးတော့ အထိမ်းအမှတ် အနေနဲ့ ချောင်းထဲမှာ ဓနိနဲ့ လုပ်ထားတဲ့ မီးဖောင်လေးတွေ မျှောကြတယ်။ သူတို့တွေကို (သေဆုံးသွားသူများ) သွားခေါ်တဲ့ အချိန်တုန်းကတော့ ရင်ထဲမှာ ပြောမပြတတ်အောင်၊ နင့်နေအောင် ခံစားရတာပေါ့။ အခုလို လုပ်ပေး လိုက်ရတော့ ကောင်းရာ မွန်ရာ ရောက်သွားပြီလို့ စိတ်ထဲမှာ ထင်ရတာပေါ့” လို့ ပြောတယ်။

မုန်တိုင်း တိုက်ခတ်ခဲ့တာ တနှစ် ကျော်လာပေမယ့် သူတို့ စိတ်ထဲမှာ မနေ့ တနေ့ကလိုပဲ ခံစားရပြီး စိတ်ဒဏ်ရာတွေ ရှိနေဆဲပဲလို့ ဆိုကြပါတယ်။ လေမိုး နည်းနည်း ထန်လာပြီ ဆိုရင် သူတို့စိတ်ထဲမှာ ကြောက်လန့်နေရတယ် လို့ ပြောကြပါတယ်။

နာဂစ်ကြောင့် အနည်းဆုံး လူပေါင်း ၁၃၈ ၀၀၀ သေဆုံး ပျောက်ကွယ်ခဲ့ရပါတယ်။

အင်္ဂလိပ် ရက်စွဲနဲ့ နာဂစ်မုန်တိုင်း တစ်နှစ်ပြည့် ဆုတောင်း မေတ္တာ ပို့သတဲ့ ပွဲတွေကို ရန်ကုန်မြို့က ဟိုတယ်ကြီး အချို့နဲ့ ကျေးရွာတွေမှာ ပြန်လည် ထူထောင်ရေးတွေ ပြုလုပ်နေတဲ့ အဖွဲ့ အစည်း တချို့က ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက ဦးစီးတဲ့ ဆုတောင်း မေတ္တာပို့သ တာတွေတော့ မတွေ့ရပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts