>some 90 DKBA and SPDC soldiers died and wounded

>

ဝေါ်လေခီး စခန်းသိမ်းရန် ကြိုးစားသည့် ဒီကေဘီအေနှင့် အစိုးရတပ်ဖွဲ့ဝင် ၉ဝနီးပါး ထိခိုက် ကျဆုံး
နော်ဖြူသင်း (ကေအိုင်စီ)
မေ ၁၊ ၂၀၀၉

ဒီကေဘီအေ ဗိုလ်မှူးနှုတ်ခမ်းမွှေး

ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါ်လေခီးဒေသတွင် နအဖ၊ DKBA ပူးပေါင်း တပ်ဖွဲ့များနှင့် KNLA တပ်ဖွဲ့တို့ ဧပြီလအတွင်း အပြင်း အထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုကာလအတွင်း ပူးပေါင်း တပ်ဖွဲ့ဘက်မှ စုစုပေါင်း အယောက် (၉ဝ)ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူ သတင်းများအရ သိရသည်။

“ကျနော်တို့ သိရသလောက်ကတော့ ဒီနေ့အထိ အယောက် ၈ဝကျော်၊ ၉ဝနီးပါးလောက်ရှိမယ်။ မနေ့ကအထိတော့ ချောင်းထဲကနေ တဖွဲ့၊ တောင်ကုန်းပေါ်က တဖွဲ့တိုက်တယ်။ DKBA က တပ်စုတစုဆိုရင် အယောက် ၂ဝမှာ ၁၁ယောက်ထိတယ်လေ။ အခုဆိုရင် သူတို့ အင်အားက (၅ဝဝ)ကျော်လောက် ရှိနေပေမဲ့ အတော်အထိနာနေပြီ။ ကျနော်တို့ဘက်ကတော့ ဖြန့်ကျဲနေပြီး အလစ်ပဲ ဝင်တိုက်နေတယ်”ဟု ကေအဲန်ယူ တပ်ရင်း (၂ဝ၁)မှ ရုံးထိုင်မှူး ဗိုလ်ကြီးစောကြည်အောင်က ပြောသည်။

နအဖ ခမရ(၂၃၁)၊ ခမရ(၅၄၉) စစ်ကြောင်း နှစ်ကြောင်းနှင့် DKBA မှ (၉ဝ၆)၊ (၉ဝ၇)၊ (၉၉၉)၊ (၃၃၃) စသည့် စစ်ကြောင်း လေးကြောင်းသည် ကေအဲန်ယူ ဝေါ်လေခီးစခန်းကို တလနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် ယခုလို ထိခိုက်သေကြေမှု များလာသည့်အပေါ် ပြန်လည်ဆုတ်ခွာလိုကြ သော်လည်း နောက်တန်းမှ ညွှန်ကြားနေသည့် ဒီကေဘီအေ(၉ဝ၆)တပ်ရင်းမှူး ဗိုလ်မှူးနှုတ်ခမ်းမွှေး၏ ခွင့်ပြုချက်ကို မရရှိသေးဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၈)ရက်နေ့က နအဖနှင့် ဒီကေဘီအေတပ်များသည် KNLA ၏ ဝေါ်လေခီး စခန်း အနီးတဝိုက်ကို သိမ်းဆည်း လိုက်ပြီး လက်ရှိအချိန်တွင် တိုက်ပွဲမှာ ငြိမ်သက်နေသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင် DKBA တပ်မဟာ(၉၉၉)မှ အင်အား ၂ဝကျော် ကနဲလေးရွာ အနီးတွင် ထပ်မံ ရောက်ရှိလာသည်ဟု သိရသည်။

ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံခဲ့သည့် ဧပြီလ (၆) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် နယ်စပ် တိုက်ပွဲတွင် ဒီကေဘီအေနှင့် နအဖဘက်မှ (၉ဝ)ဦးခန့်၊ KNLA ဘက်မှ (၄)ဦး၊ ထိုင်းစစ်တပ်မှ (၂)ဦးနှင့် ထိုင်းရွာသား (၂)ဦးတို့ ထိခိုက်မှု များရှိခဲ့ပြီး ထိုင်းရွာသားများ၏ အိမ်ခြေ (၃)လုံး မီးလောင် ပျက်စီးသွားခဲ့သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts