>Khin Myo Chit – Standing Vicissitude

>

လောကဓံကို သည်းခံခြင်း

ခင်မျိုးချစ်

မေ ၃၊ ၂၀၀၉

သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်း ဇွန် ၁၉၈၂ ခုနှစ် မှ

အရင်လ မေလ သောင်းပြောင်းမှာ ဖိုးသော်တာဆွေက မေလမှာ မွေးတဲ့ အဓိကရ ပုဂ္ဂိုလ်တွေ ရေတွက်ပြရာမှာ သူရယ်၊ ဒဂုန်တာရာရယ်၊ ထင်လင်းရယ်၊ ၁၉၁၉ မေလမှာ မွေးတဲ့သူတွေချည်း ရေတွက်ပြတာကိုး။ အဲဒါလေး ဖြည့်စွက်ဖို့ လိုသေးတယ်လေ။ မေလမှာမွေးတဲ့ အဓိကရ ပုဂ္ဂိုလ်တွေ သမိုင်းတလျှောက်မှာ ရှိခဲ့တယ်ဆိုတာတော့ ဖြည့်ပေးလိုက်ရဦးမယ်။

ကမ္ဘာ့သမိုင်းတခေတ်မှာ (အင်း … စကားပြောရရင် ကမ္ဘာနဲ့ချီချီပြီး ပြောရမှ လေးနက်တယ် မဟုတ်လား) အဲ အဲ … ဘာတဲ့။ ကမ္ဘာ့သမိုင်းတစ်ခေတ်မှာ ထင်ရှားခဲ့တဲ့နပိုလီယန်ဆိုတာ ကြားဖူးကြမှာပါ။ သုက မေလမှာ မွေးတာမဟုတ်ဘူး။ သူ့ကိုဝါတာလူးစစ်ပွဲမှာ အပြတ်အသတ်နိုင်လိုက်တဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး ၀ယ်လင်တန်ဆိုတာ မေလ ၁ ရက် နေ့မှာ မွေးတဲ့လူပေါ့။

မေလ ၁ ရက်နေ့ ဆိုတာလည်း ခုအခါမှာ အလုပ်သမားနေ့ အဖြစ် ကမ္ဘာအရပ်ရပ်မှာ အသိအမှတ်ပြုပြီး အထိမ်းအမှတ်ပြုပြီး အထိမ်းအမှတ် တခမ်းတနား လုပ်ကြရတဲ့နေ့မဟုတ်လား။ ပြီးတော့ မေလ ၁ ရက်နေ့ ထူးခြားတာ တစ်ခုရှိသေးတယ်လေ။ အဲဒီအချက်က တကယ့်ကို မှတ်လောက်သားလောက် အချက်ကြီး ဖြစ်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ အဲဒိနေ့ဟာ ဟောဒီစာရေးသူရဲ့ မွေးနေ့ပါပဲ။

မေလ မွေးတဲ့ သူချင်း တူတူ၊ ၁ ရက်နေ့ဆိုတော့ ထိပ်ဆုံးက နေတာပေါ့။ တစ်တန်းတည်း အဆင့် မီတာ။ နပိုလီယံကို နိုင်တဲ့ စစ်ဗိုလ်ချူပ်ကြီး ၀ယ်လင်တန်ရှိပါတယ်။

ဒီလို အဓိကရ နေ့ကြီးရက်ကြီးမှာ မွေးလာခဲ့ပါလျက် တကယ်ဆိုရင် ကိုယ့်ရေးဖော်ရေးဖက်တွေက မွေးနေ့ဂုဏ်ပြုတဲ့ဆောင်းပါးလေး ဘာလေး ရေး။ ရေဒီယိုက သီချင်းတောင်းပေးလို့ အဲသလိုဆို ဘယ်လောက်ကောင်းမလဲ။

ငါ့နှယ်နော် … အခုမှ အကြံရတယ်။ တကယ်ဆိုရင် မေလ ၁ ရက်နေ့ဟာ ကိုယ့်မွေးနေ့ဖြစ်တဲ့အကြောင်း ကြေညာမောင်းခတ်ထား၊ ရေးဖော်ရေးဖက်တွေလည်း မွေးနေ့ဂုဏ်ပြုဆောင်းပါးရေးဖို့၊ ရေးချင်လာအောင် ကျွေးမွေးပြီး ဆွယ်ထား၊ အဲဒီဆောင်းပါး ထည့်ပေးမယ့် မဂ္ဂဇင်းအယ်ဒီတာတွေကိုလည်း မျက်ရိပ်မျက်ကဲပြထား၊ အဲသလို လုပ်မထားမိတာ နာတာပဲ။

အခုလို အဲသလို ဂုဏ်ပြုပေးမယ့်သူမရှိတော့ ကိုယ့်ဘာသာကိုယ် အဆိုသွင်း၊ ကိုယ်ပဲ ထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင် ရတာပေါ့လေ။ ငါ့နှယ် ရှက်လိုက်ပါဘိ၊ သော်တာဆွေရယ်။ အဲလေ …. ရှက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုတာ ဘာရှက်စရာ ရှိလဲ။ ကိုယ့်ကိုယ်ကိုမှ ဂုဏ်မပြုရင် ဘယ်သူကလာ ဂုဏ်ပြုမှာလဲ။

သြော် … ရေးရင်း ရေးရင်း ဘယ်တွေ ပေါက်တတ်ကရ ရောက်ကုန်ပါလိမ့်နော်။ ရယ်စရာတွေ ဖြစ်ကုန်လေပြီလား မသိပါဘူး။ ဒီလိုပဲလေ ရယ်သွမ်းသွေး ရတာပေါ့။ သူတပါးကို ရယ်သွမ်းသွေးရင် အကျီစားသန် ရန်ဖြစ်၊ မခံချင်ဖြစ်လို့ ရန်များချင် များနေဦးမယ်။ ကိုယ့်ကိုယ်ကို ပြန် ရယ်သွမ်းသွေး သွေးတာက ဘေးကင်းတာပေါ့။ အင်္ဂလိပ်ကဗျာထဲက စာကြောင်းလေးတစ်ခု သတိရမိတယ်။

“And if I laugh any mortal thing,

It is that I may not weep” တဲ့။

အဲဒီ စာကြောင်းကို တိုက်ရိုက် မြန်မာပြန် မရေးချင်ပါဘူး။ အရသာပျက်လွန်းလို့ပါ။ ဆိုလိုရင်းအဓိပ္ပါယ်က “ရယ်တယ်ဆိုတာ ငိုမိမှာ စိုးလို့ပါ။” တဲ့။

အဲဒါ သိပ်မှန်တာပေါ့။ ရယ်စရာတွေ ရေးတိုင်း၊ ရယ်စရာတွေပြောနေတိုင်းလည်း ပျော်လို့ မထင်လိုက်ကြပါနဲ့။

“မချိလို့ပေါ်တဲ့သွားတောင် ရယ်သလား မေးကြရှာကြတယ်။” ဆိုတဲ့ ဦးပုညရဲ့စကားလို ငိုချင်လေလေ၊ ရယ်စရာတွေ ရှာဖွေပြီး ကိုယ့်ကိုယ်ကို ကလိထိုး ရယ်နေရတာလည်း ဖြစ်တတ်ပါသေးတယ်။

အဲဒီလို “မချိသွားဖြဲ” အသက်ကြီးလာတော့ ဖြဲစရာသွားတောင် သိပ်ရှိတော့တာ မဟုတ်ဘူး။ ပြောရ ရေးရတယ်ဆိုတာ ငိုချင်ပြီး ငိုမိမှာ စိုးလို့ပါပဲ။

ဒီလများ စာရေးချင်တဲ့စိတ်ကို ကုန်နေတာပဲ။ ကလေးတွေပြောသလို “စိတ်ပိန်”လိုက်တာ လွန်ပါလေရော။ ငိုချင်စရာတွေ ဒုနဲ့ဒေး များနေတဲ့အထဲမှာ ရေးဖော်ရေးဖက် ဂျာနယ်ကျော်မမလေး ဆုံးသွားရှာတယ်။ စိတ် အတော်ထိခိုက်ပါတယ်။ သူ့ခမျာ ကိုယ့်ထက် သုံးနှစ်လောက် ငယ်ရှာတယ်။ ကျမ်းမာရေးလည်း ကောင်းရှာသားပဲ။ သူ့ကိုယ်သူလည်း အတော် ဂရုစိုက်တယ်။ ဒါပေမယ့် သေနေ့စေ့တော့ သွားရတာပဲပေါ့။

ဂျာနယ်ကျော်မမလေးကို ကိုယ့်ထက်လည်း ငယ်သူဖြစ်တယ်။ ကျမ်းမာရေးလည်း ဂရုစိုက်သူမို့ ကိုယ့်ရှေ့က သွားလိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။ သော်တာဆွေ ပြောသလို ကိုယ်ကတော့ဖြင့် ပိန်ချည့်ချည့် ညောင်နာနာနဲ့ပဲ ဒရွတ်ဆွဲပြီး အသက်ရှင် နေတော့တာပဲ။

အဲလေ … သေတယ်ဆိုတာ မဆန်းပါဘူး။ ကြောက်စရာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မသေချင်တာ တစ်ခုပါပဲ။ ဘယ်လို အလုပ်တွေ လုပ်ချင်သေးတယ်။ ဘယ် စာတွေ ရေးချင်သေးတယ်။ ဒါတွေရေးပြီး လုပ်ပြီးမှ သေချင်တာပေါ့။ အဲသလို တွေးတတ်တယ်။ အဲဒီအတွေးအခေါ်ကလည်း တကယ်တော့ သိပ်ပြီး မခိုင်မာပါဘူးလို့ ထင်တယ်။

ဘာပြုလို့လဲ ဆိုတော့ လူဆိုတာ လုပ်ချင်တာတွေ ဘယ်တော့မှ လုပ်ပြီးမှာ မဟုတ်ပါဘူး။ စာရေးတဲ့သူကလည်း ရေးချင်တာတွေ ဘယ်တော့မှ ကုန်မှာ မဟုတ်ပါဘူး။ ရှေးရှေးဘ၀ အဆက်ဆက်ကလည်း လုပ်လာခဲ့တာ မပြီးခဲ့ဘူး။ ခုဘ၀လည်း ပြီးဦးမှာ မဟုတ်ပါဘူး။ နောက်ဘ၀ ဆက်လုပ်လည်း မပြီးပါဘူး။

ဒီလို မပြီးမယ့် အတူတူတော့ ကိုယ်လုပ်ချင်တာတွေ ပြီးအောင်လုပ်ပြီးမှ သေချင်သေ၊ မပြီးခင် မသေချင်သေးဘူး ဆိုတာမျိုးတော့ ထည့်မစဉ်းစားတော့ပါဘူး။ ကိုယ်လုပ်ချင်စရာ ရှိတာ ပြီးသလောက် လုပ်ပေါ့။ မပြီးဘဲ သေတော့ကော ဘာ ပူစရာရှိလဲ။ ဒီအတိုင်း ထားခဲ့ရုံပေါ့။

ဘယ်သူ ဆက်လုပ်ပါစေ လို့တောင် ဆန္ဒမပြုပါဘူး။ ဘယ်သူ ဆက်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။ အဲသလို စိတ်ထားတော့မှပဲ စိတ်တည်ငြိမ်မှု ရတော့တာပဲ။ သို့မဟုတ်ရင် ကြောင့်ကျမူတွေ တယ်များတယ်ကိုး။

အဲသလိုပဲ ကိုယ့်စိတ်ကို ကိုယ် ပြန် ဆုံးမပြီး အေးချမ်းမှု ရှာရတော့တာပဲ။ ဒါမှလည်း လောကဓံကို သည်းခံနိုင်တယ်။ အဲလေ…ပုထုဇဉ်သား ဆိုတော့လည်း “ခန္တီ – သည်းခံခြင်း တရား”ကိုး။

“ခန္တီစ – မနိုင်၍ သည်းခံခြင်းသည် လည်းကောင်း …” ဆိုပြီး နှလုံးသွင်းရတော့ တာပေါ့။

မနိုင်လို့ သည်းခံတရား လက်ကိုင်ထားပါမှပေါ့။

မနိုင်မှ မနိုင်တာ၊ သည်းမခံလို့ ဘယ်ဖြစ်ပါ့မလဲ။

( မေလ ၁ ရက် နေ့မှာ ကျရောက်တဲ့ ခင်မျိုးချစ် မွေးနေ့ ၉၄ နှစ်ပြည့်အတွက် အမှတ်တရ ဖော်ပြပါတယ်။ ဆရာမကြီး ကွယ်လွန်ခဲ့တာ ၁၉၉၉ ခုနှစ် မှာပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts